♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 8, 2014

" တစ်ဆယ့်နှစ်လနှင့် သက်ဆိုင်သော စကားပုံဆိုရိုးစကားများ"





တန်ခူးလ
၁။      တန်ခိုးမည်မှတ်၊ ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး၊ တန်ခူးလတွင် ဖက်ဆွတ်စိုးမိုး သင်္ကြန်မိုး ရွာသွန်းမြဲဖြစ်သည်။
၂။      တန်ခူးရေကုန်၊ ကဆုန်ရေခန်း။ အချို့ကန်များ အိုင်များသည်
တန်ခူးလတွင် ရေနည်းစပြုလာပြီး၊ ကဆုန်လတွင် ခန်းခြောက်လေ့ရှိသည်။
၃။      တောင်လေဖြူးဖြူး လတန်ခူး။
တန်ခူးလတွင် တောင်လေတဖြူးဖြူး တိုတ်ခတ်သည်။

ကဆုန်လ
၎။      ၀ါကဆုန်၊ နှမ်းနယုန် ၀ါပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ ၀ါစိုက်ခြင်းသည် နှမ်းစိုက်ခြင်းကဲ့သို့ အချိန်ကိုလု၍
လုပ်ရသောစိုက်ပင်တစ်မျိုး ဖြစ်ရာ၊ အချိန်ရာသီမလင့်စေရန် အထူးဂရုပြုရသော အပင်မျိုးဖြစ်၏။ ထို့ကြောင့် ၀ါကဆုန်၊ နှမ်း နယုန်ဟု ရှေးဟောင်းတို့ ဆိုရိုးပြုခဲ့ကြသည်။
၅။      ကဆုန်၊ နယုန်၊ ဆွေ့ဆွေ့ခုန်၊ ကဆုန်လနှင့် နယုန်လ၌ ဆွေ့ဆွေ့ခုန်လောက်အောင် နေပူရှိန် အလွန်ပူပြင်းလှသည်။
၆။      ကဆုန်အတွင်း မြေနံသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့ မိုးသည် ကဆုန်လတွင် မြေသင်းရနံ့ ထွက်ရုံလောက် ဖွဲဖွဲရွာသည်။

နယုန်လ
၇။      နယုန်မိုးသေး၊ မြက်သားမွေး။
နယုန်လတွင် မိုးသေးမိုးဖွဲရွာကာ မြက်နုကလေးများထွက်လာသည်။

ဝါဆိုလ
၈။      နေ့ကိုလို ၀ါဆို၊ ညကိုလိုပြာသို ။       ။ ဆယ့်နှစ်လတွင် ၀ါဆိုလသည် နေ့တာအရှည်ဆုံးလဖြစ်ပြီး ပြာသိုလသည် ညတာအရှည်ဆုံးလဖြစ်သည်။
၉။      ၀ါဆိုလပြောင်း မိကျောင်းမွေးနေ့ မိုးအေးအေး ။    ။ ၀ါဆိုနှင့် ၀ါခေါင်တွင် မိုးကောင်းစွာ ရွာလေ့ရှိ၍ မြစ်ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့်နေတက်သည်။
၁၀။ ၀ါဆိုဝါခေါင်ရေဖောင်ဖောင် ။      ။ ၀ါဆိုနှင့် ၀ါခေါင်တွင် မိုးကောင်းစွာ ရွာလေ့ရှိ၍ မြစ်ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့်နေတတ်သည်။

ဝါခေါင်လ
၁၁။  ၀ါခေါင်တစ်ကြောင်း ထနောင်းကြောင်ကျစ်ဆူးရစ်ပွင့်ခါ၊ မိုးမရွာ ရွာပါသော်လည်း မိုးမသည်း။ ၀ါခေါင်လတွင် အညာဒေသ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင် ဆူးရစ်ပင်တို့ပွင့်ကြသည်. မိုးမှာမူ မရွာတက်၊ ရွာပါလျှင်လည်း မိုးမသည်းတက်။
၁၂။  ၀ါခေါင်မိုးစိပ်၊ ထွန်တုံးပိတ်၊ မိုးစိပ်စိပ်ရွာသည့် ၀ါခေါင်လတွင် လယ်သမားများ အတွက် ထွန်ယက်စိုက်ပျိုးသော လုပ်ငန်းပြီးဆုံး၍ ထွန်တုံးပိတ်ချိန်ဖြစ်သည်။

