♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 2, 2014

" နွေတမာန်၏ ၀တ္ထုတို- ဗလာဂူ"

ကုန်းတန်းရွာသို့ဝင်သောအဝင်လမ်းမှာ သင်္ချီုင်းကုန်းကို ဖြတ်သွားရသည်။ သုဿန်ဘေးက ဖြတ်သွားမှ ရွာထဲကိုရောက်သည်။ ရွာသင်္ချီုင်းဖြစ်၍ စည်းရိုးအရံအတားမရှိ။ မြေပုံများ၊ အုတ်ဂူများကို ပကတိအတိုင်း မြင်နေရသည်။ အများအားဖြင့် မြေပုံမို့မို့များသာဖြစ်သည်။ အုတ်ဂူက အနည်းအကျဉ်းသာရှိသည်။
ရွာအဝင်လမ်းနှင့်ကပ်လျက်တွင် အုတ်ဂူတစ်လုံးရှိနေ၏။ ထိုအုတ်ဂူမှာ ခိုင်ခိုင်မာမာပင်ရှိနေပါသေး သည်။ အုတ်ဂူ၏သက်တမ်းမှာ ကြာမြင့်ပြီ။ မြန်မာသက္ကရာဇ် ၁၃၄၄ဟု စာတမ်းရေးထိုးထားသည်။ မြန်မာ၁၃၄၄ ခုနှစ်မှာ ခရစ်နှစ်၁၉၈၂ခုနှစ်ဖြစ်လေသည်။
အုတ်ဂူထိပ်၌ ကွယ်လွန်သူအမည်ကို ကဗ္ဗည်းထိုးထားသည်။
ကိုအောင်မြစ်။
ကွယ်လွန်သူ၏အမည်အောက်တွင် အခြား မည်သည့်အချက်အလက်ကိုမျှ ရေးထိုးမထား။ ကွယ်လွန်သူ အသက်အရွယ်၊ ကွယ်လွန်သည့် နေ့ရက်များ ရေးထိုးမထားပေ။ ကွယ်လွန်သူအမည်မှအပ ကျောက်ပြား အောက်ဖက်တစ်ပြင်လုံး ကွက်လပ်ဖြစ်နေ သည်။
စင်စစ် ထိုအုတ်ဂူသည် လူသေအလောင်းမြှုပ်နှံရာ အုတ်ဂူပင် ဖြစ်ပါသည်။ သို့သော်... ထိုအုတ်ဂူထဲ၌ ကိုအောင်မြစ်ဆိုသူ၏ အလောင်း ရှိမနေပါ။
+++++++++
ကိုအောင်မြစ်ဆိုသူ၏ဖြစ်စဉ်ကို တစ်ရွာလုံးကပင် သိကြသည်။ ကိုအောင်မြစ်ကို မသိမမှီလိုက်သူများပင် ကြားဖူးနားဝဖြင့် သိကြသည်။ ကိုအောင်မြစ်ဖြစ်စဉ်က ဆန်းလည်းဆန်းသည်။ သံဝေဂရစရာလည်း ကောင်း ပါသည်။
ကိုအောင်မြစ်တို့မျိုးရိုးမှာ ကျေးလက်တောရွာအနေအထားဖြင့်ဆိုလျှင် ချမ်းသာသူများဟု ဆိုနိုင်သည်။ ကိုအောင်မြစ်၏ အဘိုးမှာ သူကြီးခေတ်က သူကြီးတစ်ယောက်ဖြစ်သည်။ လယ်ပိုင်ယာပိုင်များလည်း ရှိသည်။
ကိုအောင်မြစ်ကိုတော့ လူကောင်းသူကောင်းလို့ ပြောမရသလို၊ လူဆိုးသူဆိုးလို့လည်း စွပ်စွဲလို့ မဖြစ်နိုင်ပြန်ချေ။ အဘယ်ကြောင့်ဆိုသော် ကိုအောင်မြစ်သည် ငယ်စဉ်ကပင် မိဘက ကျောင်းထားနိုင်လို့ ကျောင်းထားသော်လည်း စာမသင်။ စာကို ရွာဘုန်းကြီးကျောင်း၌ သင်ပုန်းကြီးကုန်ရုံသာသင်ပြီး အတန်း ကျောင်းထားတော့ မနေတော့ချေ။ ဘယ်လိုလဲ ရိုက်နှက် ချိန်းချောက်ပြီး ကျောင်းကိုပို့ပို့ သူကတော့ ကျောင်းက ပြန်ပြေးလာမြဲ၊ အိမ်ကရိုက်လျှင် တောထဲဝင်ကာ ငှက်ပစ်၊ ပုစွန်လုံးနှိုက်နှင့် တစ်နေကုန် လျှောက်ဆော့နေ တတ်သည်။
မိဘများမှာ မတတ်နိုင်တော့လည်း ခွင့်လွှတ်လိုက်ရသည်။ သူ စာကိုစိတ်မဝင်စားလို့ပဲ၊ စာမတတ် တော့လည်း မိဘလက်ငုတ်လုပ်ငန်းတွေ ရှိနေတာပဲ။ အချိန်တန်တော့ လုပ်ကိုင်စားလိမ့်မပေါ့ဆိုပြီး လွှတ်ထား လိုက်ရတော့သည်။
ကာလသားအရွယ်ရောက်လာတော့ အရက်သေစာသောက်စား တတ်လာသည်။ ကြက်တိုက်ခြင်းကို ဝါသနာပါသည်။ တိုက်ကြက်တွေမွေးပြီး ရွာစဉ်လှည့်ကြက်တိုက်သည်။ စီးပွားရေးကိုစိတ်မဝင်စား။ ကိုအောင်မြစ် တို့မှာ တောနေ လူတန်းစားများဖြစ်သော်လည်း၊ ကိုယ်ပိုင်လယ်ယာများရှိသော်လည်း လယ်ထဲကိုင်းထဲကို ကိုယ်တိုင်ဆင်းသူများမဟုတ်ကြ။ လူငှားဖြင့်လုပ်သူများဖြစ်သည်။ ပြီးတော့ အိမ်မှာ ဆိုင်ကြီးရှိသေးသည်။
