♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 1, 2014

" ကျွန်မဘဝ ပရ အတွေ့အကြုံ "(ကြောက်တတ်ရင် မဖတ်ပါနှင့်) "

မှတ်မှတ်ရရ ၁၉၉၀ ကျော်ကာလ သြဂုတ်လရဲ့ နေ့လည်ခင်း တခုမှာပေါ့။ကျမ ကျောင်းက ပြန်လာပြီး အိမ်ထဲဝင်တော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်သလို ခံစားရတယ်။

အ၀တ်လဲဖို့ ကိုယ့်အခန်းကို အသွား တီဗီကြည့်တဲ့ ဟောခန်းကို ဖြတ်တော့ တီဗီရှေ့က
သစ်သားကွပ်ပျစ် ကလေးပေါ်မှာ မတင်ဌေး ဆိုတဲ့ အိမ်အကူကောင်မလေး နေမကောင်းလို့ လှဲနေတာ တွေ့တယ်။ သူ့ဘေး နားမှာတော့ ဗေဒင်ဆရာမ ယောင်ယောင် ဘာယောင်ယောင် မဟာဘုတ်တောင် မထူတတ်တဲ့ အမျိုးသမီး တယောက် ရှိနေတယ်။ နာမည်က မဝေတဲ့။ သူက ဘာရယ်မဟုတ်ဘူး အိမ်ကိုလာလာပြီး လူကြီးတွေနဲ့ စကားစမြည်ပြော ထမင်းစား ကော်ဖီသောက် လမ်းစရိတ်တောင်းပြီး ပြန်နေကျ။
မဝေက မတင်ဌေးကို ပြုစုနေတာလား ဘာလား မသိပါဘူး။ ခေါင်းကို ယပ်ခတ်လိုက် ခြေထောက်ကို နှိပ်လိုက် ရှူဆေးတွေ သွေးဆေးတွေ ရှူခိုင်းလိုက်နဲ့ ပြာယာခတ်နေတာပဲ။ မတင်ဌေးက တော်ရုံ နေမ ကောင်းဖြစ်ခဲတော့ ကျမလဲ နည်းနည်းအံ့သြတာနဲ့ အ၀တ်အစားလဲပြီး သူတို့အနား သွားထိုင်ကြည့်ဖြစ် တယ်။ မတင်ဌေးက မျက်စိမှိတ်ထားပြီး တအင်းအင်း ညည်းနေတယ်။ သွားကြီးစေ့ အံကြိတ်ပြီး ခေါင်းတွေလဲ ခါခါယမ်းယမ်းနဲ့။ ကိုယ်ခန္ဓာကလည်း မငြိမ်ဘူး ရုန်းကန် လှုပ်ရှားနေတယ်။ မဝေကလဲ ခြေမချိုးလိုက် ပေါင်တွင်းကြောကို တက်နင်းလိုက် လုပ်နေတယ်။ ကြည့်နေရင်းနဲ့ မတင်ဌေးခြေသလုံးမှာ အညိုအမည်းတွေ ထင်လာသလိုပဲ။ ဒါနဲ့ မဝေပဲ တအားနင်းလို့ များလားလို့ မဝေကို ရပ်ခိုင်းလိုက်တယ်။ လှုပ်ရှားရုန်းကန်နေတဲ့ မတင်ဌေးက တချက်တချက် ငြိမ်သွားပေမဲ့ တချက်တချက်တော့ မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အသံကလဲ ခပ်အစ်အစ်နဲ့ လည်ပင်းမှာ တခုခုဆို့နေသလိုပဲ။
