♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 10, 2015

" သစ်ပင်ကို အီးမေးလ် (ဓါတ် စာချွန်လွှာ) ပို့တဲ့ မြို့သားတွေ "


 

သစ်ပင်နဲ့ စကားပြော သူတွေကို တွေ့ ဖူးကြလိမ့်မည်။ သစ်ပင်ဆီ အီးမေးလ် ပို့သူတွေ ကိုတော့ ကြားဖူးချင်မှ ကြားဖူးလိမ့်မည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်း မြို့သူမြို့သား တွေကား သစ်ပင်ဆီ တကယ် အီးမေးလ် ပို့နေကြ၏။ ပို့နိုင်သည့် အခြေအနေ မျိုးလည်း ရှိနေ၏။ မဲလ်ဘုန်းမြို့ အုပ်ချုပ်ရေးအဖွဲ့သည် တစ်မြို့လုံးရှိ သစ်ပင်များ၏ တည်နေရာများကို အသေးစိတ် ကောက်ယူကာ ဒစ်ဂျစ်တယ် မြေပုံပေါ်မှာ တင်ပေးထားသည်။ သစ်ပင် တစ်ပင်ချင်းစီကိုလည်း ဒစ်ဂျစ်တယ် မှတ်ပုံတင် လုပ်ပေးထားသည်။ သစ်ပင် တစ်ပင်ချင်းစီ အတွက်လည်း အီးမေးလ် လိပ်စာ တစ်ခုစီ လုပ်ပေးထားသည်။

““ချစ်ရတဲ့ သစ်ပင်ကြီးရေ””ဟု မေးလ် ပို့သူတစ်ဦးက စာကို အစပြုသည်။““အိမ် ကနေ တက္ကသိုလ်သွားတဲ့ လမ်းတစ်လျှောက် သစ်ပင်ကြီးကို နေ့တိုင်းမြင်နေကျ။ အခုမှပဲ အွန်လိုင်းပေါ်မှာ တွေ့ရတော့တယ်။ သစ်ပင်ကြီးက ဘာအပင်မျိုး ဆိုတာတောင် ကိုယ်မသိပါ။ ဘာပဲဖြစ်ဖြစ် တစ်မြို့လုံးက အပင်တွေထဲမှာ သစ်ပင်ကြီးက အလှဆုံး၊ ကိုယ်အချစ်ဆုံးပဲ””ဟု မဲလ်ဘုန်းမြို့သား တစ်ယောက်က သစ်ပင်ကြီး တစ်ပင်ဆီ မေးလ်ပို့ထားသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မဲဘ်ဘုန်းမြို့က သစ်ပင်တွေကို အီးမေးလ်ပို့တာ အကြိမ်သုံးထောင်လောက် ရှိနေပြီဟု မြို့အုပ်ချုပ်ရေး ကောင်စီက ပြောသည်။ သစ်တစ်ပင်ချင်း အတွက် အီးမေးလ်လိပ်စာ တစ်ခုစီနဲ့ ဒစ်ဂျစ်တယ် မြေပုံမှာ တည်နေရာ အတိအကျ မှတ်တမ်းတင် ဖော်ပြခြင်း ကိစ္စသည် ယခုကဲ့သို့ လူတွေက သစ်ပင်တွေဆီ အီးမေးလ်ပို့ရအောင် အဓိက ရည်ရွယ်ခဲ့သည် တော့မဟုတ်။ အဓိက ရည်ရွယ်ချက်ကား ၂၀၀၉ ခုနှစ် မိုးခေါင်ရေရှားမှုကြောင့် မဲလ်ဘုန်းမြို့က သစ်ပင် (၇၇၀၀)၀ အနက် (၄၀)ရာခိုင်နှုန်း ပျက်စီး ဆုံးပါးခဲ့ရသဖြင့် သစ်တစ်ပင်ချင်း၏ အခြေအနေကို မြို့သူ မြို့သားများက မြို့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေး နိုင်ရေးအတွက် သစ်တစ်ပင်ချင်း၏ တည်နေရာကို ဒစ်ဂျစ်တယ် မြေပုံမှာ မှတ်တမ်းတင်ပြီး

အီးမေးလ် တစ်ခုစီပါ ဖန်တီးပေးထားခြင်း ဖြစ်သည်။

 
 ““ဥယျာဉ်မြို့တော်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ မဲလ်ဘုန်းဟာ မိုးခေါင်ရေရှားမှု နောက်ပိုင်း သစ်ပင် (၄၀) ကနေ (၅၀) ရာခိုင်နှုန်းလောက်ထိ ပျက်စီးဆုံးရှုံး ခဲ့ရတာကြောင့် မဲလ်ဘုန်းမြို့ရဲ့ သဘာဝပတ်ဝန်းကျင် ဖြစ်စဉ်တွေပါ ထိခိုက်ခဲ့ရပါတယ်””ဟု မြို့အုပ်ချုပ်ရေး ကောင်စီမှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာဌာန အကြီးအကဲ အာရွန်ဝုဒ်က ပြောသည်။

““သစ်တစ်ပင်ချင်းအတွက် အီးမေးလ်လိပ်စာ လုပ်ပေးထားတာကြောင့် မြို့သူမြို့သားတွေအနေနဲ့ သက်ဆိုင်ရာ သစ်ပင်ဟာ အကိုင်းတွေ ကျိုးနေလား၊ အရွက်တွေ ခြောက်နေလား၊ အခြေအနေ မကောင်းဘူးလား စသဖြင့် ကိုယ်တွေ့ရတာကို သစ်ပင်ရဲ့ အီးမေးလ်ဆီ ပို့ထားလိုက် နိုင်တယ်။ အုပ်ချုပ်ရေးအဖွဲ့က အီးမေးလ်တွေကို စစ်ကြည့်ပြီး ဘယ်အပင်တွေကို ဘယ်လို ပြုစုထိန်းသိမ်း ကယ်တင်ရမယ် ဆိုတာ အမြန်ဆုံး ဆုံးဖြတ် လုပ်ကိုင်နိုင်တယ်””ဟု မစ္စတာဝုဒ်က ပြောသည်။

သို့သော် လုံးဝ မထင်မှတ်ထားတာ တစ်ခုပါ ဖြစ်လာသည်။ မဲလ်ဘုန်းမြို့နေ များသည် အပင်တစ်ပင်ချင်းစီ၏ ကျန်းမာရေး အခြေအနေများကို ထိုအပင်၏ အီးမေးလ် လိပ်စာသို့ ပေးပို့ခြင်းအပြင် ထိုအပင်သို့ တိုင်တည်သော ပေးစာများကိုလည်း အီးမေးလ် ပို့လာကြခြင်း ဖြစ်သည်။

““ဒီနေ့ စိန့်မေရီ ကောလိပ်ကနေ အပြင်ထွက်လာတော့ ကိုယ်တော်တော် ထိသွားတယ် သစ်ပင်ကြီးရေ၊ သစ်ကိုင်းနဲ့ ထိုးမိတာ မဟုတ်ဘူးနော်။ သစ်ပင်ကြီးရဲ့ အလှက ရင်ကို ထိသွားတာကို ပြောတာ။ တကယ် စွဲဆောင်မှုရှိတဲ့ သစ်ပင်ကြီးနော်”” ဟု ကျောင်းသူ တစ်ဦးကလည်း ကောလိပ်ရှေ့က သစ်ပင်ကြီး၏ အီးမေးလ်သို့ ခံစားချက် စာသားကို ပေးပို့ထားကြောင်း မစ္စတာဝုဒ်က ပြောသည်။

““သစ်ပင်တွေကို သက်ရှိတွေလိုကို သဘောထားပြီး လူတွေက ရင်ဖွင့်တဲ့ အီးမေးလ်တွေ ပို့ကြတယ်။ သစ်ပင်ကြီးကို ဘယ်လောက် ချစ်တဲ့အကြောင်း၊ နေပူဒဏ်က ကာပေးလို့ ကျေးဇူးတင်တဲ့ အကြောင်း၊ မနက်က ခွေးလေး သေးကော့ပန်းလို့ တောင်းပန်တဲ့ အကြောင်းအထိ ပါတယ်”” ဟု မစ္စတာဝုဒ်က ပြောသည်။



““အူတက်အောင် ရီရတာတွေလည်း ပါတယ်။ မျက်ရည်ပါစို့အောင် ခံစားရတာ တွေလည်း ပါတယ်””ဟု မစ္စတာဝုဒ်က ဆိုသည်။

မဲလ်ဘုန်းမြို့ခံများသာ အီးမေးလ်ပို့ရုံ မကသေး။ အမေရိကန်၊ ဂျာမနီ စသည့် ရေမြေခြားကို ပြောင်းသွားကြသော မဲလ်ဘုန်း ဇာတိသားများကလည်း သစ်ပင်ကြီးတွေဆီ အီးလ်မေးပို့ကြသည်။ အဝေးရောက်တော့ လွမ်းရသည့် အကြောင်းတွေ ပါသည်။