ကိုအောင်မြစ်အနေဖြင့် အလုပ်လုပ်ချင်လျှင် ဈေးဆိုင်အလုပ်ကို လုပ်လို့လည်း ရသည်။ လယ်ယာလုပ်ငန်းကို ဦးစီးလို့လည်း ရသည်။ ထိုသို့ သက်သက်သာသာလုပ်ကိုင်ဦးစီးနိုင်ပါလျှက်လည်း အလုပ်ကို မလုပ်ချင်။ သောက်ကာစားကာ၊ ကြက်တိုက်ကာဖြင့်သာ အချိန်ကုန်ခဲ့လေသည်။
သို့ရာတွင်.. ကိုအောင်မြစ်သည် သူ့ဘာသာ လွတ်လွတ်လပ်လပ် လုပ်ချင်ရာသာလုပ်သည်။ ဘယ်သူ့ ကိုမျှတော့ ဒုက္ခမပေးပေ။ ရပ်ရွာကိုလည်း ဒုက္ခမပေး။ မိဘများကိုလည်း ဒုက္ခမပေး။ သောက်စားမူးယစ်လို့လည်း မရမ်းကားခဲ့ပေ။
ထို့ကြောင့်.. ငယ်စဉ်က စာမသင်၊ ကြီးလာတော့ အိမ့်စီးပွားရေးကိုမလုပ်လို့သာ ဆိုးတယ်တေ တယ်လို့ပြောရသည်။ ဘယ်သူ့ကိုမျှတော့ ဒုက္ခ ပေးခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့်လည်း သူ့ကို လူဆိုးလို့လည်း ပြောရခက်။ လူကောင်းလို့လည်း ပြောမရ ဖြစ်နေရခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေ.. မိဘများက ကြွယ်ဝသူများမို့ ကိုအောင်မြစ်သည် ထင်သလို လွတ်လွတ်လပ်လပ် နေခွင့်ရခဲ့ပါသည်။
အသက်နှစ်ဆယ်ကျော်တွင် ရွာထဲက မအေးမြဆိုသူမိန်းကလေး နှင့်အိမ်ထောင်ကျသည်။ ကလေး နှစ်ယောက်ရသည်။ ကလေးအဖေဖြစ်သည် ထိလည်း ကြက်တိုက်ဆဲ၊ ထင်သလိုနေဆဲပင်။ မိဘများကလည်း လုပ်နိုင် ကိုင်နိုင်တုန်းအရွယ်တွေမို့ ကိုအောင်မြစ်တို့မိသားစုကို အိမ်ပေါ်မှာပဲ တင် ကျွေးထားခဲ့ပါသည်။ သူ့မိန်းမမအေးမြက လိမ္မာရေးခြားရှိပြီး ယောက္ခမ များရဲ့ဈေးဆိုင်မှာ ကူလုပ်ပေးတဲ့အတွက် တော်သေး တယ်လို့ဆိုရပါမည်။
ကိုအောင်မြစ်အောက်မှာ ညီမနှစ်ယောက်ရှိသေးသည်။ မအေးမြက ကိုအောင်မြစ်ညီမများကိုလည်း တည့်အောင်ပေါင်းသည့်အတွက် အိမ်ထောင်ရေးလည်း အဆင်ပြေပါသည်။
ထိုကဲ့သို့ တစ်သက်လုံး လွတ်လပ်အေးဆေးစွာနေလာခဲ့တဲ့ ကိုအောင်မြစ်။ အသက်သုံးဆယ်နီးမှ ဘာစိတ်ကူးပေါက်သည်မသိ။ အလုပ် လုပ်ပါတော့မယ်လို့ ဆိုလာသည်။ သူလုပ်မယ့်အလုပ်က ရွှေတောကိုတက် ပြီး ရွှေတူးဖို့တဲ့။
အရှေ့ဖက်ရွာကို ကြက်တိုက်သွားရင်း ထိုရွာက လူတချို့ ရွှေတောတက်ကြတာကို ကြားသိပြီး အားကျ လာခြင်းဖြစ်သည်။
မိဘနှစ်ပါးရော၊ ဇနီးသည်ကပါ ဒီလိုရပ်ဝေးသွားပြီးအလုပ်လုပ်မှာမျိုးကို မလွှတ်ချင်ပေ။ မသွားစေ ချင်ပေ။ အဲဒီလို ဝေးဝေးလံလံသွားပြီး ပင်ပင်ပန်းပန်းရှာဖွေဖို့လည်း မလိုအပ်ချေ။
သို့သော်.. ကိုအောင်မြစ်က လုပ်ချင်ပြီဆိုရင် တားမရ။ အတွေ့ အကြုံလိုချင်လို့ပါ။ အဝေးဒေသလည်း မရောက်ဖူးလို့ပါ။ ခြောက်လလောက် ပဲခွင့်ပြုပါ... ဆိုပြီး အရှေ့ရွာကလူတွေနှင့် ရွှေတောကို ဇွတ်လိုက်သွား သည်။
သူပြောသလိုပင် ရွှေတောမှာ ခြောက်လပဲကြာအောင် နေခဲ့ပါသည်။ ခြောက်လပြည့်ချိန်တွင် ရွာပြန် ရောက်လာသည်။ ရွှေတောမှာ ရွှေလည်း မရခဲ့။ ငွေလည်းမစုမိခဲ့။ ငှက်ဖျားဖြစ်ပြီး ပြန်လာခြင်းဖြစ်သည်။
