♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 1, 2016

"စစ်ကဲမောင်ထော်လေး "

(၁)
ဗိုလ်ဆွန်ပက်လမ်းသည် ကျွန်တော်နှင့် အရင်းနှီးဆုံးလမ်း ဖြစ်သည်။ တက္ကသိုလ် ကျောင်းတက်သောအခါ ထိုလမ်းထဲတွင် ပဲခူး-ရန်ကုန် ဥဿာယာဉ်လိုင်း စတင်ပြေးဆွဲသည့်လမ်း ဖြစ်သောကြောင့် ဖြစ်သည်။ ကျောင်းပိတ်သည့် နေ့များတွင် တက္ကသိုလ်မှ မြို့ထဲထွက်ပြီး ရွှေခေါင်းလောင်းဆိုင်တွင် လက်ဖက်ရည်နှင့် ကော်ပြန့်စားသည်။ ပြီးလျှင် ဟီးနိုးလိုင်းကားဖြင့် ပဲခူးသို့ ပြန်သည်။ ၁၉၇၆ ခုနှစ်လောက်က ရန်ကုန်-ပဲခူး ကားခမှာ ငါးကျပ် ဖြစ်သည်။ ထိုအချိန်က ဗိုလ်ဆွန်ပက်လမ်းဟု မခေါ်သေး။ မောင်ထော်လေးလမ်းဟုသာ ခေါ်ကြသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ မောင်ထော်လေးလမ်းအစား ဗိုလ်ဆွန်ပက်လမ်းဟု ပြောင်းလိုက်ကြသည်။ အင်္ဂလိပ်ခေတ်က ရန်ကုန်မြို့ရှိ လမ်းအမည် အတော်များများကို အင်္ဂလိပ်အမည်များ မှည့်ခေါ်ထားကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်သာမက ဆိုရှယ်လစ်ခေတ် တစ်ခေတ်လုံး မောင်ထော်လေးလမ်းဟု တွင်ခဲ့သောလမ်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်ကျမှ အမည်ပြောင်းလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ဆွန်ပက် ဆိုသည်က အင်္ဂလိပ် နယ်ချဲ့တို့ကို ဆန့်ကျင်သည့် ချင်းအမျိုးသား တော်လှန်ရေးခေါင်းဆောင်။ နယ်ချဲ့ကို ဆန့်ကျင်တော်လှန်သော ခေါင်းဆောင်ကို ဂုဏ်ပြုသောအားဖြင့် လမ်းအမည် တပ်လိုက်သည်ဆိုလျှင် မောင်ထော်လေး ဆိုသည့်သူသည် မည်သူနည်းဟု စဉ်းစားစရာ ဖြစ်သည်။
မောင်ထော်လေး မည်သူနည်း။ ကျွန်တော့်စိတ်ထဲတွင် တောက်လျှောက် ပဟေဠိ ဖြစ်ခဲ့ရသည်။ မောင်ထော်လေးသည် နယ်ချဲ့လက်ပါးစေလော၊ အင်္ဂလိပ် သစ္စာခံလော။ အဘယ်ကြောင့် သူ့အမည်အစား ဗိုလ်ဆွန်ပက်ကို အစားထိုးရသနည်း။ ဗိုလ်ဆွန်ပက်လည်း တိုင်းရင်းသားတစ်ယောက်၊ မောင်ထော်လေးကလည်း မွန်အမျိုးသား တစ်ယောက် ဖြစ်ကြောင်း ကျွန်တော်သိ လိုက်ရသည်။
သမိုင်းတွင် လူစားထိုး လဲလှယ်ခံရခြင်း ဆိုသည်မှာ အနည်းငယ်တော့ စဉ်းစားစရာ ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်တော့်အနေနှင့် မောင်ထော်လေးအကြောင်း စူးစမ်းလေ့လာမိပါသည်။

(၂)


မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ စိုးမိုးအုပ်ချုပ်ချိန်က ပထမနှင့် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲများတွင် ပါဝင်ခဲ့ကြသည့် အင်္ဂလိပ် စစ်ဗိုလ်များကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ရှိ လမ်းအမည်များကို အင်္ဂလိပ် စစ်ဗိုလ်အမည်များ ပေးခဲ့ကြသည်။ ထိုအခါ မြို့သူမြို့သားများက ဦးထော်လေးနှင့် ဦးခိုင်တို့ကို ဂုဏ်ပြုသောအားဖြင့် သူတို့၏ အမည်များဖြင့် လမ်းအမည်များ ထည့်သွင်းခေါ်ဆိုရန် တောင်းဆိုခဲ့ကြရာမှ ရန်ကုန်မြို့တွင် မောင်ထော်လေးလမ်းနှင့် မောင်ခိုင်လမ်းဟူ၍ အမည်တွင်ခွင့်
ရခဲ့ကြသည်။
မောင်ထော်လေးခေါ် ဦးထော်လေးသည် ယခု (ဗိုလ်ဆွန်ပက်) လမ်းအတွင်းရှိ နှစ်ပေါင်း ရာကျော်နေပြီဖြစ်သော ကွန်ဗင့်ကျောင်းကြီး ဆောက်ရန် လုပ်ဆောင်မှုကို အပြင်းအထန် ကန့်ကွက်ခဲ့သူ ဖြစ်သည်။ သူက မွန်လူမျိုး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး သူနေထိုင်ရာလမ်းတွင် ခရစ်ယာန် သာသနာပြု ကျောင်းကြီးတစ်ကျောင်း လာဆောက်ပြီး ခရစ်ယာန် သာသနာ ထွန်းကားမည်ကို စိုးရိမ်သောကြောင့် တားမြစ်ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။
ဦးထော်လေး အမည်ရှေ့တွင် စစ်ကဲဆိုသည့် ဂုဏ်ပုဒ်ရှိသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းက အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ သိမ်းတိုက်ပွဲကို ရေကြောင်းမှကတစ်ဆင့် ထိုးစစ်ဆင်ရာတွင် ဦးထော်လေးသည် ကမ်းနားလမ်းမှ ခုခံတိုက်ခိုက်ရင်းက နောက်ဆုံးတပ်ကို ဆုတ်ခဲ့ပြီး ရွှေတိဂုံကုန်းတော်သို့ ပြောင်းရွှေ့ရာတွင်လည်း မောင်ထော်လေးလမ်းကပင် ဆုတ်ခွာလာခဲ့ခြင်း ဖြစ်သည်။ ဤအချက်များကြောင့် လမ်းကို မောင်ထော်လေးလမ်းဟု အမည်ပေးခဲ့ရကြောင်း အင်္ဂလိပ်တို့က မှတ်တမ်းတင်ခဲ့သည်။
သို့ဖြစ်ရာ မောင်ထော်လေးလမ်းခေါ် ဗိုလ်ဆွန်ပက်လမ်းသည် ရာဇဝင်သမိုင်းမှတ်တမ်း ရှိခဲ့သည့် လမ်းတစ်လမ်း ဖြစ်သည်။ စစ်ကဲ မောင်ထော်လေးလမ်းကို ကုန်းဘောင်ခေတ်က မုန့်တီကုန်းဟု ခေါ်ကြသည်။

(၃)