နောက်ထပ်လည်း အီးမေးလ်တွေ ထပ်တိုးဝင်လာဖို့ ရှိသည်။ မဲလ်ဘုန်း၏ နွေအပူချိန်ကို လေးဒီဂရီ စင်တီဂရိတ်လောက် လျှော့ချလိုက်နိုင်ဖို့ နောက်ထပ် သစ်ပင်များစွာ တိုးစိုက်မည့် အစီအစဉ် ရှိနေသည်။ တိုးလာသော သစ်ပင်တိုင်း အတွက်လည်း အလားတူ ဒစ်ဂျစ်တယ် တည်နေရာနှင့် အီးမေးလ် ထားရှိမည် ဖြစ်သည်။

မဲလ်ဘုန်းတွင် တစ်နှစ်ကို သစ်ပင် သုံးထောင်စီ တိုးစိုက်သွားဖို့လည်း စီစဉ် ထားသည်။ သစ်ပင်တွေ များလာလို့ အေးမြမည်။ လေကောင်းလေသန့် ရသောကြောင့် အသက်ရှူလည်း ချောင်မည်။ လေထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေ စုပ်ယူပေးသည့် အတွက်လည်း ကျေးဇူးတင်ကြောင်း သစ်တစ်ပင်ချင်း၏ အီးမေးလ် လိပ်စာတွေထဲ အီးမေးလ်စာတွေ မကြာမကြာ ရောက်နေသည်။

သစ်ပင်အမှတ် (၁၀၂၂၁၆၅) ကို ပို့ ထားသည့် တက္ကသိုလ် ကျောင်းသားလေး တစ်ယောက်၏ အီးမေးလ်ကိုလည်း ကြည့်ပါဦး။

““ချစ်ရတဲ့ သစ်ပင်ကြီးရေ။ စိန့်မေရီ ကောလိပ်မှာနေရတာ မင်းပျော်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်လည်း ကောလိပ် တက်ရတာ ပျော်တာပေါ့။ အခုဆို စာမေးပွဲနီးလို့ စာတွေ ပိနေပြီ သစ်ပင်ကြီးရေ၊ သစ်ပင်ကြီးကတော့ အပင်ဆိုတော့ ကောင်းတယ်။ စာမေးပွဲလည်း မဖြေရဘူး။ သစ်ပင်ကြီးနဲ့တော့ စာမေးပွဲအကြောင်း ဆက်မပြောတော့ပါဘူး၊ ဒီကိစ္စမှာ ဒို့တူမှ မတူကြတာပဲ၊ သစ်ပင်ကြီးက အပင်ကြီး၊ ဒို့က လူသား၊ ဘာပဲဖြစ်ဖြစ် ကောလိပ်မှာ အတူရှိရတာ တစ်ခုနဲ့တင် ဒို့ပျော်ရွှင်ရပါ တယ်””ဟု ရေးသားထားသည်။

၁၉၇၅ ခုနှစ်က တေးသံရှင် ဒန်အက်စတဲလာက ဆိုဖူးသည်။ ““တီတီ တာတာ စကားချွေရှာတဲ့ မြက်ကလေးရေ သစ်ပင်ကြီးကို မပြောနဲ့လေ။ သစ်ပင်ကြီး မသိနိုင်ပေ””ဟု ဆိုခဲ့ဖူးသည်။

မဲလ်ဘုန်း အတွက်တော့ ထိုသီချင်း က နည်းနည်း လွဲနေပြီ။ သစ်ပင်ကြီး သိပါသည်။

နောက်ထပ် သစ်ပင် အီးမေးလ် အချို့ကိုလည်း တင်ပြပါဦးမည်။

သစ်ပင် နံပါတ် (၁၄၉၄၃၉၂)

“ခင်မင်ရတဲ့ သစ်ပင်ကြီးရေ။ အခု သစ်ပင်ကြီးနားမှာ ဒို့ ထိုင်နေတယ်နော်။ မဲလ်ဘုန်း သစ်ပင်မြေပုံထဲမှာ ဒို့တွေ့တယ်။ သစ်ပင်ကြီးနားမှာ တခြား အဖော်တွေ မရှိဘူး။ သစ်ပင်ကြီး ၀မ်းနည်းနေရှာမှာ ပဲနော်။ ဒါကြောင့် အားမငယ်ဖို့ အားပေးချင်လို့။ ၀မ်းမနည်းပါနဲ့ သစ်ပင်ကြီးရေ၊ ဒို့စိတ်ထဲမှာ သစ်ပင်ကြီး အမြဲရှိတယ်နော်။ ဒို့အမြဲ တွေးနေတယ်ဆိုတာ ယုံပါ။ ရှုပ်ရှက်ခတ်နေတဲ့ မြို့ပြထဲမှာ ဒို့အတွက် အသက်ရှူဖို့ အောက်ဆီဂျင်တွေ ထုတ်ပေးနေတဲ့ သစ်ပင်ကြီးကို ဒို့များ ထာဝရ ကျေးဇူး တင်နေတယ်ဆိုတာလည်း ယုံပါနော်”

