♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 21, 2015

” သားရယ် အဘွားကို သေဆေး ထိုးပေးပါ”




ဒေါက်တာပွ ဆေးခန်းလေးသို့ တစ်နေ့ အသက် ၈၀ ခန့် အဘွားအိုတစ်ဦး တုန်တုန်ချိချိ ရောက်လာလေသည်။ သူပြောသော စကားက

” သားရယ် အဘွားကို သေဆေး ထိုးပေးပါ”

” အမငီး မလုပ်ပါနဲ့ အဘွားရယ် ကျွန်တော်မှုခင်းမျက်နှာဖုံးမှာ ပါနေပါအုံးမယ် ပြီးတော့ ကျွန်တော် ငါးပိထောင်း မကြိုက်လို့ပါဗျာ ရေလည်း စကေးနဲ့ မချိုး တတ်လို့ပါ အဘွားရယ် သနားပါ”

တကယ်တော့ ထိုအဘွားပြောနေသည်မှာ အကြောင်းရှိသည်။ ယောက်ျားလည်းဆုံး သားသမီးနှစ်ယောက်ရှိပါရဲ့။ တစ်ယောက်က နိုင်ငံခြားကို အောက်လမ်းက သွားလိုက်တာ
ငါးနှစ်ကျော်။ သတင်း အစ အနလည်းမရ။ ထောက်ပံ့ဖို့ ဆိုတာ ဝေလာဝေး။ နောက်သမီးတစ်ယောက် ကတော့ အိမ်ထောင်ကျပြီး ထုံးစံအတိုင်း သားသမီးတွေနဲ့ ရုန်းကန်နေရသူမို့ မထောက်ပံ့နိုင်။ ပိုဆိုးသည်က တစ်နှစ်တစ်ခါပင်လာမကြည့်။ နေတာက အဝေးကြီးလားဆိုတော့ သာကေတမှာတဲ့။ မြောက်ဥက္ကလာ နှင့် သာကေတ ဆိုတာ လာချင်ရင် နီးနီးလေး။ အဘွားအို မှာ အိမ်တွင် တစ်ဦးတည်း နေ၍ ၀မ်းရေးအတွက် ကိုးမိုင်နှင့် ဆယ်မိုင် ကြားက ခရေပင်အောက်မှ ခရေပွင့်များကို လိုက်ကောက်ကာ သီ၍ ရောင်းစားရသည်ဆိုပဲ။ ကျန်းမာရေးကလဲ အသက်ကြီးသူတို့ ထုံးစံ မာမာချာချာမရှိ။ တရှောင်ရှောင်ပင်။ ကြာတော့ Depression ၀င်လာသည်။ သူများမိသားစုတွေ သားသမီးမြေးမြစ်တွေနဲ့ ပျော်ရွှင်နေတာ မြင်လျှင် သူ့ခမျာ စိတ်မကောင်း။ ဒီတော့ ဒီလောကမှာ ကြာကြာ မနေလိုတော့။တစ်နေ့ တစ်နေ့ စကားပြောဖော်လဲမရှိ။ ဂရုစိုက်မည့်သူလဲမရှိ။ နောက်ဆုံး ကြံရာမရ ဖြစ်ကာ သူ့အိမ်နားမှ ဒေါက်တာပွ ဆေးခန်းလေးသို့ ရောက်ရှိလာကာ သေဆေးထိုးခိုင်းနေခြင်းပင်။ ဒေါက်တာပွ လည်း အစကတော့ မသိ။ နောက်မှ ဘေးဆိုင်မှ လူများက ပြောပြမှ သိရခြင်းပင်။ နောက်နေ့ တွင်လည်း ထပ်လာကာ ထုံးစံ အတိုင်း သေဆေးထိုးခိုင်းပြန်သည်။ သူ့လက်ထဲတွင် ခရေပွင့်ကောက်လာသည့် ဇကာကုံးလေးနှင့်။ ဒေါက်တာပွ တော်တော် စိတ်မကောင်းမိပေ။

” အဘွားရယ် အဖန် ငါးရာ ငါးကမ္ဘာပါဗျာ မကြံစည်သင့်တာကို မကြံစည်ပါနဲ့ နောက်ကို အဘွားကျန်းမာရေးနဲ့ ပတ်သက်ရင် ကျွန်တော့်ဆီ အမြဲလာ ကျွန်တော် အလကားကုပေးမယ် နောက်ပြီး အဘွားပျင်းရင် ကျွန်တော့်ဆီလာ ကျွန်တော်နဲ့ စကားပြောမယ်လေ ကျွန်တော်လည်း ပျင်းနေတာနဲ့အတော်ပဲ”