အမေရောက်လာတော့ မတင်ဌေးကို ဆေးခန်းပို့ပေးဖို့ စီစဉ်တယ်။ ဆေးခန်းနဲ့ အိမ်နဲ့က ၂ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပေမဲ့ သူ့ကြည့်ရတာ အားအင်ကုန်ခမ်း ချိနဲ့နေသလိုမို့ ဆိုက်ကားခေါ်ထားတယ်။ ခြံထဲမ၀င်ဘဲ ခြံပြင်မှာပဲ စောင့်နေတဲ့ ဆိုက်ကားဆီ မတင်ဌေးကို အိမ်ထဲကနေ လူနှစ်ယောက်လောက် တွဲပြီး ပို့ရတယ်။ ဆိုက်ကားဆီလဲ ရောက်ရော သူက မစီးဘူးတဲ့။ ကျမ လမ်းလျှောက်နိုင်တယ်ဆိုပြီး လျှောက်သွားပါလေရော။ ဆေးခန်းမှာထိုင်စောင့်တော့လဲ အကောင်းပဲ၊ အလှည့်ကျတော့ ဆရာဝန်မလေး က သွေးပေါင်ချိန်တာတို့ ဘာတို့လုပ် ဟိုစမ်း ဒီစမ်း စမ်းပြီး … ဘာမှမဖြစ်ပါဘူး၊ ကောင်းသားပဲ လို့ပြောပြီး ခေါင်းမူးနေတယ်ဆိုတာနဲ့ စိတ်ကျေနပ်အောင် အားဆေးတလုံး ထိုးပေးလိုက်တယ်။ ဆရာဝန်မလေးက အမေ့ကိုတော့ ခပ်တိုးတိုးကပ်ပြောလိုက်သေးတယ်။ ဒီကောင်မလေး အလုပ်မလုပ်ချင်လို့ မူယာမာယာ များနေတာ နေမှာပါ … ဆိုပဲ။
နောက်တော့ အိမ်ပြန်ရောက်လာရော … အိမ်ထဲရောက်တာနဲ့ သူက ချိနဲ့သလို ပြန်ပြီး ခွေကျသွားပြန် တယ်။ ဟဲ့ ဟဲ့ ဖြစ်ပြန်ပြီဆိုပြီး ဆေးခန်းထပ်ပို့ပြန်တယ်။ ဟိုရောက်ရင် အကောင်း … အိမ်ထဲရောက်ရင် လူမမာ … ဆိုတော့ စိတ်ထဲ သိပ်မသင်္ကာကြတော့ဘူး။ ခုနက မဝေကလဲ ပြောသွားသေးတယ် … ဒါ သွေးရိုးသားရိုး မဟုတ်ဘူး … အမှောင့်ပယောဂ … တဲ့။ မဝေကို သိပ်မယုံကြပေမဲ့ ဟုတ်လေမလားလို့ ဇဝေါ ဇ၀ါ ဖြစ်ကုန်ကြပါတယ်။ ဒါနဲ့ သူတချက်တချက် မညည်းမညူဘဲ စိတ်ကောင်းဝင်နေတုန်းမှာ နင် ဘာတွေ လုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲ … တခုခုမှားခဲ့သလား … လို့ မေးတော့ … သူက ပြောပြတယ်။နေ့လည်က ခြံနောက်ဘက်မှာ ဘူးစင်ထိုးဖို့ ခြံရှင်းသတဲ့။ အရင်တုန်းကတော့ ခြံကို ၀ါးရုံပင်တွေနဲ့ စည်းရိုးခတ်ထားတာပဲ။ 
၈၈ အရေးအခင်း မတိုင်ခင်လေးမှာ အဘိုးရဲ့ အမိန့်အရ ၀ါးခြံစည်းရိုးကို ဖယ်ပြီး တခြံလုံးကို အုတ်တံတိုင်း ကာလိုက်တယ်။ ဒါပေမဲ့ တချို့ဝါးပင်တွေက အုတ်တံတိုင်း အတွင်းဘက်မှာ ကျန်နေခဲ့တယ်။ အဲဒီဝါးပင် တွေက အုံလိုက်ကလေး လေးငါး ဆယ်ပင် တစုတဝေး ပေါက်နေတော့ အောက်ခြေက တောင်ပို့ကလေးလို ဖြစ်နေတာပေါ့။ ခြံရှင်းနေတုန်း ၀ါးရုံ တောင်ပို့နားက မြွေတကောင် ထွက်လာလို့ သူက