♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 12, 2015

" နေပြည်တော်က ခွပ်ဒေါင်းတို့ရဲ့ အောင်ပွဲ "


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံအားပေးသူများကို ဗဟန်းမြို့နယ် ဌာနချုပ်ရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံအားပေးသူများကို ဗဟန်းမြို့နယ် ဌာနချုပ်ရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ရွေးကောက်ပွဲကတော့
နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) က အောင်မြင်အေးချမ်းစွာနဲ့ ပြီးဆုံးသွားပါပြီ။
စိုးရိမ်ပူပန်မှုတွေကြားက အေးချမ်းစွာ အဆုံးသတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံတကာက
ချီးကျူးဂုဏ်ပြုခံနေတဲ့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။
ယူအီးစီလို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရဲ့
အောင်နိုင်သူကို အတည်မပြု နိုင်သေးပေမယ့် အတိုက်အခံပါတီ အင်န်အယ်လ်ဒီကတော့
အောင်နိုင်သူအဖြစ် အောင်ပွဲခံနိုင်နေပါပြီ။
အင်န်အယ်လ်ဒီပါတီ က သမိုင်းဝင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မျှော်လင့်ထားတာထက်ပိုပြီး
နေရာအနှံ့မှာ အနိုင်ရခဲ့အတွက် တိုင်းပြည်အပြောင်းအလဲကို မျှော်လင့်နေတဲ့ လူထုရဲ့
ယုံကြည်ချက်ကလည်း ပိုမိုတောက်ပလို့ နေပါတယ်။
လက်ရှိ အချိန်မှာ အင်န်အယ်လ်ဒီပါတီက လူထုအတွက် လက်တွေ့ဆောင်ရွက်ပေးနိုင်တဲ့
အခြေအနေမရှိသည့်တိုင် လူထုက 'အပြောင်းအလဲ' အတွက် အင်န်အယ်လ်ဒီကို ယုံကြည်
မဲပေးခဲ့ကြတယ်ဆိုတာ အငြင်းပွားစရာမလိုတဲ့ အချက်တစ်ခုပါပဲ။
လူထုက ဘယ်လောက်တောင် အပြောင်းအလဲကို လိုချင်နေလဲဆိုရင် တပ်မတော်နဲ့ အစိုးရ
ဝန်ထမ်းတွေ အများစုနေထိုင်တဲ့ နေပြည်တော်လို နေရာမျိုးမှာတောင် အင်န်အယ်လ်ဒီ
အောင်ပွဲခံနိုင်တာကို ကြည့်ရင်သိသာပါတယ်။
ရွေးကောက်ပွဲအကြို ကာလတွေမှာ အင်န်အယ်လ်ဒီပါတီက နေရာအများစုမှာ အနိုင်ရမယ်လို့
အတိအကျ ခန့်မှန်းနိုင်သည့်တိုင် နေပြည်တော်မှာတော့ ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီကို အနိုင်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
အထူးသဖြင့် တပ်မတော်က အငြိမ်းစားယူမယ့် ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိ
တာဝန်ထမ်းဆောင်ဆဲ ၀န်ကြီးတွေ၊ နေပြည်တော် ကောင်စီက ထိပ်ပိုင်း ခေါင်းဆောင်တွေက
သေချာပေါက် အနိုင်ရမယ့်နေရာလို့ ယူဆထားတာပါ။
နေပြည်တော် ပြည်ထောင်စု နယ်မြေမှာ ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့က ကိုယ်စားလှယ်ပေါင်း ၄၃ ဦးနဲ့
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ရှစ်ဦးတို့က မြို့နယ် ရှစ်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော် အမတ်နေရာတွေမှာ အနိုင်ရဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေက ၀င်ရောက်
ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း
ဦးလှဌေးဝင်းက ဇေယျာသီရိမြို့နယ်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်က
ပုဗ္ဗသီရိမြို့နယ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်က
ဒက္ခိဏသီရိမြို့နယ်၊ နည်းပညာအချက်အလက်နှင့် ဆက်သွယ်ရေး ၀န်ကြီး ဦးမြတ်ဟိန်းက
ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ်နေရာတွေအတွက် အင်အားကောင်းကောင်းနဲ့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
အလားတူ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေကလည်း ပြည်ခိုင်ဖြိုးပါတီဟောင်းတွေကိုပဲ
ပါတီကထွက်စေပြီး ၀င်ရောက်ပြိုင်ခဲ့တာကြောင့် ရွေးကောက်ပွဲ အကြိုကာလမှာတော့
အင်န်အယ်လ်ဒီက ဒေသခံကိုယ်စားလှယ်တွေ ဗိုလ်ချုပ်ကြီးတွေကို ကျော်နိုင်ပါ့မလားဆိုတာ
စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ မြို့နယ်အဆင့်မှာရတဲ့ နောက်ဆုံး ရလဒ်တွေကတော့ ဇေယျာသီရိမြို့နယ်မှာက ယှဉ်ပြိုင်တဲ့
ဦးလှဌေးဝင်းတစ်ယောက်သာ အနိုင်ရပြီး ကျန်တဲ့မြို့နယ်တွေ အားလုံးမှာတော့ အင်န်အယ်လ်ဒီ
အောင်ပွဲခံနိုင်ခဲ့ပါတယ်။
တပ်မြို့နယ်လို့ ခေါ်ဝေါ်တဲ့ ဇေယျာသီရိ မှာ မဲပေးနိုင်တဲ့ဦးရေက ၇၀,၀၀၀ ကျော်ရှိပြီး
တပ်မိသားစုဝင်တွေရဲ့ မဲကတင် ၂၀,၀၀၀ ၀န်းကျင်လောက် ရှိပါတယ်။
မြို့နယ်က ရရှိတဲ့ အတည်ပြုရလဒ်အရ ၃၆,၇၀၄ မဲနဲ့ ပြိုင်ဘက် အင်န်အယ်လ်ဒီအမတ်လောင်း
ဒေါ်ခင်မျိုးသွင် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အခြေစိုက်ရာ ဇေယျာသီရိမြို့နယ်မှာ ရှိတဲ့
ကျေးရွာတချို့က လူတွေက ဦးလှဌေးဝင်း ကို မသိသူများပေမယ့် အချိန်တိုအတွင်း ပေးခဲ့တဲ့
ကတိတွေကြောင့် လူထုက ယုံကြည်မဲထည့်ခဲ့ကြပါတယ်။
"လျှပ်စစ်မီးတောင် မရတဲ့နေရာဆိုတော့ သူက ဒါတွေလုပ်ပေးမယ်ဆိုတော့ မဲပေးချင်တာပေါ့။
လမ်းတွေ၊ တံတားတွေလည်း ဆောက်ပေးမယ်ပြောတယ်" ဟု ကျွန်းတော ကျေးရွာနေ
ဦးအေးမောင်က ပြောပါတယ်။
ကတိတွေ တည်၊ မတည် မသေချာပေမဲ့ "အကောင်းဆုံး ဆက်လုပ်သွားမယ်" လို့ ဦးလှဌေးဝင်းက
ပြောပါတယ်။
မဲပေးတဲ့နေ့မှာတော့ တခြားပြည်ခိုင်ဖြိုး အမတ်လောင်းတွေကို မဲရုံတွေမှာ လေ့လာစောင့်ကြည့်တာ
သိပ်မတွေ့ရပေမဲ့ ဦးလှဌေးဝင်းကတော့ မဲရုံအခြေအနေတွေကို လေ့လာနေတာ တွေ့ရပါတယ်။
တခြား မြို့နယ်တွေလိုပဲ ဇေယျာသီရိမှာလည်း ဒုတိယအကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ
နာမည်ပါသည့်တိုင် ဒေသခံ ၅၉ ယောက်က မဲပေးခွင့် မရခဲ့ပါဘူး။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က အဆိုပြု ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဦးမြတ်ဟိန်း ကတော့
ဇမ္ဗူသီရိမြို့နယ်မှာ ဦးဖြိုးဇေယျာသော်ကို ရှုံးနိမ့်ခဲ့ပါပြီ။
ဒီအောင်မြင်မှုဟာ ဦးဖြိုးဇေယျာသော်အတွက် နေပြည်တော်မှာ ဒုတိယအကြိမ်မြောက်
အောင်ပွဲခံနိုင်တဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။
အစိုးရ ၀န်ထမ်းအများစု ရဲ့ မဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့သလို အခုလည်း
အစိုးရ၀န်ထမ်း အများစုနေထိုင်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ထပ်မံ အောင်ပွဲခံနိုင်ခဲ့တာပါ။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ ကတိနဲ့ လူထုကို
မဲဆွယ်ခဲ့တဲ့ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် ကတော့ ဒက္ခိဏသီရိမှာ အင်န်အယ်လ်ဒီ အမတ်
ဦးသန့်စင်ထွန်းကို ရှုံးနိမ့်ခဲ့ပါပြီ။
မဲရုံပေါင်း ၁၅ ရုံအနက် ၁၃ ရုံက မဲတွေနဲ့ ဦးသန့်စင်ထွန်းက အနိုင်ရရှိခဲ့တာပါ။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် ယှဉ်ပြိုင်တဲ့ ပုဗ္ဗသီရိမြို့နယ်ကတော့ အငြင်းပွားမှုတွေ
ရှိနေဆဲပါပဲ။
"ရွေးကောက်ပွဲ အခြေအနေကတော့ ကိုယ်မြင်ခဲ့တာ အားလုံးလွတ်လပ်ပြီး တရားမျှတမှု
ရှိတယ်လို့ မြင်တယ်" ဟု ဦးဝေလွင်က ပြောပါတယ်။
ဒါပေမဲ့ အင်န်အယ်လ်ဒီပါတီ အမတ်လောင်း ဦးရည်မွန် (ခေါ်) မောင်တင်သစ် ကို ၁၇၆ မဲနဲ့
ရှုံးနိမ့်ထားပေမယ့် မဲမသမာမှုတွေကြောင့် ပြန်ရေတွက်ပေးဖို့ ဦးဝေလွင်က
တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲရက် နှစ်ရက်ကျော်မှ တောင်းဆိုခဲ့တာကြောင့် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အောင်မြင့် ကတော့ ပြန်ရေတွက်ဖို့ လက်မခံခဲ့ပါဘူး။
ဦးဝေလွင်ကတော့ လက်ရှိအချိန်မှာ ဘယ်သူရှုံးတယ်၊ နိုင်တယ် မပြောလိုသေးဘဲ ကော်မရှင်က
ကြေညာချက်ကိုသာ အတည်ပြုဖို့ စောင့်ဆိုင်းနေပါတယ်။

Credit : http://myanmar.mmtimes.com/index.php/national-news/16518-2015-11-11-11-48-30.html

No comments:

Subscribe

လာလည်သူများ

free counters