ငှက်ဖျားဒဏ်ကို တော်တော်ခံခဲ့ရသည်။ လူမှာပိန်ချုံးပြီး တဆတ် ဆတ်တုန်နေသည်။ အရိုးပေါ် အရေတင်ပဲရှိတော့သည်။
မိဘများနှင့်ဇနီးဖြစ်သူက ယူကြုံးမရဖြစ်ကြသည်။ ကိုအောင်မြစ်ကိုကြည့်ပြီး ညီမများကလည်း ငိုသည်။ သား နှစ်ယောက်ကလည်း ငိုသည်။ တစ်သက်လုံး ငွေမရှာပဲနေလာခဲ့ပါလျှက် အဝေးရပ်သွားပြီး ငွေရှာမှပဲ ဒီလိုဖြစ်ရတယ်ဆိုကာ သနားကြသည်။
ကိုအောင်မြစ်သည် ပြန်လာကတည်းက အိပ်ရာပေါ်လဲလိုက်သည်မှာ ပြန်မထတော့ပေ။ မိဘများက မြို့ကဆရာဝန်ကို ရွာအထိပင့်ကာ ကုသပေးကြပါသည်။ ရောဂါက သက်သာမလာ။
ရွာကိုပြန်ရောက်ပြီး ၂၃ရက်အကြာတွင် ကိုအောင်မြစ်ကွယ်လွန်သွားလေသည်။
+++++++++
သားဖြစ်သူကွယ်လွန်ပြီဆိုတော့ မိဘများက ကောင်းကောင်းမွန် မွန်ခန်းခန်းနားနားသဂြိုဟ်ဖို့ စီစဉ်ကြသည်။ ရပ်ဝေးက ဆွေမျိုးတွေကို အကြောင်းကြား၊ ဆွေမျိုးတွေစုံမှသဂြိုဟ်ရန် အလောင်းကိုငါးရက် ထားဖို့ စီစဉ်ကြသည်။
ကိုအောင်မြစ်အဖေက သူ့သားအတွက်အုတ်ဂူလုပ်ရန် မြို့က ပန်းရံအဖွဲ့ကိုငှားသည်။ ပန်းရံအဖွဲ့က ချက်ချင်းရောက်လာပြီး အုတ်ဂူ တည်ကြသည်။ တစ်ရက်နှင့်မပြတ်၍ နောက်တစ်နေ့ဆက်လုပ်ဖို့ ရွာမှာ ပဲညအိပ်တည်းခိုနေကြသည်။
သေပြီးပြီးချင်းညတွင် အလောင်းစောင့်ရင်း ရွာထဲကကာလသားတွေ ဖဲဝိုင်းဖြစ်ကြသည်။ တစ်ည ကုန်လွန်သွားသည်။
နောက်တစ်နေ့မှာ ပန်းရံအဖွဲ့က အုတ်ဂူကို လက်စသတ်သည်။ အုတ်ဂူက ထည်ထည်ဝါဝါ ခန့်ခန့်ညားညား။ ကဗ္ဗည်းထိုးဖို့ပဲကျန်တော့သည်။ ဒုတိယနေ့တွင် အုတ်ဂူကိုလက်စသတ်ပြီး အုတ်ဂူထိပ်၌ ကျောက်ပြားကပ်ကာ ကျောက်ပြားပေါ်တွင် ကွယ်လွန်သူအမည်ကို ကဗ္ဗည်းထိုးကြသည်။
ကိုအောင်မြစ်ဆိုသည့်အမည်ကိုသာ ရေးထိုးပြီးသေးသည်။ လက်စမသတ်နိုင်သေး။ အသက်နှင့် ကွယ်လွန်သည့်နေ့စွဲရက်စွဲများ ဆက်ပြီးရေးထိုးဖို့ နောက်တစ်နေ့မှပဲဆက်လုပ်ရန် ပန်းရံအဖွဲ့ မြို့မပြန်သေးပဲ တစ်ညထပ် အိပ်နေရသည်။
အုတ်ဂူ၏ခြေရင်းဖက်ကို အုတ်မစီသေးပဲ လှပ်ထားရသည်။
အသုဘချပြီးမှ အခေါင်းကို ခြေရင်းဖက်မှ ထိုးထည့်ပြီး အုတ်ဖြင့် အသေစီပိတ်ရမည်ဖြစ်သည်။
အခေါင်းကိုလည်း သစ်ပေါသောအရပ်မို့ ကျွန်းသားဖြင့် ရိုက်နေပြီ ဖြစ်သည်။ ရွာကလက်သမားကပင် ကျွန်းသားကို ရွေဘော်ထိုးပြီး ကိုအောင် မြစ်အိမ်ရှေ့မှာပင် အခေါင်းရိုက်လျှက်ရှိသည်။
ကိုအောင်မြစ်တို့အိမ်မှာ အိမ်ရှေ့၌ ကုတင်တစ်လုံးဖြင့် ကိုအောင် မြစ်အလောင်းကိုပြင်ထားသည်။ ဆိုင်ကိုလည်း ပိတ်ထားသည်။ ဖဲဝိုင်းက အလောင်းစင်ဘေးနားမှာပင် မပြတ်ရှိနေသည်။ ငိုသံ၊ အခေါင်းရိုက်သံများ ဖြင့် ဆူညံနေသည်။
သည်လိုဖြင့် ဒုတိယညကိုရောက်လာ၏။
+++++++++
အလောင်းကို ငါးရက်ထားမှာမို့ အနံ့မထွက်အောင် စီစဉ်ထားဖို့ လိုလာသည်။ ဗိုက်ဖောက်၊ အူအသည်းနှုတ်ကာ မီးသွေးမှုန့်များဖြူးထည့်ပြီး ပြန်ချုပ်ရမည်ဖြစ်၏။ ထိုကိစ္စများကိုလုပ်ဖို့ လုပ်နေကျလူများ အဖွဲ့လည်း ညနေပိုင်း နေဝင်ရီ တရောအချိန်မှာရောက်လာကြသည်။ ထုံးစံအတိုင်း ထိုလူများက အလောင်း ကိုခွဲစိတ်စီစဉ်ရမည်မို့ ရဲဆေးတင်ကာ အရက်တွေမူး အောင်သောက်လာကြသည်။