စစ်ကဲမောင်ထော်လေးကို မြန်မာသက္ကရာဇ် ၁၁၃၅ ခုနှစ်၊ ခရစ်နှစ် ၁၇၇၄ ခုနှစ်တွင် မုတ်ကျွန်း၌ မွေးဖွားခဲ့သည်။ ထိုအချိန်သည် ဆင်ဖြူရှင်ခေါ် မြေဒူးမင်း နန်းစံသည့် အချိန်လည်း ဖြစ်သည်။ မောင်ထော်လေး၏ မိဘများသည် မုတ္တမမွန်မျိုးမှ ဆင်းသက်လာသူများ ဖြစ်သော်လည်း မြန်မာမင်းထံတွင် အမှုထမ်းသော မွန်လူမျိုး မင်းမှုထမ်းများ ဖြစ်ကြပြီး မောင်ထော်လေး တစ်နှစ်သား အရွယ်ခန့်တွင် ရန်ကုန်သို့ လာရောက် အခြေစိုက် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
မောင်ထော်လေးသည် ဘိုးတော်ဦးဝိုင်း လက်ထက် အသက်သုံးဆယ်ကျော် အရွယ်တွင် ဒလမြို့စား ဖြစ်လာသည်။ ဘကြီးတော် ဘုရားလက်ထက်တွင်လည်း မင်းကျော်သီဟ (ကျော်ထင်သီဟသူ) ဘွဲ့ကို ခံယူခဲ့ရသည်။ ထိုစဉ်က သန်လျင်မြို့ဝန်သည် သမိန်ဘရူးဘွဲ့ခံ မောင်စပ် ဖြစ်သည်။ မောင်စပ်သည် သန်လျင်တွင် မွန်-ဗမာ သွေးခွဲမှုများ ပြုလုပ်ခြင်း၊ အင်္ဂလိပ်များနှင့် တိတ်တဆိတ် ဆက်သွယ် ကုန်သွယ်ခြင်းများ ပြုလုပ်နေသဖြင့် မွန်လူမျိုးလည်းဖြစ်၊ မျိုးချစ်စိတ်လည်းရှိသော မောင်ထော်လေးနှင့် မောင်စပ်တို့သည် သင့်မြတ်ခြင်း မရှိကြပေ။
မောင်ထော်လေးသည် မိမိအုပ်ချုပ်ရသည့် ဒလကို နိုင်နင်းစွာ အုပ်ချုပ်နိုင်သည့်အပြင် မိမိနယ်ပယ်အတွင်း ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် ဘုရား၊ ဂူ၊ ကျောင်းပျက်များကို ပြုပြင် တည်ဆောက်ခြင်း၊ ဗုဒ္ဓစာပေများကို ကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး ပေထက် အက္ခရာ တင်စေခြင်းများ ပြုလုပ်ခဲ့သည်။
၁၈၁၅ ခုနှစ် အင်္ဂလိပ်-မြန်မာ အရေးအခင်း ဖြစ်ပွားသည့်အခါတွင် မောင်ထော်လေးသည် စစ်မှုထမ်းခဲ့ရာ ဗိုလ်ချုပ်စကြာ ဝန်ကြီး၏ လက်အောက်တွင် စစ်သူရဲ ၇၀၀ ကိုအုပ်ချုပ်ရသည့် စစ်ကဲကြီး ဖြစ်လာသည်။
