♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 2, 2015

" အသည်းကွဲလာရင် မမှုနှင့် ရုန်းကန်လှုပ်ရှားဘို့ လိုတယ်..တယောက်သွား ဆယ်ယောက် လာလိမ့်မယ်"

"အသည်းကွဲ အထူးကု" 
ကောင်းကင်မှာ သက်တန့်ကြီးတစ်ခုကို မြင်ဖူးပါသလား ။

မိုးရွာပြီးစ ရှင်းသန့်ပြာလွင်သော ကောင်းကင်မှာ သက်တန့်ကြီးက လေးကိုင်းသဏ္ဍာန် ကွေးညွတ်နေသည် ။

အုံ့မှိုင်းသော တိမ်ထု ၊ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုက စိတ်ကိုထုံထိုင်းလေးလံစေခဲ့သမျှ … ၊
သက်တန့်ကြီး၏ သင်္ကေတကတော့ ရာသီဥတုသာယာကြည်လင်ခြင်းကို ဖော်ညွှန်းသည် ။

သူ၏ စုံလင်ရွှန်းလက်သော အရောင်အသွေးတွေက ဘ၀၏ ချိုလွင်သာယာသော အပိုင်းအစတွေလို … ။
“ဘ၀” မှာ သက်တန့်ကြီးကို မြင်တွေ့ ကြည်နူးခွင့်ရသော အခိုက်အတန့်တွေက ရှားပါးလှပါသည် ။

လူသားတိုင်း “ဘ၀” ဟူသော လမ်းမရှည်ကြီးပေါ်မှာ ပစ်ချခံလိုက်ရချိန်မှစ၍ှ အရင်ဦးဆုံး မဖြစ်မနေ သင်ယူခဲ့ရတာက ကိုယ့်ဘာသာကိုယ် လမ်းလျှောက်တတ်ဖို့ ဖြစ်သည်။

ဘ၀လမ်းမှာ တွက်ချက်ရမည့်ပုစ္ဆာတွေ စီတန်းပြီး စောင့်ကြိုနေခဲ့သည် ။

သက္ကရာဇ်တွေကို အချိန်ရေစီးကတိုက်စားပြီး .. “ ဘ၀ ” ဆိုတာ တဖြည်းဖြည်းတော့ ရင့်မှည့်လာရစမြဲ။

ငယ်ဘ၀ စာသင်ခန်းထဲမှာ ပုစ္ဆာတွေတွက်ချက်ရင်း … အချိန်တန်တော့ လက်တွေ့ဘ၀မှာ ပုစ္ဆာတွေ လက်တွေ့ဖြေရှင်းရပြီ။

ပုစ္ဆာတွေချတွက်ရင်း ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ဒီလမ်းမထက်မှာပဲ နှလုံးသားတွေခိုနားဖို့ အသည်းပုံကဲန်တင်းက စောင့်ကြိုလို့ … ။

ရင်ခုန်သံစာမျက်နှာတွေနဲ့ အချစ်အကြောင်းတွေ ဘ၀စာအုပ်ထဲ လက်ရေးလှလှနဲ့ ချရေးကြပြန်တယ်။

ပျော်ရွှင်ကြည်နူးမှု တဒင်္ဂနဲ့ ဘယ်လိုမှဖမ်းဆုပ်မရတဲ့ သက်တန့်ကြီးဟာ ကိုယ့်ရဲ့ကမ္ဘာမှာ ခဏနဲ့ ပျောက်ကွယ်သွားခဲ့တဲ့အခါ … အသည်းကွဲပုစ္ဆာဆိုတာ ကိုယ့်မျက်စိရှေ့မှောက် မခေါ်ဘဲ
ရောက်လာခဲ့တယ် ။

