♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 13, 2015

" အညာလ္ဘက်ခြောက် ရွှေကူသန်ရွက် "


အညာလ္ဘက်ခြောက် ရွှေကူသန်ရွက်
အညာဒေသမှာ ပေါက်ရောက်တဲ့ အပင်လေးများ အကြောင်း ရေးရင်းနဲ့ ကျွန်တော်တို့ အညာမှာ လူသိများတဲ့ အပင်တပင်ကို သတိရမိပြန်တယ်။ ပုပ္ပားတောင် အနီးတ၀ိုက်က လူအတော်များများ တော့သိကြမယ် ထင်ပါတယ်။ စာအုပ်တွေမှာတော့ “လောက်သေပင်” လို့ခေါ်ကြောင်း တွေ့ရတယ်။ ကျွန်တော်တို့ဆီမှာတော့ ရွှေကူသန်ရွက် လို့ ခေါ်ပါတယ်။ အခေါ်အဝေါ် အသုံးအနှုန်းကတော့ ဒေသလိုက်ပြီး ကွဲပြားတော့ မတူနိုင်ဘူးပေါ့။ အခုပြောတဲ့ လောက်သေ(ခေါ်) ရွှေကူသန်ရွက် ဆိုတာက ကျွန်တော်တို့ အညာက ကျေးရွာအတော်များများမှာ ယနေ့တိုင် လ္ဘက်ခြောက် အဖြစ်နဲ့ အသုံးပြုနေပါတယ်။ ရှေးကတည်းက ရွာက အဖိုးအဖွားတွေ သုံးလာခဲ့ကြ တာပါ။ အခုနောက်ပိုင်းတော့ ရှမ်းပြည်နယ်နဲ့ တောင်ပေါ်ဒေသ ထွက် လ္ဘက်ခြောက်တွေ ပေါ်လာတော့ တောရွာတွေမှာလည်း ရွှေကူသန် အစား လဖက်ပင်က ရတဲ့ လ္ဘက်ခြောက်ကို ရောနှော သုံးစွဲလာကြတယ်။

သဘာဝကထွက်တဲ့ အပင်ဆိုတော့ လူကို အကျိုးပြုတာချည်းပါပဲလေ။ လ္ဘက်လည်း သူ့ကောင်းကျိုးနဲ့ သူရှိသလို ရွှေကူသန်မှာလည်း သူ့ကောင်းကျိုးတွေရှိပါတယ်။ တခုရှိတာက ကျွန်တော်တို့ဆီက ရွှေကူသန်ရွက်က စီးပွားရေးအမြင်နဲ့ ကြည့်ရင်တော့ သုံးစွဲသူအတွက် ငွေကုန်ကြေးကျ သက်သာတယ်ဗျ။ သက်သာဆို ပေးစရာကို မလိုတာပါ။ သူပေါ်တဲ့ ရာသီကိုတော့ သိထားရမှာပေါ့နော်။ အပင်ကတော့ ချုံပင်အမျိုးအစား ထဲကပါပဲ။ မြေကြီးကနေ အပေါ်ကို တစ်တောင် နှစ်တောင် အမြင့်ရှိတယ်။ ချုံဆိုပေမဲ့ အကြီးစား လူဝင်ပုန်းလို့ ရလောက်တဲ့ ချုံမဟုတ်ရပါဘူး။ တစ်ပင်ကို လေးငါးခက်လောက် ကိုင်းခွဲထွက်ပြီးတော့ ပေါက်တတ်တယ်။ ပေါက်ရောက်တဲ့ မြေကြီးပေါ်မှာ မူတည်ပြီးတော့ အမြင့်ကတော့ ကွာတာပေါ့။ ကျွန်တော်တို့ ဆီမှာ ရွှေကူသန်ရွက်ပင်ကို တောင်ရိုးပေါ်မှာ အများဆုံးတွေ့ရတယ်။ မိုးရာသီမှာပဲ ပေါက်ရောက်ပြီး နွေပေါက်ခါနီးရင်တော့ အရွှက်တွေ ကြွေပါတယ်။ မှိုကောက်တဲ့ အကြောင်းရေးတုန်းက ထည့်ရေးဖို့ သတိရပါရဲ့ သူ့အကြောင်းလေး သပ်သပ်ရေးချင်လို့ ချန်ထားခဲ့တာပါ။