လက်ထဲက ပေါက်တူးနဲ့ လှမ်းရိုက်လိုက်သတဲ့။ ဒါပေမဲ့ မြွေက ဘယ်ရောက်သွားမှန်း မသိဘဲ လိပ်ပြာလေးတကောင်ပဲ တွေ့ရတော့တယ် တဲ့။ သူကလဲ စိတ်ကြီးတယ်၊ မြွေကို မတွေ့တော့ တွေ့တဲ့လိပ်ပြာကိုပဲ မဲပြီး စိတ်တိုတိုနဲ့ လှမ်းအရိုက်မှာ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ချော်လဲကျသွားတယ်တဲ့။ အဲဒီနောက်မှာတော့ ခုလို ဖြစ်သွား တော့တာပဲ။
သူ့စကားကြားတော့ အားလုံး သဘောပေါက်သွားတယ်။ ဒါဆိုရင် တခုခု ပူးနေတာ သေချာပြီပေါ့။ သူဖြစ်ပုံ ကလဲ တမျိုးပဲ။ တချက်တချက်ကောင်းနေတယ်၊ တချက်တချက်တော့ နာလွန်းလို့ အော်ဟစ် ညည်းညူနေ ရရှာတယ်။ ဘာပဲဖြစ်ဖြစ် ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ … ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ တဖြည်းဖြည်းနဲ့ ညနေ စောင်းပြီး အပုပ်ချိန်ရောက်လာပြီ၊ အိမ်သားတွေလဲ လန့်နေကြပြီ ဆိုတော့ ဘုန်းကြီးပင့်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ရင် ကောင်းမယ်ဆိုပြီး အိမ်နားက ဘုန်းကြီးကျောင်းက ရင်းနှီးတဲ့ ဘုန်းကြီးတပါးကို အကျိုးအကြောင်းပြောပြီး သွားပင့်ကြတယ်။ ဘုန်းကြီးက ပထမတော့ အင်တင်တင်ရယ်၊ ဒါမျိုးက အာပတ် သင့်သလားတော့ မသိပါဘူး။ ဒါပေမဲ့ ကိုယ့်ဒကာ ဒကာမတွေရဲ့ အရေးဆိုတော့ ဘုန်းကြီးလဲ မနေသာဘဲ ကြွလာပေးပါတယ်။
ဘုန်းကြီးက အခြေအနေကို အကဲခတ်ပြီး နားလည်သွားပုံရပါတယ်၊ ပါလာတဲ့ ဆေးပြင်းလိပ်ကြီး မီးညှိဖွာပြီး အင်းပြားပေါ်တင်ပြီး သူ့ကိုကပ်ပေးတယ်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတာပဲ။ ဘုန်းကြီးလဲ တော်တော်ကြာကြာ ဖွာလိုက် ကပ်လိုက် လုပ်ပေးပြီး မောသွားတယ်။ အင်း … သိပ်တော့မလွယ်ဘူး … နည်းနည်းကြီးတယ်လို့ မသိမသာ မိန့်တယ်။ နောက်တော့ မေတ္တာပို့ ပရိတ်တွေဘာတွေ ရွတ်ပေးပြီး ပြန်ကြွသွားတယ်။