တော်သလင်းလ
၁၃။  တော်သလင်းတိမ်ညို၊ စားဖိုသည် ဆင်းရဲ၊ မိုးမစဲ ။ ။တော်သလင်းလမှာ မိုးရွာအားကြီးခြင်းကြောင့် ထမင်းဟင်းချက်ရသူတို့ ဒုက္ခရောက်သည်။
၁၄။  တော်သလင်းနေ ပုဇွန်သေ ။       ။ တော်သလင်းလသည် မိုးကာလပင်ဖြစ်သော်လည်း နေပူချိန်မှာမူ ပုဇွန်သေလောက်အောင် ပူပြင်းလှသည်။
၁၅။  တော်သလင်းမိုး ကန်သင်းကျိုး ။    ။ တော်သလင်းလတွင် ရွာသောမိုးသည် လယ်ကန်သင်းများကျိုးအောင် သဲသဲမဲမဲရွာတတ်သည်။
၁၆။  တော်သလင်းမြစ်တွင် သင်ဖြူးခင်း ။         ။ တော်သလင်းလတွင် လှိုင်းလေ ငြိမ်သက်သေဖြင့် သင်ဖြူးခင်ဘိသကဲ့သို့ ပြန့်ပြန့်ဖြူးဖြူးရှိသည်။
၁၇။  တော်သလင်းလူပျင်းကွမ်းစိုက် ။   ။ တော်သလင်းလသည် ကွမ်းစိုက်ရန် အသင့်တော်ဆုံးဖြစ်၍ လူပျင်းစိုက်လျှင်ပင် ဖြစ်ထွန်းတက်သည်။

သီတင်းကျွတ်လ
၁၈။  သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး ။      ။ သီတင်းကျွတ်လတွင်
မိုးသည်းသင်ပုတ်ပလ္လင်သန့်စင်သွားလောက်အောင်ရွာသည်။

တန်ဆောင်မုန်းလ
၁၉။  တန်ဆောင်မုန်းလတွင် ဆီနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ။                    တန်ဆောင်မုန်းလတွင် ဆီးနှင်းကျလိုက် မိုးရွာလိုက်ဖြစ်တတ်သည်။
၂၀။  တန်ဆောင်မုန်းမိုး ကန်ကျိုးအောင်ရွာ ။        ။ (အညာရပ်၌) တန်ဆောင်မုန်းလတွင် မိုးသည်ကန်များကျိုးပေါက်လောက်အောင် သဲသဲမဲမဲရွာတတ်သည်။
၂၁။  တန်ဆောင်မုန်းမိုး ကျွဲအိုးနွားအိုသေ ။                  ။ (အညာရပ်၌) တန်ဆောင်မုန်းလတွင် မိုးရက်ဆက်ရွာသွန်းပါက ကျွဲအိုနွားအိုများသေကြသည်။
၂၂။  တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ အိပ်ရာ ။  ။တန်ဆောင်မုန်းတွင် တစ်ခါတစ်ရံ မိုးသက်မုန်တိုင်းကျတတ်သဖြင့် သောင်ကတုံး၌ လှေရပ်နားဆိုက်ကပ်မည်ဆိုပါက အတွင်းကျသော၊ အကာအကွယ်ကောင်းသောနေရာ၌ ဆိုက်ကပ်ရပ်နား အိပ်စက်ရာသည်။
၂၃။  ရတုသာတုန်း၊ တန်ဆောင်မုန်း ။      ။ တန်ဆောင်မုန်းလသည် ရာသီဥတုသာယာသောလဖြစ်သည်။