တောင်ရိုးပေါ်မှာ မှိုတွေပေါက်တဲ့ အချိန်ဆိုရင် သူလည်း အရွက်တွေဖြိုင်ဖြိုင် ထွက်ပြီပေါ့။  မှိုကောက်ရင်းနဲ့ ရွှေကူသန်ရွက်ပါ ခူးလို့ရတယ်။ လ္ဘက်ခြောက် အဖြစ်သုံးဖို့က အရွက်တွေ နဲနဲ ရင့်လာမှ ခူးကြတယ်။ အရွက်နုကိုသုံးလည်း ကောင်းတာပါပဲ။ နွေပေါက်ခါနီးရင် တောင်ရိုးပေါ်တက်ပြီး ရွှေကူသန်ရွက်ကို တစ်နှစ်စာအတွက် ခူးထားကြတယ်။ သိမ်းဆည်းပုံလေးကလည်း ကြည့်အုံးဗျ။ အပင်ကနေ ရွှေကူသန်ရွက်ကို ကိုင်းလိုက်ချိုးပြီးတော့ လက်တဆုပ်စာလောက် အစည်းလေးတွေ စည်းပြီး နေရိပ်မှာဖြစ်ဖြစ် နေပူမှာ ဖြစ်ဖြစ် အခြောက်ခံထား ခြောက်သွေ့သွားတော့မှ အိတ်ထဲထည့်ပြီး သိမ်းထားယုံပဲ။ တချို့ကတော့ အရွက်တွေ ခြောက်သွားရင် ချွေပြီး ရေအိုးအဟောင်း ထဲထည့်ပြီးသိမ်းတယ်။ အစည်းလိုက်လေး ထားတာက ပိုပြီးတော့ နေရာကျတယ်ဗျ။ စည်းရာမှာလည်း လျှော်ရှည်ရှည်နဲ့ အောက်ခြေကစပြီးတော့ ရစ်ပတ်ပြီး စည်းထားလိုက်တာ။ ခူးပြီးရောင်းတဲ့သူတွေကတော့ စည်းတာပိုပြီး သပ်ရပ်တယ်။ သူတို့စည်းထားတာလေး တွေက ပိုပြီးကြည့်လိုလှ ပါတယ်။ ၀ယ်သူအကြိုက်ပေါ့။ မြို့ကလူတွေ ကျန်းမာရေးအတွက် ဆေးအဖြစ် ၀ယ်သောက်ကြပါတယ်။