ဘုန်းကြီးလုပ်ပေးပေမဲ့ သိပ်တော့မထူးခြားဘူး။ ပြန်သွားတော့လဲ အရင်အတိုင်းပဲ။ မျက်ထောင့်နီကြီးနဲ့ ကြည့်လိုက်၊ တအင်းအင်း ညည်းလိုက်နဲ့။ ကြည့်ရင်းကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ အညိုအမည်းတွေ ပိုများများလာတယ်။ လည်ပင်းမှာပါ အညိုအမည်းတွေ ဖြစ်ပြီး အသံက သိပ်မထွက်တော့ဘူး။ နာတယ် နာတယ်လို့ အော်သံရယ် … တင်းပုတ်နဲ့ ၀ိုင်းရိုက်နေကြတယ် …. ဆိုပြီး မပီမသ ပြောသံရယ်တော့ ကြားလိုက် ရသေးတယ်။
ဒါနဲ့ပဲ မဖြစ်ချေဘူး၊ နောက်ထပ် ဘုန်းကြီးတပါးကို ပင့်အုံးမှ ဆိုပြီး ခြောက်ထပ်ကြီးက ရှမ်းဘုန်းဘုန်း (ယခု ပျံလွန်တော်မူပြီး) ကို ပင့်ပြန်ပါတယ်။ ရှမ်းဘုန်းဘုန်းက နားသိပ်မကြားဘူး။ အင်းတွေဘာတွေ လုပ်တယ်။ မမြင်ရတဲ့လောကနဲ့ စကားတွေဘာတွေ ပြောပြီး အဆက်အသွယ်လဲ ရှိတယ်လို့ ကြားဖူးတယ်။ ရှမ်းဘုန်းဘုန်းရောက်လာပြီး ဓားပုံစံ ကျွဲချိုကလေးနဲ့ ခပ်ဆတ်ဆတ် ခုတ်ရင်း ပါးစပ်ကလဲ တခုခုရွတ်ပေး နေတယ်။ ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်း ခြေထောက်ကနေ ထွက်သွားသလိုပဲ … နည်းနည်းငြိမ်သလို ရှိသွားတော့ ဘုန်းဘုန်းလဲ ပရိတ်ကြိုးလေး လည်ပင်းမှာချည်ပေးပြီး ပြန်ကြွသွားပါတယ်။
ကျမလဲ တခါမှ ဒါမျိုးမကြုံဖူးတော့ အရမ်းအံ့သြပြီး သူ့အနားက မခွါဘဲ ဖြစ်ပျက်သမျှတွေ တချိန်လုံး စောင့်ကြည့် နေခဲ့တယ်။ (မှတ်မှတ်ရရ အဲဒီအချိန်က စာမေးပွဲနီးနေပြီ၊ ဒါပေမဲ့ စာမဖတ်ဘဲနဲ့ စပ်စုနေခဲ့တာ။) ရှမ်းဘုန်းဘုန်း ပရိတ်ကြိုးချည်ပေးလို့ နည်းနည်းငြိမ်သွားတော့ အိမ်သားတွေလဲ အသီးသီး ကိုယ့်အခန်းကိုယ် ၀င်သွားကြပြီ၊ ကျမကတော့ သူလှဲနေတဲ့ ကွပ်ပျစ်ကလေးမှာ ၀င်ထိုင်ပြီး သူ့ခေါင်းရင်း ကနေ ကမ္မ၀ါ၊ ပရိတ်ကြီး ၁၁-သုတ်၊ ပဋ္ဌာန်း ရှိသမျှ ဘုရားစာတွေ အခေါက်ခေါက် ထိုင်ရွတ်ပေးနေခဲ့တယ်။ အထူးသဖြင့် ကမ္မ၀ါကို များများရွတ်ပါတယ်။ ကမ္မ၀ါရွတ်ရင် မကောင်းဆိုးဝါးတွေ မလာဘူး၊ ပြေးတယ်လို့ သိထားတာကိုး။
ကျမ ကမ္မ၀ါရွတ်ပြီဟေ့ဆိုရင် သူက မျက်လုံးဖွင့်ကြည့်ပြီး လည်ချောင်းအစ်သံကြီးနဲ့ မရွတ်နဲ့ … နားညည်း တယ် … လို့ပြောတယ်။ ဘယ်ရမလဲ ကျမလဲ ဆက်ရွတ်တာပါပဲ၊ ပိုတောင် အသံပြင်းပြင်းနဲ့ ဆောင့်ဆောင့် ရွတ်လိုက်သေးတယ်။ နောက်တော့ သူက တဆင့်တက်လာပြီး ကျမကို ခိုင်းတယ်။ လည်ပင်းက ပရိတ်ကြိုး