♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 23, 2016

"ကျောင်းဖွင့်ချိန်မှာ ခြောက်တဲ့တစ္ဆေ "


ရန်ကုန်တိုင်း ဒေသကြီးမှာ အစိုးရသစ် တာဝန်ယူတဲ့ ဧပြီလ အတွင်းမှာ ကလေးငယ်တွေနဲ့ မိဘတွေ အတွက် စိုးရိမ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းကတော့ ဧပြီလ(၂၆) ရက်နေ့မှာ ဒေါပုံမြို့နယ် ပုဇွန်တောင်ချောင်းထဲမှာ ပုပ်ပွနေပြီးတော့ ဦးခေါင်းမပါတဲ့ ကလေးငယ်တစ်ဦး အလောင်းကြောင့် ဖြစ်ပါတယ်။

ဒီအလောင်းကို ရဲတပ်ဖွဲ့က သွားပြီး စစ်ဆေးရာမှာ ပန်းရောင်စွပ်ကျယ် အင်္ကျီအကြားနဲ့ အနီရောင် အပွင့် ဘောင်းဘီကို ၀တ်ထားတဲ့ အသက်ခြောက်နှစ်အရွယ် အမျိုးသမီးငယ် အလောင်း ဖြစ်တယ် ဆိုတာ သိခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့က စုံစမ်းတဲ့အခါ သာကတေမြို့နယ် ရဲစခန်းမှာ လူပျောက်အမှတ်စဉ် ၁၄/၂၀၁၆ အမှုက ပျောက်ဆုံးနေတဲ့ မ. . . . (ခြောက်နှစ်) ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

ဒီလိုကလေးငယ် တစ်ဦးကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီရာသီဟာ ကျောင်းဖွင့်ရာသီဖြစ်တဲ့ အတွက် ဒီသတင်းဆိုးကြောင့် ကျောင်းသား မိဘတွေဟာ သူတို့ရဲ့သားသမီးတွေ အတွက် ရတက်မအေး ဖြစ်ခဲ့ရပါတယ်။

ထူးခြားတာ တစ်ခုကလည်း ရန်ကုန်မှာ ကျောင်းဖွင့်ချိန် ရောက်တိုင်းမှာ ကလေးပျောက်တဲ့ ကောလာဟလတွေ ထွက်ထွက်လာတာ ဖြစ်ပါတယ်။ ဒါတွေဟာ တကယ်ဖြစ်တာလား တမင်လုပ်ကြံဖန်တီးတာလား ဆိုတာ ဘယ်သူမှ
မသိနိုင်ပါဘူး။

ဒီလို အတိအကျ မသိနိုင်ပေမယ့် ကလေးပျောက်တဲ့ ကောလာဟလတွေကြောင့် ကျောင်းသားမိဘတွေ ကတော့ ပူပန်သောက ရောက်နေကြတာ အသေအချာပါပဲ။

““ဒီကောင်မလေး အသတ်ခံရတဲ့ သတင်းကြောင့် ကိုယ့်ကလေး နှစ်ယောက် အတွက် အရမ်းစိုးရိမ်သွားတယ်။ အဲဒါကြောင့် ကျောင်းသွား ကျောင်းပြန် သူတို့အဒေါ်ကို လိုက်ပို့လိုက်ကြိုခိုင်းတယ်။ အဓိကက မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အရင်ကထက်ပိုပြီး ဂရုစိုက်သင့်တယ်””လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ကျောင်းသား မိဘတစ်ဦးဖြစ်တဲ့ ဒေါ်သူဇာက ဆိုပါတယ်။

လူပျောက်တိုင်ကြားရာကနေ လူသတ်မှုအဖြစ် ပြောင်းဖွင့်ထားတဲ့ ကလေးရဲ့ဆေးစစ်ချက်မှာတော့ ၀မ်းတွင်း ကလီစာအချို့ ပျောက်ဆုံးနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီသတင်းကြောင့် ကလေးတွေ လုံခြုံမှုရှိဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စနစ်တကျ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေပါပြီ။

ရန်ကုန်တိုင်း ဒေသကြီးမှာ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလကနေ မေလ ကုန် အထိ အသက် (၁၂) နှစ်အောက် ကလေးသူငယ်ပျောက်လို့ တိုင်ကြားမှု (၄၀) ရှိခဲ့ပါတယ်။ ဒီအမှုထဲက (၂၇) မှု ကတော့ ပြန်တွေ့ပြီးတော့ (၁၃) မှုက ပြန်မတွေ့သေးဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီကလေးသူငယ်ပျောက်မှုတွေထဲမှာ ဦးခေါင်းမပါဘဲ အသတ်ခံရတဲ့ အသက်ခြောက်နှစ် အရွယ် ကလေးငယ်လေးရဲ့အမှုလည်း အပါအ၀င် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးသူငယ်တွေ ပျောက်ပြီး ရက်ရက်စက်စက် အသတ်ခံရတဲ့ အမှုမျိုးတွေ ထပ်မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။