ဆောင်းတွင်းမို့ ညခုနစ်နာရီလောက်အချိန်သည် အတော်မိုးချုပ်နေပေပြီ။
အလောင်းကိုခွဲစိတ်ဖို့ စီစဉ်ကြသည်။
ဖဲဝိုင်းက အိမ်ရှေ့က မကျည်းပင်ပင်ကြီးအောက်မှာထိုးထားသည့် မဏ္ဍပ်ထဲသို့ရွှေ့သွားကြသည်။
အလောင်းအနီးတွင် မည်သူမျှရှိမနေ။ အလောင်းကို အနံ့မထွက် အောင်ပြုပြင်စီရင်ပေးမည့် လူသုံး ယောက်သာ ရှိနေကြသည်။ ထိုလူသုံး ယောက်ကလည်း လုပ်နေကျအလုပ်မို့ ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်ကြဖို့ ပြင်ဆင်နေကြပြီ။
တစ်ယောက်က အလောင်းမှာလွှမ်းထားသော အဝတ်များကို ဖယ်ရှားလိုက်သည်။ အလောင်း၏ဗိုက်ကို နှိပ်ကြည့်သည်။ အလောင်းပါးစပ်မှ ]]ဂေ့...}}ကနဲအသံကြီးထွက်လာသည်။ ဒါ အဆန်းမဟုတ်သေးပါ။ ထိုသို့ပင် ဝမ်းဗိုက်ထဲမှာအောင်းနေသော လေများထွက်လျှင် မြည်နေကျအသံမျိုးဖြစ်သည်။
တစ်ယောက်က အလောင်း၏ဗိုက်ကိုခွဲရန်အတွက် အဆီတစ်မျိုးကို ဗိုက်တွင်သုတ်လိမ်းလိုက်သည်။
ထိုအချိန်မှာ အလောင်းပါးစပ်မှ ညီးညူသံကြီးထွက်လာသည်။
]]ဟင်း... ဟင်း...ဟင်း.....}}
သံရှည်ဆွဲ၍ ညီးညူလိုက်သည့်အသံကြီးကြောင့် အလောင်းခွဲစိတ်မည့်သူများ အံ့အားသင့်သွားကြသည်။ အလောင်း၏ မျက်နှာကိုကြည့်လိုက် ကြသည်။ ထိုအခါ ကိုအောင်မြစ်၏အလောင်းကြီးသည် မျက်စိပေကလပ် ပေကလပ်ဖြစ်လာကာ နောက်တစ်ကြိမ် ]]ဟီး..}}ကနဲ ညီးလိုက်သည်ကို ကြားလိုက်ရပြန်လေသည်။
]]အောင်မယ်လေးဗျာ..}}
]]ဖုတ်.. ဖုတ်... ဖုတ်ဝင်...}}
အလောင်းပြင်သူများ စကားပင် မဆုံးသေး။ အလောင်းကြီးက ဆတ်ကနဲ ငုတ်တုတ်ထထိုင် လိုက်လေသည်။
]]အောင်မယ်လေးဗျ၊ အလောင်းကြီး ဖုတ်ဝင်လာပြီ}}
ကိုအောင်မြစ်အလောင်းကြီး ငုတ်တုတ်ထထိုင်လိုက်သည်ကို ဖဲဝိုင်းမှလူများလည်း မြင်လိုက်ကြသည်။ အလောင်းပြင် သူများထံမှ ကြောက်လန့်တကြားအသံများထွက်လာကတည်းက လူအားလုံးက အလောင်းဆီကို လှမ်းကြည့်လိုက်ကြရာ အလောင်းကြီးရုတ်တရက်ထထိုင်လိုက်သည်ကို မြင်လိုက်ကြရခြင်းဖြစ်လေသည်။
အသုဘအိမ်တစ်အိမ်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
အလောင်းပြင်သူသုံးယောက်က ကုတင်ပေါ်မှခုန်ချကာ ထွက်ပြေး သည်။ ဖဲဝိုင်းမှလူများလည်း ဖဲချပ်များရော၊ ငွေများပါ ချထားကာ အိမ်ပြင်ဖက် ထွက်ပြေးကြလေသည်။ ကိုအောင်မြစ်ဆွေမျိုးများလည်း ထွက်ပြေးကြ၏။
ထိုအချိန်၌ ငုတ်တုတ်ကြီးထထိုင်လိုက်သောအလောင်းကြီးက ခေါင်းကိုဘယ်ညာယိမ်းနွဲ့ရင်း ကြည့် လိုက်ရာ.. မိန်းမများက စူးစူးဝါးဝါးအော်ဟစ်လိုက်ကြလေသည်။
+++++++++
အိမ်ထဲကို ဘယ်သူမျှပြန်မဝင်ရဲကြတော့။
ဘုန်းကြီးကိုပြေးလျှောက်ကြ၍ ရွာဦးကျောင်းကဘုန်းကြီးရောက် လာသည်။
ဘုန်းကြီးက အလောင်းစင်ရှိရာကို တန်းတန်းမတ်မတ်ဝင်သွား၏။
ထိုအချိန်တွင် ကိုအောင်မြစ်သည် ကုတင်ပေါ်တွင်ပြန်လှဲကာ ဘေးတစောင်းမှိန်းနေလေသည်။
]]ဒကာကြီး ကိုအောင်မြစ်}}
ဘုန်းကြီးက လှမ်းခေါ်လိုက်သည်။