လောက်သေပင်(ခေါ်) ရွှေကူသန်ရွက်
သူ့အရသာက လဘက်လိုတော့ မဖန်ဘူး။ အရသာက သောက်ရင် အချိုဓာတ်လေး နဲနဲရတယ်။ သိသိသာသာ မဟုတ်ပါဘူး။ အရောင်ကတော့ လ္ဘက်ခြောက်ကို ရေနွေးကျိုလို့ ရတဲ့အရောင်အတိုင်းပဲ။ ဖန်ခွက်နဲ့ထည့်ပြီး နှစ်မျိုး ယှဉ်ထားရင် အရောင် ကြည့်ပြီးခွဲဖို့ ခက်တယ်။ အဖတ်တော့ မထည့်ရဘူးပေါ့ဗျာ။ အရည်ကိုပဲ ပြောတာ။ သောက်ကြည့်ရင်တော့ လွယ်လွယ်ကူကူ သိပါတယ်။ သောက်လို့အင်မတန် ကောင်းတယ်။ ကျွန်တော်တို့ အဖိုးအဖွားတွေဆို အဲ့ဒီအရွက်ပဲ သုံးကြတာ။ လ္ဘက်ခြောက်ကိုတော့ ဧည့်သည်လာမှ သုံးတယ်။ သူတို့ကတော့ ရွှေကူသန်ရွက် သောက်တာက ဆီးနဲ့ပတ်သက်တဲ့ ရောဂါမဖြစ်ဘူးတဲ့ဗျ။ အဖွားရဲ့ မီးဖိုချောင်မှာဆိုရင် ရွှေကူသန်ရွက် အစည်းလေးက အမြဲတမ်းရှိတယ်။ ရေနွေတည်တဲ့ အိုးကလည်း မြေအိုးဗျ။ ရေနွေပွက်ခါနီးရင် ရွှေကူသန်ရွက် အစည်းလေးက သုံးလေးရွက်လောက် ချွေပြီးတော့ ထည့်ထားလိုက်တာပဲ။ ပွက်တော့ ရေနွေးခရား အိုးထဲကို အရည်ငှဲ့ထည့်။ သောက်လို့ ကောင်းသလား မမေးပါနဲ့။ သဘာဝက ပေးတဲ့အရာတွေ ဆိုတော့ ဘာအကူမှ မပါဘူး။ ဒါကြောင့်လည်း တောကလူတွေမှာ ရောဂါထူး ရောဂါဆန်းဆိုတာ ဖြစ်ခဲတာပေါ့ဗျာ။ တောသားဖြစ်ရတာလည်း တစ်မျိုးကောင်းပြန် သဗျ ပေါ့နော်။ ကျောင်းတက်တုန်းက ကျွန်တော့်အသိ စစ်ဗိုလ်ကတော် တစ်ယောက်ဆိုရင် အဲ့ဒီအရွက်ကို အသည်းအသန် ရှာတာ။ နောက်တော့ ကျွန်တော် ရွာကနေ ခူးလာပေးလိုက်ပါတယ်။ သူ့ရောဂါက လေးဘက်နာရောဂါတဲ့။ ပင်နီဆလင် အမြဲတမ်းထိုး နေရတာက ဖြစ်စကတည်းက ပေမဲ့ လုံးဝ အမြစ်ပြတ် အောင်မပျောက်ဘူးတဲ့။ သုံးဖူးတဲ့သူ တစ်ယောက်က ညွှန်လို့ ဆိုပြီးပြောတာပဲ။ သူကတော့ ရွှေကူသန်ရွက်ကို ရသွားလို့ ၀မ်းသာနေရှာတယ်။ သဘာဝမှာပေါက်တဲ့ အပင်လေးတွေကလည်း တန်ဖိုးမရှိပေမဲ့ သူ့နေရာနဲ့ သူတော့ အသုံးတည့်တယ်နော်။ စာဆိုတောင် ရှိသေးမဟုတ်လား "နွယ်မြက်သစ်ပင် ဆေးဘက်ဝင်" ဆိုတာလေ။ ဒါလေးတွေက ကျွန်တော်သိသမျှ လေးပါ။ တခြားအသုံးဝင်ပုံလေးတွေလည်း ရှိပါလိမ့်အုံးမည်။ ကျွန်တော်တို့ဆီမှာတော့ ဒေသထွက် လ္ဘက်ခြောက် အဖြစ် သုံးစွဲပါတယ်။ အညာကိုလာလည် ဖို့ဖိတ်ခေါ်ပါတယ်။ ရွှေကူသန်ရွက်ရေနွေးနဲ့ ပဲကြီးလှော်သုပ်ပြီး ဧည့်ခံမယ်ဗျာ။

ဒီပို့စ်လေး ဖတ်မိလို့ အနည်းငယ်မျှ ဗဟုသုတ ရတယ်ဆိုရင် ကျွန်တော် ရေးရကျိုးနပ်ပါတယ်။ နောက်ထပ် အညာက အကြောင်းလေးတွေ ထပ်ရေးပါအုံးမယ်။ လာလည်ကြပါအုံး…. ရွှေကူသန်ရွက်ရေနွေးနဲ့ ပဲကြီးလှော်သုပ်စားရင်း အညာအကြောင်းတွေ အများကြီးပြောပြမယ်လေ….

ဒီအပင်ရဲ့တခြားအသုံးဝင်ပုံလေးများ သိသေးရင် ပြန်ပြီးမျှဝေခဲ့ပါအုံးနော်… ကျေးဇူးအထူးတင်ပါတယ်…
 မျိုးခန့်(စကားဝါမြေ)
  
 
 
 
 
 
 

No comments:

Subscribe

လာလည်သူများ

free counters