အသည်းကွဲပုစ္ဆာကို ဘယ်လိုဖြေရှင်းကြမလဲ … ။

တစ်ချိန်လုံးငိုယိုပြီး အသည်းပုံကဲန်တင်းမှာပဲ ဘ၀အဆုံးသတ်ရတော့မလား ။

စိတ်မပါလက်မပါနဲ့ ဘ၀လမ်းမပေါ်ထွက်ပြီး အသည်းကွဲသီချင်းတစ်ပုဒ်နဲ့ ခရီးဆက်ကြမလား ။

မိုးရွာတိုင်း လွမ်းတယ် ။ နှင်းကျတိုင်း လွမ်းတယ်။

နေရောင်ခပ်ပြင်းပြင်းအောက်မှာရော … လွမ်းဖို့သတိရရဲ့လား။

“ ဘ၀ ” ဆိုတာ အမြဲပြောင်းလဲနေတဲ့ ရာသီဥတုလိုပဲ ။

“အနိမ့် အမြင့် ၊ အတက် အကျ” နဲ့  “ တိုက်ပွဲ ” ဆိုတာ ရောက်လာခဲ့ရင် “ အလွမ်း၊ အဆွေး ” ဆိုတာ အလိုလိုခေါင်းထဲက ထုတ်ပစ်ထားခဲ့ရတဲ့ အရာပါ။

ဒီနေ့ သင် အသည်းကွဲနေတယ်ဆိုပါစို့ ။

နှလုံးသားတွေ အက်ကွဲပြီး ဘ၀ဆိုတာ ဘယ်လိုမှ မနေပျော်တော့ဘူး ။

ဒါပေမယ့် သင့်မှာလည်း စာမေးပွဲရှိနေတယ် ။ စာမေးပွဲအကျခံပြီး မနေပျော်တဲ့ဘ၀မှာ ထိုင်ငိုနေတော့မလား။

ဒါဆို သင်နှစ်ခါရှုံးရတာပါပဲ ။

သင်ဟာ သင့်ချစ်သူရဲ့ မျက်နှာကိုပဲ အချိန်တိုင်းလိုက်ဖတ်ပြီး .. သူပျော်ရင် လိုက်ပျော်၊ သူငိုရင် ဘေးနားမှာ တူတူထိုင်ပြီး အားပေး၊ သူ့အရေးကိစ္စတိုင်းဟာ သင့်ကိစ္စ ။

 ဒီလိုနဲ့ သင်ဟာ သူနဲ့အတူ တစ်သားတည်း ၀င်ခံစားပေးနေခဲ့တယ် ။ ဒါဟာ သူ့ကို သင် ချစ်လို့ပါ။
ဒါဆို သင်ဟာ သင့်ကိုယ် သင်ရော မချစ်တတ်ခဲ့သူများလား ။

လုံးဝမဟုတ်ပါဘူး ။ သင်ဟာ သင့်ကိုယ်သင် အချစ်မြတ်နိုးဆုံးဖြစ်ပါတယ်။ သင့်ချစ်သူကိုလည်း သင်နဲ့ထပ်တူ သင်ဟာ ချစ်မြတ်နိုးခဲ့တာပေါ့ ။

အသည်းနှလုံးဆိုတာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါ။

ဦးနှောက်ကတော့ ဘ၀ကို ထိန်းကျောင်းတဲ့ ရီမုတ်ကွန်ထရိုးကြီးပါပဲ ။

ဦးနှောက်ရဲ့ လမ်းညွှန်ချက်ကို ကျိတ်မှိတ်နာခံခဲ့ရတဲ့အချိန်မှာ နှလုံးသားဟာ နာနာကျင်ကျင် ခုန်လှုပ်နေရပြီး ပင်ပန်းနေမှာ အသေအချာပေါ့ ။

ဒါပေမယ့် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု မဖြစ်မနေဖန်တီးပေးတတ်တဲ့ လောကကြီးမှာ .. သင်ဘာတွေကို တွေဝေနေဦးမှာလဲ ။

ထိုင်ပြီး ငိုနေမယ့်အစား တစ်ဖက်ဖက်ကို အာရုံလွှဲပစ်ရမှာဖြစ်ပါတယ်။

 ဒုံးပျံထက်တောင် မြန်နေမယ့် အိုင်တီခေတ်ကြီးထဲမှာ … အသည်းကွဲဝေဒနာနဲ့ အိပ်ရာထက်က သင့်ကို လူနာလာမေးရုံလောက်ထက်ပိုပြီး ဘယ်သူမှ ဂရုစိုက်ဖြေလျော့ပေးနိုင်မှာမဟုတ်ပါဘူး ။

အဲဒီအချိန်မှာ ကိုယ့်ဘ၀တိုးတက်အောင်မြင်ရေးအတွက် သူ့ထက်ငါ မြင့်တက်သာလွန်အောင် ရုန်းကန် လှုပ်ရှား ထိုးတက်ကြိုးစားနေကြမှာ ဖြစ်ပါတယ်။