ဖြုတ်ပေးပါ … တဲ့။ ဒီလောက်တော့ ကျမက လည်ပါတယ်၊ ဘယ်ဖြုတ်ပေးလိမ့်မလဲ။ ဒါပေမဲ့ သူကလဲ ပိုတော့အလည်သား … ကျမကို လာညှိတယ်၊ ပရိတ်ကြိုးဖြုတ်ပေးရင် ထွက်မယ်ဆိုပဲ။ တကယ်လား ဆိုတော့ … အင်း …. တဲ့။ ကျမလဲ ဖြုတ်ပေးရ ကောင်းနိုးနိုး စဉ်းစားနေမိသေးတယ်။ ဖြုတ်တော့ မဖြုတ်ဖြစ် လိုက်ဘူး။
ခဏနေတော့ ဒင်းက ကြမ်းလာပြန်တယ်။ အနားမှာထောင်ထားတဲ့ သင်ဖြူးဖျာလိပ်ကို ပြေးပြီးကန်တယ်။ အပွေးကုန်နေတဲ့ သနပ်ခါးတုံး၀၀ကြီးကို ပစ်ပေါက်တယ်။ အဲဒီဖျာလိပ်မှာ ကပ်နေကြတာ …. လို့လဲ လက်ညှိုးကြီးထိုးပြီး ပြောတယ်။ ကျမတို့မှာ ဖျာလိပ်ကြီး အိမ်နောက်ဖေးပို့ထားရတယ်။ ကြောက်လို့။ အကောင် တွေ အများကြီး ပြောင်ပြနေကြတယ်လို့လဲ ဆိုတယ်။ သွားသွား ဆိုပြီး အော်ပြီး ပြေးကန်လိုက် ဟိုဟာနဲ့ ပေါက် ဒီဟာနဲ့ပေါက် လုပ်လိုက်မို့ ကျမတို့မှာ တီဗီထိမှာစိုးလို့ လိုက်ဆွဲနေရသေးတယ်။ အဲလိုတွေ ဖြစ်ပြန်တော့ မထွက်သေးဘူးဆိုတာ သေချာသလောက်ပဲပေါ့။ ဒီလိုသာဆို ဘာမှန်းမသိတဲ့ အကောင် တွေနဲ့ တညလုံး တအိမ်ထဲ အတူနေရမလို ဖြစ်နေတာနဲ့ နောက်ထပ်ဘုန်းကြီးတပါး ထပ်ပင့်ကြရပြန်တယ်။ အဲဒီဘုန်းကြီးကတော့ ကျမကို ပုံပြောပြလေ့ရှိတဲ့ ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းက ဆရာတော်ပါ။ (သံဃာအရေးအခင်းမှာ အဖမ်းခံရပြီး နောက်ပိုင်း သိပ်မကြာခင်မှာ ပျံလွန်တော်မူသွားပါပြီ။) ဆရာတော်ကို သွားပင့်တော့ ကိုယ်တိုင် လိုက်မလာပါဘူး။ ကျမအမကြီးကို တပည့်အဖြစ် လက်ဝါးချင်းရိုက် သတ်မှတ်ပြီး ရုပ်ပုံထွင်းထားတဲ့ ခပ်ညိုညို အတုံးလေးတခု ပေးလိုက်တယ်။ အဲဒါလေးနဲ့ခေါက်ပြီး ဘယ်လိုဘယ်လိုပြော ဆိုပြီး သင်ပေးလိုက်ပါတယ်။
ညကလည်း တဖြည်းဖြည်း နက်လာပြီ။ အမကြီးလည်း ဆရာတော်သင်ပေးသလို ကြိုးစားလုပ်တာပါပဲ။ ဒါပေမဲ့ ဘာမှမထူးခြားဘူး။ မတတ်သာတဲ့အဆုံး ဆရာတော်ကို ပြန်သွားလျှောက်ပြီး ကိုယ်တိုင်လိုက်ခဲ့ဖို့ တောင်းပန်ကြပါတယ်။ နောက်ဆုံးတော့ ဆရာတော်လည်း အိမ်သားတွေကို သနားတာနဲ့ လိုက်လာ ခဲ့တယ်။
