♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 18, 2015

" ဥာဏ်စမ်း ပုစ္ဆာဆိုသည်မှာ သိချင်ရင်ဖတ်ပါ"



ရှေးလူကြီးများ တော်တော်ပညာပြချင်တတ်သည်။နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာရှိတဲ့အခါ တိုက်ရိုက်တည့်တည့်ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိစကားထာတွေနဲ့
ဦးနှောက်စားအောင် လုပ်တတ်သည်။

သိုက်စာ၊ အတိတ်၊တဘောင်တွေ ဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်။ အဲ့ဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း
ကျောက်ဂူတွေ့မယ်။ ဒီလို မဟုတ်ဘဲ အဓိပ္ပါယ် ဖော်ရခက်အောင် ကွယ်ဝှက်ပြီးရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာ ရေးနေသေးလဲ၊
ရှေးဘာဖြစ်မယ်ဆိုတာ ဟောကိန်းထုတ်ချင်ရင်လည်း တည့်တည့်ပြောပါလား။
ဘာဖြစ်လို့ တဘောင်တေ၊ွ စနည်းတွေ လုပ်နေရတာလဲ။

အဂ္ဂိရတ်မှလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ၊ ညီမျှခြင်းတွေနဲ့ တိတိကျကျ
မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင်လုပ်တတ်သည်။

ဆေးညွှန်းပေးတာတောင် စကားထာဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ `ငါးပိလက်လေးသစ်´ တဲ့။
ဘယ်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့နေနေသာသာ ပါးစပ်ထဲတောင်ထည့်ဖို့မလွယ်။

အမှန်က ပါဝင်သော ဆေးအမယ်များမှ ပထမစာလုံးများဖြင့် အတိုကောက်မှတ်ထားခြင်းဖြစ်၏။ င= ငရုတ်ကောင်း၊ ပိ= ပိတ်ချင်း၊ လက်= လက်ချား၊ လေး=လေးညှင်း၊ သစ်= သစ်ကြံပိုးခေါက် တို့ဖြစ်သည်။
ဒီနေရာမှာ အဓိပ္ပါယ် အကောက်လွဲသွားနိုင်သည်။ `င´ ကို ငရုတ်သီး၊ `လက်´ ကို လက်ထုတ်ကြီး၊ `သစ်´ ကို သစ်ဆိမ့်သီး ဆိုပြီး မှားထင်မိလျှင် ဘယ်လိုလုပ်မလဲ။

ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေလိမ်မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင်လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင်ရှိသေးတယ်လေ။
သူဌေးကြီးသေဆုံးတော့ သူ့သားကို မှာခဲ့တာက...........
.........................ခေါင်းတစ်ရာသား စားပါ။
.........................အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။
.........................ခေါင်းသုံးလုံးနဲ့ပညာရှိကို ဆည်းကပ်ပါ။
.........................ဒီတော့ ...........သားလုပ်တဲ့ သူက ကြက်၊ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီးခေါင်းဖြတ်စားသည်။
ငွေတွေ သောက်သောက်လဲလဲ ကုန်သည်။

အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ဘယ်သူမှ လာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။

နောက်ဆုံး ခေါင်းသုံးလုံးနဲ့ ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ်အိုမင်းလွန်သဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းကဒူးနှစ်လုံးထဲရောက်နေသော
အဖိုးအိုတစ်ယောက်ကို တွေ့ရ၏ ။ ရုတ်တရက် ကြည့်လိုက်လျှင် ဦးခေါင်းသုံးလုံးဟု ထင်ရ၏။ ထိုအဖိုးအိုကို မေးကြည့်တော့မှ သူအဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။

`ခေါင်းတစ်ရာသားကို စားပါ´ ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲတွေကို စားခိုင်းခြင်းနှင့် ` အိမ်နောက်ဖေးဈေးဆိုင်တည်´ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်းဖြစ်လေ၏။

စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန် ငွေကုန် လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့လေသည်။

တကယ်တော့ ခုလိုရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူအဖေသည် သူ့ခေတ်သူအခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာသောလည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။

သူအဖေဆုံးခါနီးတွင် သူ့ကိုစာအိတ်တစ်အိတ်ပေးသွားခဲ့သည်။ အထဲမှာစာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေရေးထားသည်။ ရှေးလူကြီးမပီသမှာ
စိုးလို့လားမသိ ပဟေဠိဆန်ဆန် ရေးထားသည်။

ပထမလမ်းညွှန်ချက်က

`နို့ အလုံးတစ်ရာကို စို့ပါ´
တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်းတော့ မဟုတ်တာ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်လို့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။
ဒါဖြင့် ဘာအဓိပ္ပါယ်လဲ။ ဘာကိုဆိုလိုတာလဲ။

သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲရှိတယ်။ ဒါတောင် ချည်းကပ်နည်းမမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီးချက်ထားသော နို့ဆီကိုများ ပြောတာလား၊မဖြစ်နိုင်။
ဟိုအရင်ကတည်းက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပါ၊ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။

စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေက များလိုက်တာ၊ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏၊ .... မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ ၊ဒီတော့မှ ဥာဏ်အလင်းရသွားသည်။

သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်မှာ ပရိုတင်းတွေ လိုင်စင်းတွေပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။

ဒုတိယအချက်ကတော့

`အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ´

သူအိမ်နောက်က ကွက်လက်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူဝင်ငွေကလည်း
ဘဏ်မှာအပ်ပြီး စုဆောင်းထားရအောင်ပိုလျှံနေတာမဟုတ်၊ ၀င်ငွေနဲ့စားသောက်စရိတ်မျှတရုံလောက်ပဲ ...........စုဆောင်းစရာဆိုလို့ အဲ.. ဟုတ်ပြီ ...စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်...
အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေး ကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်သည်။

တတိယအချက်မှာ

`ငရဲပြည်နှင့် ဆက်သွယ်ပါ´
ငရဲပြည်ဆိုတာ လူကိုယ်တိုင်သြွးဖို့ကလွဲပြီး ဆက်သွယ်နိုင်သည့် တခြားနည်းလမ်းမရှိ တယ်လီဖုန်းဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ ၊မေလိးတွေပို့လို့ရတာလည်းမဟုတ်၊ တစ်နည်းပဲရှိသည်။
မြေကြီးကိုဖောက်ပြီး အ၀ီစိရောက်အောင်တူးဖို့။

ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစီတွင်းတစ်တွင်းတူးလိုက်သည်။ သူတို့ရပ်ကွက်မှာ ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏ ။
ကဲ….နောက်တစ်ခု

`ခြေထောက်အရောင်းအ၀ယ်ပြုလုပ်ပါ´
ဒါဟာ ၀က်ခြေထောက်စွပ်ပြုပ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။
ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့်ရောက်လာသည်။ လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း သူက ပြောသည်။
`ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး´
`ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ၊ ဒီကားကလည်း ဈေးချောင်လို့ဆွဲထားတာ၊၀ယ်ရောင်းလုပ်တာမဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ် ၊
ခြေထောက်လည်းရတာပေါ့´
`ဘာ..ခြေထောက် ဟုတ်လား´
`အေးလေ….. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ခေါ်တယ်၊မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ´
`အင်း….ဟုတ်တယ်၊ ငါ သဘောပေါက်ပြီ´
သူသည် အောက်ကားလေးတစ်စင်းကိုစ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြန်ငွေ နည်းနည်းပါးပါရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့် ရှာဝယ်ပြီး
တတ်ဈေးမှာပြန်ရောင်းရင်းး စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။

`ကျင်ငယ်ရည်ထုတ်လုပ်သည့် စက်တည်ပါ´

အဖေကတော့ အတော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပါယ်တော့ဖော်လို့မရ ၊ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာ ရိပ်မိသည်။ ဘာလဲဆိုတော့ စဉ်းစားရခက်နေသည်။
ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင်လမ်းထွက်လျောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့်ယမကာသမားကြီးတစ်ယောက်နှင့်တွေ့သည်။
“ဘယ်သွားမလို့လလဲကွ”
ဟုမေးသဖြင့် သူက
“ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင်သွားထိုင်ရကောင်းမလားလို့၊လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက
“တော်ပါပြီကွာ ၊ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်”
သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာဒါပဲကိုး”
သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။
နောက်ဆုံးအချက်ကတော့
“ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ”
ဘယ်လိုလဲ။ပညာရှိပါမှ ဦးနှောက်မပါလို့ ဖြစ်မလား။သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။
လူမပြောနဲ့ တစ်ချို့တိရစ္ဆာန်တွေတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ဦးနှောက်ကို ပိုင်ဆိုင်လို့ရခဲ့တာပဲ မဟုတ်လား။
ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်းစီးခဲ့တာ မဟုတ်လား
ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။
တရားတာရော မတရားတာရော ကြံစည်စိတ်ကူးမိကြသည်။ ထို့ကြောင့်ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟုဆိုလိုချင်တာလား။
မဖြစ်နိုင်၊ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာမဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။
ပဟေဠိရဲ့အဖြေကိုရဖို့တောင် ဦးနှောက်ကိုသုံးပြီး စဉ်းစာနေရတာပဲလေ.။
ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိမဖြစ်နိုင်တော့။ သက်မဲ့ပဲဖြစ်ရမည်။သက်မဲ့အရာဝတ္တုတစ်ခုက ပညာရှိဖြစ်နိုင်သလား၊
သက်မဲ့အရာဝတ္တုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား၊ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံ သိရှိနားလည်ရမည်။ ဒါဆိုလျှင်..........
သူဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင်ဖြစ်လေ၏ ။
Credit : nyaalinkarr.blog

No comments:

Subscribe

လာလည်သူများ

free counters