ဆိုတော့ အဘွားအို မျက်နှာ ရုတ်တရက် ၀င်းပသွားသည်ဟု ထင်မိသည်။ ဆယ်မိုင်နားအထိ ဘယ်လို ပန်းသွားကောက်လဲဆိုတော့ အိမ်နားက ကောင်လေးက သူအားရှု အားသလို လေဆိပ်နားအထိ စက်ဘီးနှင့်လိုက်ပို့ပေးသည်။ မအားလျှင်တော့ ဖြေးဖြေးချင်းလမ်းလျှောက်သွားသည်ဟုဆိုသည်။ ဈေးမှာ ခရေပန်းရောင်းတော့ အသက်ကြီးသူမို့ ၀ယ်ကြသည်။ သို့နှင့်နောက်နေ့များတွင်တော့ နှစ်ရက်ခြားတစ်ခါ သုံးရ့်ခြားတစ်ခါ ဒေါက်တာပွ ဆေးခန်းသို့ ထိုအဘွားအို ရောက်ရောက်လာသည်။ သေဆေး မထိုးခိုင်းတော့။ ဒေါက်တာပွလည်း လူနာလာလျှင် အဘွားအိုအား ဘေးတွင်ထိုင်ခိုင်းထားသည်။ လူနာပြတ်လျှင် စကားပြောကြပြန်သည်။ အဓိက က သူက အပြောသမား။ ဒေါက်တာပွမှ နားထောင်ရုံသာ။ သူ့ဆွေစဉ်မျိုးဆက် အကုန်ပါသည်။ သည်လိုနှင့် အချိန် တဖြေးဖြေးကုန်လာလိုက်တာ ဒေါက်တာပွ နယ်ပြောင်းရန် ဖြစ်လာသည်။ သွားခါနီး နှုတ်ပင်မဆက်လိုက်ရပေ။ နေပဲ မကောင်း၍လား သားသမီးတွေရောက်နေ၍ လား မသိ။ တစ်ပတ်လောက်ပေါ်မလာပေ။ သို့နှင့် ဒေါက်တာပွလည်း နယ်ရောက်သွားသည်။ သည့်နောက် မိန်းမယူရန် ပြန်အလာ ထိုဆေးခန်းဟောင်းလေးသို့ဝင်၍ ဖိတ်စာ ၀င်ပေးသည်။ အိမ်ရှင် ဖြစ်သူက

” ဆရာ့ စကားပြောဖော်ကြီးတော့ အခြေအနေ မကောင်းဘူးဆရာရေ နေ့လားညလားပဲ”

” ဗျာ ဘယ်လိုဖြစ်တာပါလိမ့်”

” ခရေပန်း သွားကောက်တာလေ မူးလဲတာ အဲ့က ကားသမားတွေကတွေ့လို့ဆေးရုံပို့လိုက်တယ် အဲ့ကနေစလို့ တရှောင်ရှောင် ဖြစ်သွားတာပဲ”

” အဲဗျ သူ့အိမ် ဘယ်နားမှာလဲ ကျွန်တော်လိုက်သွားလို့ရမလား”

သို့နှင့် သူ့အိမ်သို့ရောက်သွားလေလျှင် အိမ်ယိုင်တိယိုင်တိုင်လေးပေါ်မှ အဘွားအိုအား စိတ်မချမ်းသာစဖွယ်တွေ့လိုက်ရသည်။ ဒေါသထွက်စရာကောင်းတာက အနားမှာရှိနေတာက ဘေးအိမ်မှ သားအမိဟု သိရ၍ပင်။ သူ့သားသမီးတွေ ဘယ်မှာ သွားသေနေကြလည်းမသိ။ အတော်ဒေါသထွက်ဖို့ကောင်းသည်။

” အဘွား ကျွန်တော် ဆရာဝန်လေ မှတ်မိလား”

ဆိုတော့ အားယူ၍ စကားတစ်ခွန်းအား မပီတပြင် ပြော၇ှာလေသည်။

” သား အဘွားကို သေဆေး ထိုးပေးဖို့မလိုတော့ဘူးနော်”

” ဗျာ”

ဒေါက်တာပွ ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ မျက်ရည်တို့ရုတ်တရက်ဝေ့တက်လာသည်ကို မနဲထိန်းလိုက်ရသည်။ ဆေးရုံတင်ရန်ပြောသော်လည်း အတင်မခံတော့။ မကြာပါ။ ထိုအဘွားအို ဆုံးသွားရှာသည်။ သူနေချင်သော မိသားစု သိုက်သိုက်ဝန်းဝန်း ဘ၀လေးကိုနေခွင့်မရသွားရှာခဲ့။ သြော် ဒီလောကမှာ ဒီလို အဖေအို အမေအိုတွေ ဘယ်လောက်တောင်များနေပြီလဲ။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Myanmarlatestnews

No comments:

Subscribe

လာလည်သူများ

free counters