ကိုအောင်မြစ်သည် ခေါင်းကို အနိုင်နိုင်ထူရဟန်ဖြင့် ဘုန်းကြီးကို မော်ကြည့်သည်။
ဘုန်းကြီးကိုမြင်သည့်အခါ ကြမ်းပြင်ကိုလက်ထောက်ပြီး ထထိုင် ရန်ပြင်သည်။ အားမရှိလို့ မထနိုင်ဟန်ဖြင့် ပြန်လဲ ကျသွားသည်။
]]နေ- နေ- ဒကာကြီး၊ မထနဲ့၊ ဒကာကြီးဘယ်လိုနေသေးလဲ}}
]]တပည့်တော်.. တပည့်တော် ဘာဖြစ်သလဲဘုရာ့}}
ကိုအောင်မြစ်၏သာမန်အတိုင်း အပြောအဆိုများကြောင်းလည်းကောင်း၊ ဘုန်းကြီးကိုယ်တိုင် ကို အောင်မြစ်နှင့်ပြောဆိုမေးမြန်း နေသောကြောင့်လည်းကောင်း.. လူများ မရဲတရဲဖြင့် အိမ်ဝင်းထဲပြန်ဝင်လာကြကာ အကဲခတ်ကြည့်ကြသည်။
]]ဒကာကြီး အပြင်းဖျားပြီး သတိလစ်သွားတယ်၊ သေပြီဆိုပြီး အသုဘကိစ္စစီစဉ်နေကြတာပဲ}}
]]တပည့်တော် သေ.. သေပြီလားဘုရာ့၊ မသေ.. မသေ...}}
]]မသေပါဘူးကွဲ့၊ မသေလို့သာ စကားပြောနိုင်တာပေါ့၊ ကဲ- လာကြဟေ့၊ လာကြ၊ ကိုအောင်မြစ်မသေဘူးလကွဲ့၊ သူ မျောနေတာ}}
+++++++++
သည်လိုနှင့်.. ကိုအောင်မြစ်သည် သေတွင်းမှလွတ်ကာ သေရွာ ပြန်ဖြစ်လာခဲ့လေသည်။
နောက်တစ်ပတ်လောက်အကြာတွင် ထူထူထောင်ထောင်ပြန်ဖြစ် လာသည်။ တစ်လလောက် အကြာတွင် ရောဂါရှင်းရှင်းပျောက်သွားလေသည်။ လူကောင်းပကတိကျန်းမာစွာဖြင့် သွားလာလှုပ်ရှားနိုင်လာ သည်။
ကိုအောင်မြစ်အဖြစ်သည် ကုန်းတန်းရွာတွင် ပြောစမှတ်ဖြစ်ခဲ့ကြ သည်။
သေတွင်းထွက်ကိုအောင်မြစ်ကို ဘုန်းကြီးနှင့်တကွ လူများက ဝိုင်းမေးကြသည်။
သေသလို သတိလစ် မျောနေစဉ်အတွင်း ဘယ်နေရာကို ရောက်သွားသလဲ။ ဘာတွေတွေ့ကြုံခဲ့ရ သလဲဟု...။
အားလုံးက သေရွာပြန်လူများ၏အတွေ့အကြုံအတိုင်း ငရဲ သို့မဟုတ် အသူရကာယ်ဘုံများတွင် ကိုအောင်မြစ်ဝိညာဉ် ကျင်လည်ကျက်စားခဲ့ရမည်ဟု ထင်ကြသည်။ ထိုအတွေ့အကြုံကို ပြန်ပြောပြနိုင်မည် ဟုထင်ကြသည်။
သို့သော်.. ကိုအောင်မြစ်က ဘာမျှပြန်ပြောမပြနိုင်ခဲ့ပေ။
သူသတိပြန်ရလာသည့်အချိန်တွင် အိပ်ပျော်ရာမှနိုးလာသလိုသာ ဖြစ်ကြောင်း၊ သတိလစ်နေတုန်းမှာ ဘာခံစားမှုမှ မရှိကြောင်းပြန်ပြောပြသည်။
]]သေချိန်မတန် သေနေ့မစေ့သေးလို့ပေါ့ကွယ်၊ ကဲ- ဒကာကြီး၊ ကံကောင်းလို့ သေတွင်းထဲက ထွက်လာခဲ့ပြီ၊ မသေပဲ နေရမယ့်အချိန်မှာ ကုသိုလ်ကောင်းမှုလုပ်ပြီး အသက်ကို ရှည်အောင်ဆက်ပေတော့ကွဲ့}}
ဘုန်းကြီးက မိန့်ကြားလိုက်လေသည်။
+++++++++
ကိုအောင်မြစ် မသေပဲ သေတွင်းထဲက ထွက်လာသည့်အခါ သူ သေပြီအမှတ်နှင့်လုပ်ထားသော အုတ်ဂူနှင့်အခေါင်းများမှာ သည်အတိုင်း ကျန်ခဲ့လေသည်။
သတိရရချင်း ကိုအောင်မြစ်မိန်းမ မအေးမြက အသုဘအိမ်အဖြစ်ပြင်ဆင်ထားသည်များကို အမြန် ဖျက်သိမ်းစေလိုက်သည်။ ရိုက်လက်စ အခေါင်းကြီးကိုလည်း နောက်ဖေးချောင်ထဲသို့ပို့လိုက်လေ၏။ အုတ်ဂူ လုပ်သည့်ပန်းရံအဖွဲ့ကိုလည်း အဖိုးအခ ရှင်းပေးလိုက်ကာ ညတွင်းချင်းပင် မြို့ကိုပြန်ခိုင်းလိုက်လေသည်။ ဒါတွေမြင်လျှင် ကိုအောင်မြစ် စိတ်မကောင်း ဖြစ်နေမှာစိုးလို့ပဲဖြစ်သည်။
သို့သော် ကိုအောင်မြစ်နေကောင်းလာချိန်တွင် နောက်ဖေးမကျည်းပင်အောက်မှာ ကောက်ရိုးများဖြင့် ဖုံးထားသောအခေါင်းကြီး ကိုတွေ့သွားလေသည်။
