♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 11, 2016

" မီးဖိုချောင်ထဲမှာ အသုံးဝင်လှတဲ့ သဘာဝနည်းလမ်းများ "

 
အိမ်သုံးစရိတ်တွေကို အပိုမကုန်သင့်တာ မကုန်ရအောင် ထိန်းသိမ်းစီမံရာမှာ မီးဖိုချောင်ကုန်ကျစ ရိတ်ထိန်းသိမ်းခြင်းကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မိသားစုဝင်တွေ နေ့စဉ် မြိန်ယှက်စွာစားသောက်ဖို့၊ ဧည့်သည်ကို အရသာရှိရှိစားချင့်စဖွယ်ဧည့်ခံကျွေးမွေးဖို့ အတွက်လည်း အရေးအကြီးဆုံးနေရာဟာ မီးဖိုခန်းပဲဖြစ်ပါတယ်။ ဒီတော့ အစားအသောက်တွေ သန့ှ်ရှင်းလှပပြီး စားချင့်စဖွယ်ဖြစ်တဲ့အပြင် အလဟဿလွှင့်ပစ်ရတာမျိုးလည်းမဖြစ်စေဖို့ အသုံးဝင်တဲ့ လွယ်ကူရိုးရှင်းနည်းလမ်းလေး (၈) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) သီးနှံတွေ အမြန်မှည့်နည်း

စိမ်းဝါရောင်ဖြစ်နေတဲ့ ငှက်ပျောဖီး၊ သစ်တော်သီး စတာတွေကို မြန်မြန်မှည့်စေချင်ရင်တော့ စက္ကူအိတ်ထဲ ထည့်ထားလိုက်ပါ။ စက္ကူအိတ်ထဲထည့်ထားခြင်းဖြင့် မှည့်စေတဲ့ဓါတ် Ethylene ဓါတ်ကို တိုးပွားစေတာကြောင့် ဖြစ်ပါတယ်။

(၂) မပုပ်မသိုးအောင် ကာကွယ်နည်း

ခရမ်းချဉ်သီးတွေကို မြန်မြန်မပုပ်အောင် ကာကွယ်ဖို့ အညှာတွေကို အကုန်ဖြုတ်လိုက်ပါ။ အညှာရဲ့ ခြောက်နေတဲ့အပိုင်းကနေ လေ၀င်ပြီး စွတ်စိုစေကာ ပုပ်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ ငရုတ်သီးတွေကိုလည်း ထိုးနည်းအတိုင်းပဲ လုပ်ရပါမယ်။ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးတွေကို ရေခဲသေတ္တာ ထဲမထည့်ပဲ အပြင်မှာထားခြင်းဟာ ပိုပြီးတာရှည်ခံစေပါတယ်။

(၃) ငှက်ပျောသီးကို အမှည့်မလွန်အောင်လုပ်နည်း

မှည့်ပြီးသား ငှက်ပျောဖီးရဲ့ အစွန်းကို ပလတ်စတစ်နဲ့ အုပ်ထားခြင်းဖြင့် အမှည့်မလွန်သွားအောင် ရက်အတော်ကြာ
ကာကွယ်ထားနိုင်ပါတယ်။ နောက်တမျိုးကတော့ ငှက်ပျောသီးတွေကို တစ်လုံး ချင်းခွဲထားခြင်းပဲဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသီးအနှံတွေကို မြန်မြန်မှည့်စေတဲ့ Ethylene ဓါတ်ကို များများမထွက်အောင် ကာကွယ်ပေးနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

(၄) အာလူးတွေကို ဖြူဖြူလေးဖြစ်အောင်လုပ်နည်း

အာလူးကို အခွံခွာလိုက်ရင်ပဲဖြစ်ဖြစ် လှီးလိုက်ရင်ပဲဖြစ်ဖြစ် ညိုမည်းသွားတာ လူတိုင်းကြုံဖူးကြ မှာပါ။ ဒီတော့ အာလူးကို နဂိုအတိုင်းဖြူအောင်ထားဖို့ အခွံခွာပြီးတာနဲ့ ရေအေးထဲမှာ စိမ်ထား လိုက်ခြင်းဖြင့် အောက်ဆီဂျင်နဲ့ထိတွေ့မှုမရှိတော့ပဲ ညိုမည်းခြင်းလည်း မရှိတော့မှာဖြစ်ပါတယ်။

(၅) အသီးတွေကို ခွဲပြီးနောက် မညိုမည်းသွားအောင် ထိန်းနည်း

ပန်းသီး၊ သစ်တော်သီးကို အစိပ်လေးတွေဖြစ်အောင်ခွဲပြီးတဲ့အခါ သံပုရာသီး အနည်းငယ်ညှစ်ပေးလိုက်ခြင်းဟာ ညိုမည်းသွားခြင်းမှ ကာကွယ်ပေးပြီး စားချင့်စဖွယ်လည်းဖြစ်စေပါတယ်။ သံပုရာသီးကို မသုံးချင်ရင်တော့ ပျားရည်တစ်ဆ ရေနှစ်ဆရောပြီး ပန်းသီးစိပ်တွေကို နှစ်ပေးခြင်းကလည်း မညိုမည်းအောင် ကာကွယ် ပေးနိုင်ပါတယ်။