အင်္ဂလိပ်-မြန်မာစစ်ပွဲ စတင်ဖြစ်ပွားရာတွင် ပန်းဝါနှင့် ရာမူးဘက်တွင် မြဝတီမင်းကြီး ဦးစနှင့် စစ်သူကြီး မဟာဗန္ဓုလတို့၏ နှိမ်နင်းမှုကြောင့် အင်္ဂလိပ်တပ်များ ရန်ကုန်ဘက်သို့ ပြန်ဆုတ်လာခဲ့ရသည်။ ရန်ကုန်သို့ ဆုတ်လာသော အင်္ဂလိပ်တပ်များသည် စစ်မျက်နှာ သစ်ဖွင့်ကာ ရန်ကုန်ကို သိမ်းပိုက်နိုင်ရေးအတွက် ဆာအာချီဘောလ် ကင်းဘဲဦးဆောင်ပြီး ထိုးစစ်ဆင်ခဲ့ကြသည်။ ထိုစဉ်က ရန်ကုန် မြို့စောင့်တပ်များကို ဦးစီးရသည့် မောင်ထော်လေးသည် အင်္ဂလိပ်တို့ ကမ်းပေါ် မတက်နိုင်စေရေးအတွက် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြသည်။
မောင်ထော်လေးနှင့် မတည့်သည့် သန်လျင်မြို့ဝန် မောင်စပ်သည် ပုဇွန်တောင် ခံတပ်ဘက်မှ လမ်းဖွင့် ပေးလိုက်သောကြောင့် အင်္ဂလိပ်တို့သည် ပုဇွန်တောင်ဘက်မှ မြို့ပေါ်သို့ တက်လာနိုင်ခဲ့သည်။ စစ်ကဲ မောင်ထော်လေး၏ တပ်များသည် အပြင်းအထန် ခုခံရာမှ အင်အားချင်း မမျှသဖြင့် ရွှေတိဂုံ ကုန်းတော်ဘက်သို့ ဆုတ်ခွာ တပ်စွဲထားခဲ့သည်။ မောင်ထော်လေးနှင့် တပ်သားများသည် ရွှေတိဂုံဘုရား အာဇာနည်ကုန်း၊ သွေးဆေးကန်ဘက်မှ အင်္ဂလိပ်တို့ကို ပြန်လည်ခုခံ တိုက်ခိုက်ရင်း ရွှေတိဂုံကုန်းတော် တနင်္ဂနွေထောင့် တွင် အင်္ဂလိပ် ကာနယ်တစ်ဦးနှင့် မေဂျာတစ်ဦး ကျဆုံးခဲ့သည်။ နောက်ဆုံး အင်္ဂလိပ်တို့ကို လက်နက်အင်အား မယှဉ်နိုင်သောကြောင့် မောင်ထော်လေးနှင့် တပ်များသည် ကမာရွတ်ဘက်သို့ ဆုတ်ခွာခဲ့ရသည်။
၁၈၂၆ ခုနှစ်တွင် မင်းကြီးမဟာဗန္ဓုလ ကျဆုံးပြီး ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့ပြီးနောက် စစ်ကဲ မောင်ထော်လေးသည် ဒလမြို့ကို ဆက်လက်အုပ်ချုပ်သည်။ သန်လျင်စား မောင်စပ်သည် အင်္ဂလိပ်တို့နှင့် ပူးပေါင်းပြီး မြန်မာဘုရင်ကို တော်လှန်ပုန်ကန်သည်။ မောင်စပ်က မောင်ထော်လေးကို မိမိတို့နှင့် ပူးပေါင်းပြီး မြန်မာဘုရင်ကို တိုက်ခိုက်ရန် သွေးဆောင်သော်လည်း မောင်ထော်လေးသည် ပူးပေါင်းခြင်း မရှိပေ။ မြန်မာဘုရင်သည် မွန်လူမျိုးများအပေါ် သင်္ကာမကင်း ဖြစ်လာသည်ကို သိမြင်လာသောကြောင့် မောင်ထောင်လေးသည် မော်လမြိုင်ဘက်သို့ တိမ်းရှောင်ခဲ့လေသည်။