ဒါဆို သင့် သုံးခါတောင်ရှုံးသွားပါပြီ ။ တစ်ခါအရှုံးကနေ ဆက်တိုက်ရှုံးရခြင်းဟာ ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ် ။ 

တစ်ခါတောင် ရှုံးရဲရင် ဘာကြောင့် လဲကျမှာကြောက်လို့ အနိုင်ဆီ ပြန်ထမလျှောက်ရဲရမှာလဲ ။

“ ဘ၀ ” ဆိုတာ ကိုယ်စီမံဖန်တီးသလိုပဲ ဖြစ်ရတဲ့အတွက် ဖြစ်ပျက်သမျှအရာအားလုံးဟာ ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ် ။ အရာရာတိုင်းဟာ ကိုယ်လက်ခံယူလို့ ကိုယ့်ဆီရောက်လာတာပါပဲ။

ဘေးစကား ၊ ထင်မြင်ချက် ဆိုတာ သူများတွေနဲ့သက်ဆိုင်တဲ့အရာပါ။

ကိုယ့်အပေါ် သူတို့ရဲ့ အထင်အမြင်တွေ ၊ အတွေးအခေါ်တွေ ၊ သတ်မှတ်မှုတွေ၊  စပ်စုလေကန်အတင်းချမှုတွေကို နားနှစ်ဖက်က ကြားရတိုင်း နှလုံးသားမှာ လက်ခံယူထားမှာလား ။

ကိုယ့်ယုံကြည်ချက် ၊ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ဘ၀ပုစ္ဆာကို ကိုယ်လိုချင်တဲ့အဖြေရအောင် ကိုယ့်ဘာသာကိုယ်ပဲ တွက်ယူရမယ် မဟုတ်ဘူးလား ။

ဒီနေ့ သင်ဟာ အသည်းကွဲနေတယ် ။ ဒါပေမယ့် ဒီနေ့သင်ဟာ သင့်ဘ၀မှာ အောင်မြင်တယ် ။

ဒါဟာ သင့်ရဲ့ဘ၀တန်ဖိုးပါ။ သင်ကိုယ်တိုင် သတ်မှတ်တဲ့ သင့်ရဲ့အရည်အသွေး အဆင့်အတန်းတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီအခါ သင့်ကိုဝေဖန်ခဲ့တဲ့သူတွေ ၊ ပြစ်တင်ကဲ့ရဲ့ ရှုံ့ချအထင်သေးခဲ့တဲ့သူတွေ  သင့်ရှေ့မှာ ခေါင်းငိုက်စိုက်ချ ထွက်ပြေးကြရတော့မှာပါ ။

အဲဒီအချိန် အခိုက်အတန့်မှာ ဘ၀ဆိုတာ … အင်မတန်နေပျော်ကျေနပ်စရာကောင်းတယ်ဆိုတာ လက်တွေ့သဘောပေါက်လာပါလိမ့်မယ် ။

သင်ဟာ နောက်ဆို ဘယ်တော့မှ ဘာအကြောင်းကိစ္စနဲ့မှ ထိုင်ပြီးတွေဝေနေမှာ မဟုတ်တော့ပါဘူး ။

ဘာလို့လဲဆိုတော့ လမ်းထလျှောက်ပြီး ခရီးရောက်တဲ့ အောင်မြင်မှုအရသာကို လက်တွေ့ခံစားလိုက်ရပြီကိုး ။

တကယ်တော့ အသည်းကွဲတယ် ၊ စိတ်ဓါတ်ကျတယ်ဆိုတာ တကူးတကဆေးရှာကုနေဖို့မှ မလိုအပ်တာလေ ။

ကဲ … အခုရော သင် ထိုင်ပြီး တွေဝေနေဦးမှာလား ။

သင်ကိုယ်တိုင်က သင့်ရဲ့အသည်းကွဲအထူးကုဆရာဝန်ပဲဆိုတာတော့  
မမေ့နဲ့နော် … ။ 
"လေပြည်ချမ်းချမ်း "
Credit: laypyaychanchan.blog

No comments:

Subscribe

လာလည်သူများ

free counters