]]ကိုအောင်မြစ်၊ အဲဒါ ရှင်သေပြီထင်ပြီးလုပ်ထားမိတဲ့အခေါင်း ရှင့်၊ စိတ်မကောင်းမဖြစ်ပါနဲ့ရှင်ရယ်၊ ကျွန်မ မီးရှို့ခိုင်းလိုက်ပါ့မယ်}}
]]မီးရှို့မယ်..ဟုတ်လား၊ အေးမြနှယ်.. ဒီလောက် အဖိုးကြီးတဲ့ ကျွန်းသားအခေါင်းကြီး မီးရှို့ရမှာလားဟ၊ ငါ့အတွက်လုပ်ထားတဲ့အခေါင်း၊ ငါသေတော့ ထပ်လုပ်စရာမလိုတော့ဘူးပေါ့၊ ဒီအတိုင်းထားမှာပေါ့၊ ဘာလို့ မီးရှို့မလဲ}}
]]အို.. ကိုအောင်မြစ်၊ နိမိတ်မရှိ၊ ဘာတွေလျှောက်ပြောနေတာလဲ၊ ဒီကျက်သရေမရှိတဲ့ မသာ အခေါင်းကြီးကို အိမ်မှာထားရမှာလားတော်၊ ရှင်လည်း မသေနိုင်သေးပါဘူး၊ ရှင် အသက်ရှည်ဦးမှာပါ}}
]]ငါ အသက်ရှည်ရှည် မရှည်ရှည်၊ သေရမှာ သေရမှာပဲ၊ ခုတောင် အစမ်းသေပြီးပြီပဲဟာ၊ ငါ့အတွက်ရည်ရွယ်ပြီး လုပ်ထားတဲ့အခေါင်းကို မီးမရှို့နဲ့၊ ဒီအတိုင်းပဲထား}}
ကိုအောင်မြစ်က ဇွတ်တားသောကြောင့် အခေါင်းကြီးကို မီးမရှို့ဖြစ်တော့ချေ။
+++++++++
အခေါင်းသာမကပါ။ သူ့အတွက်လုပ်ထားသောအုတ်ဂူကိုလည်း ကိုအောင်မြစ်က သင်္ချီုင်း အရောက်သွားကြည့်သေးသည်။ အုတ်ဂူက ရွာလမ်းဘေး သင်္ချီုင်းအစပ်မှာပင် လုပ်ထားသည်မို့ ထင်ထင် ရှားရှားကြီးမြင်နေရသည်။ အင်္ဂတေများပင်မခြောက် သွေ့သေးသည့် အုတ်ဂူအသစ်စက်စက်ကြီး။ ခေါင်းရင်း ကျောက်ပြားပေါ်မှာ ကိုအောင်မြစ်ဆိုသည့်အမည်ကိုသာ ရေးထိုးထား ရသေးသည်။ အုတ်ဂူခြေရင်းဖက်နံရံ ကလည်း ပွင့်လျက်သားအတိုင်း။
ကိုအောင်မြစ်က သူ့အုတ်ဂူသူ ကြည့်ကာ သဘောတွေကျနေသည်။
]]တယ်ကောင်းတဲ့ဂူကြီးပဲဟေ့၊ ချက်ချင်းတောင် သေချင်စိတ် ပေါက်လာတယ်၊ ဒီဂူထဲမှာနေချင်လို့၊ ဟား..ဟား... ငါ့မိဘများက ငါ့ကိုတော်တော်ချစ်ကြတာပဲ}}
ကိုအောင်မြစ်က အုတ်ဂူကြီးကိုကြည့်ရင်း မေးလေးကိုပွတ်ကာ ဆိုလေသည်။
ထုံးမသုတ်ရသေးသောအုတ်ဂူကို ထုံးသုတ်သည်။
]]ကျုပ်အတွက်တော့ သေရင် အားလုံးအဆင်သင့်ဖြစ်ပြီးသား၊ ဘာမှပူပန်စရာမလိုတော့ဘူး၊ အခေါင်း ရော အုတ်ဂူရော သေချာထိန်းသိမ်း ထားရမယ်ဗျို့}}
+++++++++
သည်လိုနှင့်.. ကိုအောင်မြစ်အတွက်ပြုလုပ်ထားသောအုတ်ဂူမှာလည်း ကုန်းတန်းရွာသင်္ချီုင်းတွင် ဗလာ ဟင်းလင်းဖြင့် သည်အတိုင်းရှိနေခဲ့သည်။ ကျွန်းသားအခေါင်းကြီးကိုလည်း နွားတင်းကုပ်ထဲတွင် ထုတ်တန်း ပေါ်ဆင့်ထိုးပြီး တင်ကာ သိမ်းထားလိုက်သည်။
ကိုအောင်မြစ်ကား သေတွင်းကထွက်လာပြီးနောက် တော်တော် နှင့်မသေတော့ချေ။
လူမှာလည်း ပြောင်းလဲသွားလေသည်။
ယခင်ကလို ကြက်တိုက် ထန်းရည်သောက်ခြင်း မလုပ်တော့။ အိမ်ဆိုင်အလုပ်ကို ဖိဖိစီးစီးလုပ်လာ သည်။
သေရွာကပြန်လာမှ လိမ္မာသိမ်မွေ့သွားတယ်ဆိုပြီး မိဘများကလည်း ဝမ်းသာအားရဖြစ်ကြသည်။
မြို့ကိုကုန်ဝယ်သွားလို့ သင်္ချီုင်းဘေးက ဖြတ်သွားရတိုင်း လမ်းမ နှင့်မနီးမဝေးက သူ့အုတ်ဂူကြီး သူကြည့်ကာ ကိုအောင်မြစ်က သဘောတကျကျဖြစ်နေသည်။ အုတ်ဂူကိုလည်း တစ်နှစ်တစ်ခါထုံးသုတ်ကာ ဂူပတ်ဝန်းကျင်မှ ခြုံနွယ်ပိတ်ပေါင်းများကိုရှင်းလင်း ကာဖြင့် သçထားလေသည်။