နတ်တော်လ
၂၄။  နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် ။            ။နတ်တော်လသို့ရောက်လျှင်ဆင်ခြေရာ ပျောက်ရုံရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်။
၂၅။  နတ်တော်ရောက်ငြား မိုသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောင်ချီ မုန့်စားလှီး ။  ။ နတ်တော်လ အခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့် အဖျားအနာများ၍ နတ်များသော်မှ ဆီကြော်မုန့်များ အစားဓားလှီးမုန့်နှင့် တင်ရသည်ဆိုလိုသည်။
၂၆။  သဇင်ပွင့်ပေါ် လနတ်တော် ။  ။ နတ်တော်လတွင် သဇင်ပန်းများပွင့်ကြသည်။

ပြာသိုလ
၂၇။  ပြာသိုချမ်းပြင်း၊ ဆီနှင်းရောယှက်၊ နှမ်းပုံဖျက် ။                အလွန်ချမ်းအေးလှသည့် ပြာသိုလတွင် ဆီးနှင်းနှင့်ရောထွေး ရွာသွန်းတတ်သည့်မိုးသည် စုပုံထားသော နှမ်းများကို ပျက်စီးစေတတ်သည်။ (ပြာသိုအတွင်း၊ မိုးညင်းညင်း၊ ဆီးနှင်းရောယှက်နှမ်းထောင်ပျက်)
၂၈။  ပြာသိုတစ်ချက် တလင်းဖျက် ။            ။ ပြာသိုလ၌ ရွာသောမိုးသည် တလင်း၌ထားသောစပါးများ၊ သီးနှံများကို ပျက်စီးစေသည်။
၂၉။  ပြာသိုလမိုက်ကဏန်းတိုက် ။ ။ ပြာသိုလတွင် လဆုတ်လကွယ်ရက်များ၌ ကဏန်းအထွက်များ သဖြင့် ကဏန်းရှာသူတို့ ကဏန်းအရများသည်။

တပို့တွဲလ

၃၀။  တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း ။                        ။ တပို့တွဲလတွင် ပိုးကြွင်းမိုးကျန် ကလေးများရွာ တတ်သည်။
၃၁။  တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်းနှင်း ။                     ပေါက်ပွင့်၊ လက်ပံပွင့်များ ပွင့်သည့်တပို့တွဲလတွင် ထန်းသမားတို့သည် ထန်းရည်နင်းကြသည်။

တပေါင်းလ
၃၂။  တပေါင်း၊ တန်ခူး၊ မိုးသားကျူး ။     ။ တပေါင်းလတွင်နှင့် တန်ခူးလတို့တွင် ကောင်းကင်ယံ၌ မိုးသားတိမ်တိုက်များဖြစ်ပေါ်လာသည်။
၃၃။  တပေါင်း၊ တန်ခူး၊ လေရှူးခေတ် ။       ။ တပေါင်း၊ တန်ခူးလများတွင် လေရှူးများဖြစ်ပေါ် တိုက်ခတ်သည်။
၃၄။  တပေါင်းလည်းကူး၊ မိုးသားကျူး ။      ။ တပေါင်းလတွင် ကောင်းကင်တစ်ခိုဝယ် မိုးသားတိမ် တိုက်များ  ဖြစ်ထွန်း ပေါ်ပေါက်လာသည်။
၃၅။  တပေါင်းသာခေါင်လများနောင်။             ။ တစ်ဆယ့်နှစ်လရာသီတွင် တပေါင်းလသည် အသာယာဆုံး ဖြစ်သည်။
၃၆။  နေ့ပူ လို့ ညချမ်း၊ တပေါင်းသရမ်း ။              ။ တပေါင်းသည် နေ့အခါ အလွန်ပူ၍ ညအခါ အလွန်အေးသော အခါသမယဖြစ်သည်။

Reference          ဗိုလ်ကြီးလှရွှေ (ငြိမ်း) မိုးသောက်ကြယ် အထွေထွေဗဟုသုတ စာအုပ်မှ ကောက်နုတ်။

No comments:

Subscribe

လာလည်သူများ

free counters