ဆရာတော် အိမ်ရောက်လာတော့ မတင်ဌေးကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ဆရာတော်နဲ့ မတင်ဌေး အမေး အဖြေ လုပ်ကြပါတယ်။ မတင်ဌေးရဲ့ အသံက ပျက်သလောက် ဖြစ်နေပြီ၊ သေချာမဖြေနိုင်တော့ဘူး။ များသော အားဖြင့် လက်ဟန်ခြေဟန်နဲ့သာ ဖြေတယ်။ စကားပြောဖြေတဲ့အခါ ကျမက သူ့ပါးစပ်နားကို ကပ်နားထောင်ပြီး ဆရာတော်ကို ပြန်ပြောပြရတယ်။ ကြားထဲက translator ဆိုပါတော့။ ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေလုပ်တဲ့အတိုင်း ပြန်ရေးပြပါမယ်။
“မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲ”
“… … …” (မြွေပါးပြင်းထောင်သလို လက်ကိုလုပ်ပြီး နဖူးမှာအမောက်လို ကပ်ပြတယ်။)
“မင်းတို့ ဘာဖြစ်လို့ ဒီကလေးမလေးကို နှောက်ယှက်ရတာတုန်း”
“ငါတို့ ခေါင်းဆောင်ကို xxx ” (နောက်ကစကားကို သေချာမကြားရဘူး။)
“ဘာလုပ်လို့လဲ”
“သူလုပ်တာ xxx” (ခေါင်းကို လက်နဲ့ကိုင်ပြတယ်။)
“ဟ … ဒါ မတော်တဆ ဖြစ်တာပဲ … ခွင့်လွှတ်ရမှာပေါ့”
“မကျေနပ်ဘူးးးး”
(မျက်ထောင့်ကြီး နီလာပြီး ပြောတယ်။ နှာခေါင်းကလဲ တရှူးရှူးနဲ့ နှာတွေမှုတ်ပြီး အသက်ရှူသံပြင်း လာတယ်။)
“ဒါဆို ဘာလုပ်ချင်တာလဲ”
“… … …”
(အံကြိတ်ပြီး လည်ပင်းကို ဖြတ်တဲ့ပုံ လက်ဟန်ခြေဟန်နဲ့ လုပ်ပြတယ်။)
သူ့ရုပ်ကြီးကို ကြည့်ပြီး ကျမလဲ ကျောထဲက စိမ့်ခနဲဖြစ်သွားတယ်။ ကြောက်လိုက်တာ။ ဒါပေမဲ့ ဆရာတော် အနားမှာရှိလို့ မကြောက်သလိုနဲ့ ခပ်တည်တည်ပေါ့။
“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ … ဒုက္ခရောက်ကုန်မှာပေါ့”
“… … …”
ဆရာတော်က ရွှေပြည်အေးတရားဟောပေမဲ့ ဟိုက အပြတ်ရှင်းမယ်ဆိုတာချည်းပဲ။ တော်သေးတာက ပရိတ်ကြိုးချည်ထားတော့ အပြတ်ရှင်းမရဘူး ဖြစ်နေတာတဲ့။ ကျမသာ အူတူအတနဲ့ သူတို့ပြောတာယုံပြီး ဖြုတ်ပေးလိုက်မိရင် သွားပြီ။
နောက်ဆုံးတော့ ဖြစ်ပုံကို ဆရာတော်က ရှင်းပြပါတယ်။ ဟိုးအရင်ခေတ်တုန်းက ဒီနားတ၀ိုက် ရွာကလေး မှာ နေသွားသူ တယောက်တလေက အဲဒီဝါးရုံပင်အောက်က တောင်ပို့ကလေးမှာ ရွှေတိုရွှေစလေးတွေ မြှုပ်ခဲ့သတဲ့။ သူမြှုပ်ခဲ့တဲ့ ပစ္စည်းအစွဲနဲ့ ဒီနေရာမှာ အစောင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်တော့ တဖြည်းဖြည်း အကောင်ကြီးပြီး အပေါင်းအဖော်တွေ တပည့်လက်သားတွေ များလာပုံပါပဲ။ မတင်ဌေး ဘူးစင်ထိုးဖို့ တောင်ပို့နားမှာ မြေပေါက်တော့ သူတို့ပစ္စည်းတွေ တူးယူမယ်မှတ်ပြီး ခေါင်းဆောင်ကြီးက ခြောက်လှန့်ဖို့ မြွေအဖြစ်နဲ့ ထွက်လာတာ။ မတင်ဌေးက မကြောက်ဘဲ ရိုက်လိုက်တော့ ခေါင်းမှာ ဒဏ်ရာရ သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပူးပြီး အသေသတ်ဖို့ လုပ်ကြတာ။
ခေါင်းဆောင်ကြီးထိတော့ တပည့်လက်သားတွေက စိတ်ဆိုးပြီး မတင်ဌေး လည်ပင်းကို ညှစ်၊ တကိုယ်လုံး ကို တင်းပုတ်တွေနဲ့ ရိုက်၊ ဒေါသဖြစ်အောင် အမျိုးမျိုး ပြောင်ကြ နောက်ကြနဲ့ ၀ိုင်းသမကြတာပေါ့။ ဒါကြောင့် ခမျာမှာ အညိုအမည်းတွေ ပေါ်ပြီး ထွန့်ထွန့်လူး ညည်းညူနေရရှာတာပါ။ အဲ … ခြံထဲကလဲ ထွက်တော့ သူတို့ပိုင်နက် ကျော်သွားတာမို့ ဆက်မလိုက်ကြတော့ဘူး၊ ဒါကြောင့် ဆေးခန်းရောက်ရင် အကောင်းပတိ ဖြစ်နေတာတဲ့။ သူတို့ကလဲ ပူးတုံခွါတုံပါ။ ပူးနေချိန်ဆို မျက်ထောင့်နီနီ အံကြီးကြိတ်ထားတယ်။ ခွါနေချိန်ဆို ဖျာလိပ်တို့ သနပ်ခါးတုံးတို့လို သစ်ဝါးနဲ့ လုပ်တဲ့အရာတွေကို ကပ်ပြီး မတင်ဌေးမြင်သာအောင် အမျိုးမျိုး ခြောက်လှန့်ကြ နောက်ပြောင်ကြတယ်။ ပုံစံတွေက ရုပ်ကြမ်းကြီးတွေ အကြေးခွံအကွက် အကွက်တွေလဲ ပါသတဲ့။ (အဲဒါက နောက်ပိုင်း မတင်ဌေးပြန်ပြောပြတာပါ)
အကျိုးအကြောင်း ရှင်းပြပြီးနောက် ဆရာတော်က သူ့သီလနဲ့ တိုင်တည် သစ္စာပြုပြီး နတ်တွေ အကုန်လုံးကို ပင့်ဖိတ်တယ်။ ဒီအိမ်မှာနေတဲ့သူတွေကို မနှောက်ယှက်ဖို့ သူတို့ထက် စီနီယာနတ်တွေကို အမိန့်ပေးခိုင်း တယ်။ မင်းတို့ကိုလဲ မနှောင့်ယှက်ဘူး၊ အိမ်သားတွေကိုလဲ မနှောင့်ယှက်နဲ့။ ဒါကိုမှ နှောင့်ယှက်မယ်ဆိုရင် မင်းတို့ဒီမှာ မနေရအောင် လုပ်ရလိမ့်မယ်လို့လဲ ပြောတယ်။ ပြီးတော့ နွားနို့ရယ် ပေါက်ပေါက်ရယ် အမွှေးတိုင်ရယ် အဲဒီတောင်ပို့နားမှာ သွားချပြီး မတင်ဌေးကိုယ်တိုင် တောင်းပန်ခိုင်းတယ်။ နဂါးစောင့်တဲ့ သိုက်မို့ နွားနို့ပေါက်ပေါက်နဲ့ တောင်းပန်ရတာလို့ ပြောတာပဲ။