သုံးနှစ်ပြည့်သည့်အချိန်တွင် ခွေးအçအမတစ်ကောင် သူ့အုတ်ဂူ ထဲဝင်ကာ ခွေးလေးတွေမွေးပြီး နေနေတာကို ကိုအောင်မြစ်တွေ့ရသည်။ ခွေးအçများမှာ ညအခါ အလောင်းတွေကိုလာဖော်စားနေကျ တောခွေးများ ဖြစ်ပါသည်။ အခေါင်းထည့်ရန် လှပ်ချန်ထားသော အုတ်ဂူခြေရင်းဖက် အပေါက်မှဝင်ပြီး နေနေခြင်းဖြစ်သည်။
ကိုအောင်မြစ်က ခွေးသားအုပ်မကိုမောင်းထုတ်ကာ အုတ်ဂူခြေရင်း အပေါက်ကို သစ်သားပြားများဖြင့် ပိတ်ပစ်လိုက်သည်။ သစ်အချောသားကို ညီညီညာညာစီကာ အုတ်ရိုက်သံဖြင့် ကိုယ်တိုင် ပိတ်ရိုက် လိုက်ခြင်းဖြစ်သည်။
သည်လိုဖြင့်.. ကိုအောင်မြစ်၏အုတ်ဂူမှာ ကုန်းတန်းရွာသင်္ချီုင်း၌ ထီးထီးကြီးမြင်သာအောင် သစ်သစ် လွင်လွင်ဖြင့် နှစ်များစွာကြာမြင့်သည် အထိ ရှိနေခဲ့လေ၏။
ရွာကိုလာလျှင် သင်္ချီုင်းဘေးမှဖြတ်လာရရာ ကိုအောင်မြစ်အုတ်ဂူ ဖြူဖြူဖွေးဖွေးကြီးကို ထင်ထင် ရှားရှားလှမ်းမြင်သာလေသည်။ ရွာလာဧည့်သည် များကို အုတ်ဂူအားလက်ညှိုးထိုးပြကာ ထူးဆန်းသော သေတွင်းထွက် ကိုအောင်မြစ်အကြောင်း ပြောပြရသည်မှာလည်း ကုန်းတန်းရွာအတွက် ဧည့်ခံစရာတစ်မျိုးဖြစ် နေရလေတော့သည်။
ကိုအောင်မြစ်သည် သေတွင်းမှထွက်လာပြီး နောက်ထပ်နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသည်အထိ မသေနိုင်သေးပါ။ ကျန်းကျန်းမာမာပင်ရှိနေ ခဲ့ပါသည်။
+++++++++
ကိုအောင်မြစ်အသက်ငါးဆယ်အရွယ်တွင် ကိုအောင်မြစ်မိဘများလည်း ကွယ်လွန်သွားကြပြီ။ ညီမ နှစ်ယောက်လည်း အိမ်ထောင်ကိုယ်စီကျကာ အိမ်ခွဲသွားကြပြီ။ မိဘများမသေခင်ကတည်းက အမွေခွဲ ပေးလိုက်ရာ ကိုအောင်မြစ်က အိမ်နှင့်ဆိုင်လုပ်ငန်းကိုရလိုက်သည်။ ညီမနှစ်ယောက်အား လယ်ယာများကို ဝေခြမ်းပေးပြီး သူတို့အိမ်ထောင်နှင့်သူတို့ လုပ်ကိုင်စားနေ ကြပေပြီ။
ကိုအောင်မြစ်၏သားနှစ်ယောက်လည်း အရွယ်ရောက်ကြပြီ။ သားအကြီးက အိမ်ထောင်ကျကာ ရွာမှာပဲနေသည်။ သားအငယ်ကတော့... တပ်မတော်ထဲဝင်သွားကာ အောက်ပြည်အောက်ရွာတွင် တာဝန်ကျ နေပေသည်။
ကိုအောင်မြစ်၏အုတ်ဂူကြီးကား နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့် သည်အထိ သစ်သစ်လွင်လွင်ရှိနေဆဲ။ သူက နှစ်တိုင်း ထုံးသုတ်ရုံမက၊ ဂူပတ်ဝန်းကျင်က မြက်ပင်ကိုင်းပင်များကိုပါ ရှင်းလင်းထား၍ အုတ်ဂူမှာ သန့်ပြန့်သစ်လွင်နေဆဲပဲရှိသေး၏။
ကိုအောင်မြစ်ဖခင်ကွယ်လွန်တော့ ထိုအုတ်ဂူထဲမှာ သဂြိုဟ်ဖို့ အကြံပေးကြသေးသည်။ ကိုအောင်မြစ်က လက်မခံ။
]]ကျုပ်လည်း ဒီထဲဝင်ရဖို့ သိပ်ကြာကြာမစောင့်ရတော့ပါဘူး၊ ကျုပ်နာမည် ကဗ္ဗည်းထိုးထားပြီးသားပဲဗျာ၊ ကျုပ်အုတ်ဂူကို ကျုပ်အတွက်ပဲထားလိုက်ပါ}}
အုတ်ဂူသာမက ကျွန်းသားအခေါင်းကြီးမှာလည်း နွားတင်းကုပ် ထဲတွင် အကောင်းအတိုင်းရှိနေပါ သေးသည်။
+++++++++
ထိုသို့သောကိုအောင်မြစ်။ သေမယ့်သေတော့... အသက်၅၄နှစ် အရွယ်၊ ၂၀၀၈ခုနှစ်မှာ ကွယ်လွန် အနိစ္စရောက်သွားပါ၏။
သို့သော် . . .