(၆) သကြားကို ခဲမသွားအောင် လုပ်နည်း

သကြားဗူးထဲက သကြားတွေဟာ မိုးရာသီကာလတွေမှာ သတိမထားမိခင်မှာပဲ ခဲသွားတတ်ကြ ပါတယ်။ လိမ္မော်ခွံလေးနည်းနည်းကို သကြားဗူးထဲထည့်ကာ လေလုံအောင်ပိတ်ထားပါက သကြားများခဲသွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ခဲနေတဲ့သကြားကို မြန်မြန်ကောင်းစေချင် ရင်တော့ မိုက်ခရိုဝေ့မီးဖိုထဲမှာ သကြားကိုခွက်လေးနဲ့ထည့်ပြီး ရေဖန်ခွက်တစ်ခုနဲ့ ယှဉ်ပြီးထည့်ပါ။ ဖန်ခွက်ထဲကရေက အငွေ့ပျံပြီး သကြားကို ပြန်လည်နူးညံ့သွားစေမှာဖြစ်ပါတယ်။

(၇) စားလက်စမကုန်သေးတာတွေကို သိမ်းနည်း

အသီးအနှံတွေ၊ စားလက်စမကုန်သေးတဲ့ပန်းကန်တွေကို ပလတ်စတစ်နဲ့ အုပ်တဲ့အခါ အခက်အခဲတွေ့နေရင်တော့ ရေချိုးတဲ့အခါ ခေါင်းမှာအုပ်တဲ့ ပလတ်စတစ်ခေါင်းအုပ်( shower cap) ကို သုံးစွဲနိုင်ပါတယ်။ အသစ်စက်စက် ပလတ်စတစ်ခေါင်းအုပ်ကို ပန်းကန်တွေ၊ အသီးအနှံ ပေါ်လုံခြုံစွာအုပ်ထားခြင်းဖြင့် သန့်ရှင်းမှုကို စိတ်ချရစေမှာဖြစ်ပါတယ်။ ဒီပလတ်စတစ်ခေါင်း အုပ်တွေဟာ ပြန်လည်အသုံးပြုလို့လည်းရပြီး ဖုံးအုပ်ရတာ ပြန်ဖြုတ်ရတာ ပိုလည်းလွယ်ကူပါတယ်။

(၈) ကြက်ဥကို ကောင်းမကောင်းခွဲခြားနည်း

ကြက်ဥ၊ ဘဲဥ စတာတွေကို ပုပ်နေမှန်း မကောင်းတော့မှန်းမသိပဲ ခွဲမိရင်တော့ အရမ်းကို နံစော် သွားနိုင်ပါတယ်။ ဒါကြောင့် မခွဲခင်၊ မပြုတ်ခင်မှာ ကောင်းမကောင်းသိဖို့အရေးကြီးပါတယ်။ ဇလုံထဲကို ရေထည့်ပြီး ကြက်ဥထည့်ကြည့်တဲ့အခါ အောက်ခြေထိ မြုပ်သွားရင် ကောင်းတဲ့ကြက်ဥ ပါ။ ပေါလောပေါ်နေရင်တော့ ရက်တော်တော်ကြာတဲ့ဥဖြစ်နေပါပြီ။ ကြက်ဥထဲက အရည်တွေဟာ အကာကတဆင့် အငွေ့ပျံတတ်တဲ့အတွက် ကြက်ဥထဲလေခိုသွားစေပြီး ရေထဲပေါလော ပေါ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရေထဲပေါ်နေတဲ့ကြက်ဥက သိပ်မလတ်ဆတ်တာ သိရှိနိုင်ပါတယ်။

အထက်ပါ အချက်လေးတွေဟာ လွယ်ကူရိုးရှင်းပြီး လူသိများပေမဲ့ မသိသေးသူတွေအတွက်ရော၊ မေ့လျော့နေသူတွေအတွက်ပါ ပြန်လည်သတိတရလုပ်ဆောင်ကြည့်ပြီး လွယ်လွယ်လေးနဲ့ အဆင်ပြေလွန်းလှတဲ့နည်းတွေနဲ့ မီးဖိုချောင်အလှအပကို ထိန်းသိမ်းစီမံကြပါစို့လားရှင်။

Yangon life
Credit : http://www.searchmyanmar.com/link/comment/cid/53418/domain/yangonlife.com.mm

No comments:

Subscribe

လာလည်သူများ

free counters