ညဘက်မို့ ခြံထောင့်က တောင်ပို့နားမှာ အတော်လေး မှောင်နေပါတယ်။ အဲဒီနားမှာ သရက်ပင် သုံးပင် တြိဂံလို ပေါက်နေတဲ့နေရာကို ကျမတို့ငယ်ငယ်က မြေပုံတွေဘာတွေ ဆွဲပြီး ရတနာသိုက် ရှာတမ်း ကစားခဲ့ဖူးသေးတယ်။ ခုတော့ တောင်ပို့က ရတနာသိုက် ဖြစ်နေပါရောလား။ မတင်ဌေး သွားတောင်း ပန်တော့ ကျမတို့လဲ ခပ်ကြောက်ကြောက်နဲ့ လိုက်သွားကြည့်ကြတယ်၊ ဘာမှတော့ မမြင်ခဲ့ရဘူး။ ၀ါးရုံပင်က လေတိုက်လို့ တရှဲရှဲမြည်တာနဲ့ ကြောက်ပြီး ပြန်ပြေးလာခဲ့ကြတာပဲ။
ခြံနောက်ဘက်မှာက သစ်ပင်ကြီးတွေအပြင် ရေတွင်းအိုကြီးရယ်၊ အိမ်သာ သုံးလုံးရယ်၊ ရေစင် အမြင့်ကြီး တခုရယ် ရှိတယ်။ အရင်ကတော့ ပြေးလွှားဆော့ကစားကြ စစ်တိုက်တမ်း တူတူပုန်းတမ်းကစားကြတဲ့ နေရာဆိုပါတော့။ အဲဒီနောက်ပိုင်း ကျမတို့တွေ ခြံနောက်ဘက်ကို နေ့ရော ညပါ မသွားရဲကြတော့ဘူး။ အိမ်သာ ကိုလဲ အိမ်ထဲက အိမ်သာပဲ သွားဖြစ်ကြတော့တယ်။ မယုံဘူးလို့ အမြဲပြောလေ့ရှိတဲ့ကျမလဲ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကြုံရတော့ မယုံချင်လို့ မရတော့ပါဘူး။ တခြားသူတွေ တစ္ဆေသရဲ ပူးပြီး ပြန်ထွက် သွားရင် ဘယ်လိုနေသလဲ မသိပေမဲ့ မတင်ဌေးကတော့ ရက်အတော်ကြာမှ အညိုအမည်းတွေ ပျောက်ပြီး အသံလဲ ဖြည်းဖြည်းချင်း ပြန်ထွက်လာပါတယ်။
သူတို့ကို တစ္ဆေလား သရဲလား ဥစ္စာစောင့်လား နတ်နဂါးလား ဆိုပြီး တခုခုတော့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ မျက်စိနဲ့ မမြင်ရတဲ့ ဒီလိုလောကသားတွေ ရှိနေတယ်၊ သူတို့နဲ့ ကိုယ်က ကြားခံ နယ်ချင်း မတူလို့ နိစ္စဓူဝ မမြင်မတွေ့ရပေမဲ့ ခုလို အခန့်မသင့်တဲ့အခါမျိုးမှာ တွေ့မြင်နိုင်သလို ၀င်ရောက် ပူးကပ်နိုင်တယ်၊ သူတို့ကိုကိုယ်က မထိခိုက် မစော်ကားဖို့နဲ့ ကုသိုလ်ပြုတဲ့အခါ အမျှဝေဖို့ မေတ္တာပို့ ပေးဖို့ လိုတယ် ဆိုတာကိုတော့ ကျမ ကောင်းကောင်း သဘောပေါက်ခဲ့ရပါတော့တယ်။
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
Credit : tmtyr.blogspot

No comments:

Subscribe

လာလည်သူများ

free counters