+++++++++
ဦးအောင်မြစ်၏သားအငယ် တပ်မတော်သားက သူလက်ထပ်တော့မှာမို့ အဖေနဲ့အမေလိုက်လာပါလို့ စာရေးခေါ်သည်။
ဆိုင်အလုပ်အိမ်အလုပ်များကို လင်မယားနှစ်ယောက်လုံးမျက်နှာလွှဲပြီးပစ်သွားလို့မရသည်မို့ ဦးအောင် မြစ်တစ်ယောက်သာ လိုက်သွားသည်။ သားတာဝန်ထမ်းဆောင်ရာတပ်ရှိသည့် အောက်ပြည်အောက်ရွာမြစ်ဝ ကျွန်းပေါ်အရပ်သို့ လိုက်သွားခြင်းဖြစ်သည်။
ဦးအောင်မြစ် ခရီးထွက်သွားသည့်ရက်မှာ ၂၀၀၈ခုနှစ်၊ မေလ (၁)ရက်နေ့ဖြစ်လေသည်။
+++++++++
နောက်နှစ်ရက်အကြာ မေလ(၃)ရက်နေ့၌ တစ်နိုင်ငံလုံးတုန်လှုပ် ခြောက်ခြားသွားစေသော သမိုင်းဝင် နာဂစ်မုန်တိုင်း ကြမ်းကြီး မြန်မာပြည်အောက်ပိုင်း၌ တိုက်ခတ်ခဲ့လေသည်။
ကိုအောင်မြစ်ခရီးထွက်သွားသောမြို့မှာ နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားရသည့်အပိုင်းထဲ၌ ရှိနေသည်။
ရွာမှကျန်ခဲ့သည့် ဇနီးသားသမီးမြေးများနှင့်ဆွေမျိုးသားချင်းများ မှာ ဦးအောင်မြစ်အတွက် ပူပန်ကြရလေ သည်။ ခရီးစဉ် အတိုင်းဆိုလျှင် ဦးအောင်မြစ်သည် သူ့သားရှိရာမြို့သို့မရောက်နိုင်သေး။ လမ်းခရီးမှာသာ ရှိပေဦးမည်။
ကုန်းတန်းရွာကလေးသည် အောက်ပြည်အောက်ရွာနှင့်အဆက်ပြတ်ကာ ဘာသတင်းကိုမှ စုံစမ်းမရ ပဲရှိနေခဲ့သည်။
တစ်ပတ်ကျော်ကြာမှ.. သားဖြစ်သူထံမှ ဖုန်းဆက်မေးမြန်းသောကြောင့် ဦးအောင်မြစ်ကံကြမ္မာကို ခန့်မှန်းကြည့်နိုင်တော့သည်။
ဦးအောင်မြစ် သူ့သားရှိရာသို့ ရောက်မလာခဲ့ပါ။ သားက ရွာကလူတွေလာဖြစ်သလားလို့ ဖုန်းဆက် စုံစမ်းခြင်းဖြစ်သည်။
မုန်တိုင်းကျသည့်ရက်သည် ဦးအောင်မြစ် လမ်းခရီးတွင်ရှိနေရမည့်ရက်ဖြစ်နေသည်။
ဦးအောင်မြစ်သတင်းကိုစုံစမ်းလို့မရတော့။
ပေါ်လာနိုး လာနိုးဖြင့် စောင့်မျှော်ခဲ့ရသည်မှာ တစ်လကျော် နှစ်လ ကြာသွားသည်တွင်တော့ လမ်းခရီး တစ်နေရာတွင် မုန်တိုင်းဒဏ်ဖြင့် ကွယ်လွန်အနိစ္စရောက်ပြီဟု သတ်မှတ်လိုက်ကြရပေတော့၏။
+++++++++
အထက်အညာအရပ်တွင်... ၁၉၈၂ခုနှစ်၊ အသက်၂၈နှစ်အရွယ်က တကယ်မသေခဲ့သည့် ကိုအောင်မြစ် သည်....
နောက်၂၆နှစ်အကြာ၊ အသက်၅၄နှစ်အရွယ်...
၂၀၀၈ခုနှစ်၊ မေလ(၃)ရက်နေ့ကျမှပင်....
မြန်မာပြည်အောက်ပိုင်း၌ နာဂစ်မုန်တိုင်းထဲပါဝင်ကာ တကယ် သေဆုံးခဲ့လေ၏။
+++++++++
ကုန်းတန်းရွာအဝင်လမ်းမှာ သင်္ချီုင်းကုန်းကို ဖြတ်သွားရသည်။
ရွာအဝင်လမ်းနှင့်ကပ်လျက်တွင် အုတ်ဂူတစ်လုံးရှိနေ၏။
အုတ်ဂူထိပ်၌ ကွယ်လွန်သူအမည်ကို ကဗ္ဗည်းထိုးထားသည်။
ကိုအောင်မြစ်။
ကွယ်လွန်သူ၏အမည်အောက်တွင် အခြား မည်သည့်အချက်အလက်ကိုမျှ ရေးထိုးမထား။ ကွယ်လွန်သူ အသက်အရွယ်၊ ကွယ်လွန်သည့် နေ့ရက်များ ရေးထိုးမထားပေ။ ကွယ်လွန်သူအမည်မှအပ ကျောက်ပြား အောက်ဖက်တစ်ပြင်လုံး ကွက်လပ်ဖြစ်နေသည်။ အုတ်ဂူခြေရင်းနံရံကို သစ်သားပြားများဖြင့် ရိုက်ပိတ်ထားသည်။
စင်စစ် ထိုအုတ်ဂူသည် လူသေအလောင်းမြှုပ်နှံရာ အုတ်ဂူပင် ဖြစ်ပါသည်။ သို့သော်... ထိုအုတ်ဂူထဲ၌ ကိုအောင်မြစ် ဆိုသူ၏အလောင်း ရှိမနေပါ။
သက်တော်၇၅နှစ်အရွယ်ရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဘုန်းကြီးက မိန့်တော်မူသည်။
]]အိန်း.... သူ့ရဲ့သင်္ချီုင်းက ဒီရွာမှာမဟုတ်ဘူးကိုး၊ ဘယ်သူမဆို  သေမယ့်နေ့ သေမယ့်သင်္ချီုင်းနေရာက မွေးကတည်းက ပါလာပြီးသားပဲ၊ ကံကြမ္မာကို ဘယ်သူမျှပြုပြင်လို့မရဘူး ဒကာတို့}}
 + + + + + + + +
  နွေတမာန်
                                                 
ဂမ္ဘီရလောကမဂ္ဂဇင်း…. မှ

Credit : nwaymoresaung

No comments:

Subscribe

လာလည်သူများ

free counters