““မိဘတွေက ကလေးပျောက်လို့ အမှုတော့ လာဖွင့်ကြတယ်။ တချို့ကျတော့လည်း အမျိုးတွေဆီ ရောက်နေလို့ ပြန်တွေ့တာတွေ ရှိတယ်။ ဒါပေမဲ့ စခန်းကို အကြောင်းမကြားဘူး။ ဒါတွေလည်း ရှိတယ်။ အဓိက ကတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဂရုစိုက်ဖို့လိုတယ်”” လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောပါတယ်။

ကလေးသူငယ် ပျောက်ဆုံးမှုတွေနဲ့ ပတ်သက်ရင် ကလေးတွေ ခေါ်ဆောင်ပြီး ရောင်းချတာတွေ၊ တချို့က ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချတာတွေ စတဲ့ သတင်းတွေ အမျိုမျိုး ထွက်ပေါ်နေကြပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ကကယ်ရှိလား၊ မရှိဘူးလား ဆိုတာ အတိအကျ မသိနိုင်ပေမယ့် ကလေးသူငယ်တွေ အတွက် ကတော့ အလွန်စိုးရိမ်ဖို့ကောင်းတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

““တချို့က စားဝတ်နေရေး အတွက် ရှာဖွေနေရတော့ ကိုယ့်ကလေးကို ဂရုမစိုက်နိုင်ကြဘူး။ ကလေးဆိုတာ ဆော့ချင်တယ်။ စားချင်တယ်။ အယုံလွယ်တယ်။ အဲဒါကြောင့် ကိုယ့်ကလေးအတွက်ကို အချိန်ပေးမှကိုရမယ်””လို့ ရန်ကုန်တိုင်း ဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင် ဒေါ်အေးအေးမြင့်က ဆိုပါတယ်။

ယခုနောက်ပိုင်း အဓိက မှုခင်းဖြစ်စဉ်တွေဖြစ်တဲ့ လူကုန်ကူးမှုတွေမှာလည်း ကလေးသူငယ်တွေ ပါဝင်လာသလို၊ အဓမ္မပြုကျင့် ခံရမှုတွေမှာလည်း ကလေးသူငယ်တွေ ပါဝင်လာတာကိုလည်း တွေ့နေရပါတယ်။

ဒါတွေဟာ ကလေးသူငယ်တွေ အတွက် အဆိုးဝါးဆုံး ထိုးနှက်ချက်တွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေဟာ အနာဂတ်ရဲ့သားကောင်း ရတနာတွေ ဖြစ်ပါတယ်။ မိဘတွေ အတွက်တင် မကပါဘူး။ နိုင်ငံအတွက်လည်း အရေးပါသူတွေ ဖြစ်ပါတယ်။

အဲဒီအတွက် ကလေးသူငယ်တွေရဲ့ အနာဂတ်ကောင်းမွန်စေဖို့ မိဘများတင် မဟုတ်ဘဲ ဆရာ၊ ဆရာမတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းပြီး၊ စနစ်တကျ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေပါပြီ။

““ကိုယ့်အတန်းထဲက ကလေးတွေကိုတော့ အတန်းပိုင် ဆရာမတိုင်း သေချာဂရုစိုက်ကြပါတယ်။ တချို့ကလေးတွေ ကျတော့ မိဘက လာပို့ လာကြိုတာ ရှိသလို၊ တချို့ကျတော့လည်း မိဘတွေက မပို့မကြိုတာတွေ ရှိတယ်။ ဒီလိုကလေးတွေ ကျတော့ သေချာမှာရတာပေါ့။ အိမ်ကိုပဲ တန်းပြန်၊ ဘယ်သူခေါ်ခေါ် မလိုက်နဲ့။ ဘယ်မှဝင်ကစားမနေနဲ့။ ဒါတွေကိုတော့ ပြေထားပါတယ်။ ဒါပေမဲ့ မိဘက ဂရုစိုက်ဖို့တော့ လိုတာပေါ့”” လို့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မူလတန်းပြ ဆရာမဒေါ်သူဇာမြင့် က ဆိုပါတယ်။

ဒါကြောင့် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကလေး သူငယ်တွေတင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေး သူငယ်တွေကို မိဘတွေတင် သေချာစောင့်ရှောက်ဖို့တင် မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ကူညီစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ ဘ၀ကို လုံခြုံကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ရင် အနာဂတ် နိုင်ငံတော်ကို လုံခြုံကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တာနဲ့ အတူတူပါပဲ။ အားလုံးမှာ တာဝန်ရှိပါတယ်။
 
messenger news journal
Credit : http://www.searchmyanmar.com/link/comment/cid/58630#content-58630

No comments:

Subscribe

လာလည်သူများ

free counters