(ဇူလိုင် ၅ ၊ ၂၀၁၅)

သစ်ပင်နံပါတ် (၁၀၃၉၉၁၉)

“ခင်မင်ရတဲ့ သစ်ပင်ကြီးရေ။ မင်္ဂလာပါနော်။ သစ်ပင်ကြီးတို့ရဲ့ ကိုယ်ပိုင် အီးမေးလ်တွေ အကြောင်း ကြားရတာ မကြာသေးဘူး။ သဘောကျလွန်းလို့ စာလှမ်းရေး လိုက်ပါတယ်။ ဒို့က ကမ္ဘာတစ်ဖက်ခြမ်း ရုရှားမှာ နေသူပါ။ သစ်ပင်ကြီးကို လူတွေ များများ ဂရုစိုက်ကြ ပါစေလို့ ဆုတောင်း တယ်နော်။ ကျန်းကျန်းမာမာ ဖြစ်အောင်လည်း ဂရုစိုက်ပါနော်။ တစ်နေ့တော့ သစ်ပင်ကြီးဆီ လာတွေ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”

(ဇူလိုင် ၁၄၊ ၂၀၁၅)

Ref: The Melbourne treemail phenomenon By Shaun Ley (BBC)


The Messenger
 ရောရောသမမွှေ ဘက်မှ သစ်ပင်ကြီး အတွက် ဓါတ်ချွန်လွှာ..
သစ်ပင် နံပါတ် ( ၀၀၀၀၀၀၀ာ)
 " ခင်မင်လေးစားရတဲ့ ဦးဦး သစ်ပင်ကြီးရေ.....နေကောင်းပါရဲ့လား...သတိတွေ အရမ်းရနေလို့  စာရေးလိုက်
ရတာပါ....ငယ်စဉ်တောင်ကျေး လူကလေးဘဝတုန်းက အဖြစ်တွေကို သတိရနေသေးတယ်.... ဦးဦးသစ်ပင်
ကြီးပေါ်ကို တက်ဆော့ခဲ့တာတွေ.....ဦးဦးရဲ့ အကိုင်းပေါ်ကနေ ပြုတ်ကျလို့ ဖင့်ညှောင့်ရိုးနာခဲ့ရတာတွေ..ဦးဦး
ရဲ့ အပင်ရင်းမှာ ရှူရှူး ပန်းခဲ့မိတာတွေကို သတိရနေမိပါတယ်....... နောက်ပြီး ဟိုဘက်လမ်းက ကွမ်းယာရောင်း
တဲ့ ဒေါ်ဒေါ်ဂျမ်းရဲ့ သမီးလေး မိနီနှင့်အတူ ဦးဦးသစ်ပင်ကြီးကို ဝိုင်းပတ်လို့ ဝိုင်းကြီးပတ်ပတ်ကစားခဲ့တာတွေ..
အရွယ်ရောက်လာတော့ မိနီကိုမျက်နှာလေးကို ငေးကြည့်နေရင်း ဘယ်ကမှန်းမသိတဲ့ အချစ်စိတ်တွေပေါက်လာ
ပြီး သူ့ကို တအားနမ်းမိလိုက်တော့ သူလေးက ရှက်ရွံ့ပြီး ဦးဦးရဲ့ ပင်စည်ကြီးကို မျက်နှာလေး အပ်ပြီး ဖွက်ပြုံးလေး
ပြုံးနေမိတာကိုလည်း မှတ်မိနေပါတယ်.....အကြီးကောင်မွေးပြီး အငယ်ကောင့် ကိုယ်ဝန်ရတော့ မိနီက သစ်ခွ
ပန်းပင်လေးစိုက်ချင်တော့ ဦးဦးရဲ့ အကိုင်းလေးမှာ ကပ်ပြီးစိုက်လိုက်တော့ ဦးလည်း အဖော်ရသွားခဲ့တယ်နော်..
ဦးရေ.... ကျွန်တော်နောက်မှ စာရှည်ရှည်ရေးတော့မယ်....မိနီက နဝမမြောက် ကလေးမီးဖွားတော့မှာမို့ ရေမွှာ
မပေါက်ခင် ဆေးရုံပို့ပေးလိုက်ဦးမယ်... တွေ့ကြမယ်နော်ဦးဦး သစ်ပင်ကြီးရေ.... ကျွန်တော်ရှိနေသ၍ ဦးကို လို
လေသေးသည်မရှိအောင် ပြုစုသွားမှာပါ...."
ဦးဦးချစ်တဲ့
တူတော်မောင် ရောသမ ပေါက်စီ
 

No comments:

Subscribe

လာလည်သူများ

free counters