(၄)


မောင်ထော်လေးသည် မော်လမြိုင်သို့ ရောက်စဉ်ကလည်း မော်လမြိုင်ကို စည်ကားအောင် ပြုပြင်ခဲ့သောကြောင့် နာမည်ရခဲ့သည်။ ၁၈၃၅ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက သူ့ကို မော်လမြိုင်တွင် တရားသူကြီး စစ်ကဲခန့်ကာ မြို့ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ခိုင်းခဲ့သည်။ မောင်ထော်လေး ရုံးစိုက် တရားစီရင်ရာနေရာကို ယခုတိုင် စစ်ကဲကုန်းဟု ဂုဏ်ပြုခေါ်ဝေါ်ရသည်အထိ ထင်ရှားခဲ့သည်။
၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့ပြန်သည်။ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ဇူလိုင်လတွင် ရန်ကုန်သို့ ရောက်လာပြီး ပဲခူးနယ်ဘက်ကိုပါ ဆက်လက် သိမ်းပိုက်ရန် ပြင်ဆင်နေခဲ့သည်။ မောင်ထော်လေးသည် မော်လမြိုင်မြို့ကြီးကို ၂၅ နှစ်တာ ပြန်လည် စည်ပင်ရေး ကြိုးစားဆောင်ရွက် နိုင်ခဲ့သောကြောင့် နာမည်ကောင်းများ ရခဲ့သည်။
ထိုအချိန်တွင် ရွှေတိဂုံဘုရားတွင် တပ်စွဲထားသော အင်္ဂလိပ် စစ်တပ်များသည် ရွှေတိဂုံ စေတီတော်ကြီး၏ ဌာပနာတိုက်ကို ဖောက်ထွင်းနေကြောင်း သတင်းရသဖြင့် မောင်ထော်လေးသည် ရန်ကုန်သို့ အမြန်လာရောက်ခဲ့သည်။ ရန်ကုန် ရောက်သည့်အခါ မောင်ထော်လေးသည် အင်္ဂလိပ်အစိုးရ အဆင့်ဆင့်သို့ ရွှေတိဂုံ စေတီပေါ်တွင် အင်္ဂလိပ်တပ်များ မဖွယ်မရာ လုပ်ဆောင်မှုများကို တင်ပြတိုင်ကြားခဲ့သည်။
အင်္ဂလိပ် စစ်တပ်သည် ပထမစစ်ပွဲပြီးစဉ် ကတည်းက မောင်ထော်လေးနှင့်တပ်ဖွဲ့ ရွှေတိဂုံကုန်းမှ ဆုတ်ခွာသွားစဉ်ကပင် ရွှေတိဂုံကုန်းပေါ် တပ်စွဲပြီး တူးဖောက်မှုများကို ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ ဒုတိယစစ်ပွဲ ကာလတွင်လည်း ရွှေတိဂုံကုန်းတော် တစ်ခုလုံးကို တူးဖောက် ထားသည်မှာ မြင်မကောင်းအောင် ဖြစ်နေခဲ့သည်။ အင်္ဂလိပ် စစ်သားများသည် ရွှေတိဂုံကုန်းတော် ဌာပနာတိုက်ကို ရည်စူးပြီး လိုဏ်ခေါင်းများ တူးဖောက်ခဲ့ခြင်း ဖြစ်သော်လည်း မအောင်မြင်ခဲ့ကြပေ။ ထိုအချိန်က ရွှေတိဂုံ စေတီတော်တွင် တပ်စွဲထားသည့် အင်္ဂလိပ်တပ်မှ ဗိုလ်ဖရေဇာ (Lt.A.Fraser) ဦးဆောင်ပြီး ဌာပနာတိုက် ဖောက်နေခြင်းကို မောင်ထော်လေး ဦးဆောင် တိုင်ကြားတားမြစ်ခြင်းကြောင့် ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက အမိန့်ထုတ်ပြန် တားဆီးခဲ့ရလေသည်။
မောင်ထော်လေးသည် ရန်ကုန် ပြန်ရောက်လာပြီးနောက် ဌာပနာတိုက်ကို ရောက်ရန် ဖောက်ခဲ့သည့် တွင်းပေါက်ဝများကို ပြန်လည် ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့လေသည်။ အတွင်းကျောက်ဖျာ ရောက်လုလု ဖြစ်နေသည့် လိုဏ်ခေါင်းကြီးကို ဂဝံကျောက်၊ ငွေအုတ်ချပ်များဖြင့် တစ်ထပ်ချင်း စနစ်တကျ ပိတ်ဆို့ခြင်း ပြုလုပ်နိုင်ခဲ့သည်။ ထို့ပြင် ရွှေတိဂုံစေတီကြီး၏ အထက်ချရားသီးမှ ဖိနပ်တော်တိုင် ကိုယ်လုံးပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြန်သည်။ ထီးတော်ကြီးကိုလည်း ရွှေပြားခတ်ပြီး ငွေသား သံသေဆည်းလည်းပေါင်း ၉၆၀ အပါအဝင် ရွှေ၊ ငွေတို့ဖြင့် ရောစပ်ထားသည့် ညောင်ရွက်များ တပ်ဆင်ကာ ပူဇော်ခဲ့သည်။ တနင်္ဂနွေထောင့်တွင် ပျက်စီးနေသော နောင်တော်ကြီး စေတီကိုလည်း ပြန်လည် မွမ်းမံခဲ့ကာ ကျောက်စာတိုင် စိုက်ခဲ့သည်။

(၅)


စစ်ကဲ မောင်ထော်လေးခေါ် ဦးထော်လေးသည် အသက် ၇၇ နှစ်အရွယ်တွင် မော်လမြိုင် စစ်ကဲ တရားသူကြီးဘဝမှ ပင်စင်ယူပြီး ရန်ကုန်တွင် လာရောက် အခြေချ နေထိုင်ခဲ့သည်။ ဝိတိုရိယ ဘုရင်မကြီးက ဦးထော်လေးကို ကျက်သရေဆောင် ရွှေစလွယ်ရမင်း ဘွဲ့ပေးအပ်ပြီး ချီးမြှင့်ဂုဏ်ပြုခဲ့သည်။
ဦးထော်လေးသည် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ရည်ညွှန်း - စစ်ကဲမောင်ထော်လေး၊ စီးပွားရေး မြင့်ဦး၊ ရှုမဝမဂ္ဂဇင်း၊ ဇန်နဝါရီ ၁၉၅၄ ခုနှစ်

ကျော်ဗလ
Credit :  http://www.thevoicemyanmar.com/index.php/society/item/4432-skm

No comments:

Subscribe

လာလည်သူများ

free counters