♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 24, 2015

" အလှပြုပြင် အိုလုလင် "

 
သျှောင်တစ်စောင်းဘေးချ ကြွက်သားကြွကြွ ထိုးကွင်းလှလှတို့ဖြင့် မြန်မာ့လုလင်တို့၏ ယောက်ျား ပီသသော ဟန်ပန်သည် ပဒေသရာဇ်ခေတ်တွင် ဝေဝေဝေါးဝါး ကျန်ရစ်ခဲ့ပြီ။
၂၀ ရာစုလုလင်ပျိုတို့သည် ဘုရားပေးသော မျက်နှာများကို သုခုမပညာ အစွမ်းဖြင့် ခြယ်သပြုပြင်ရန်စိတ်ဝင်စားလာပြီ
 ဖြစ်သည်။ သျှောင်ဆံထုံးလည်း ဘေးမကျလို၊ ထိုးကွင်း အလှဖြင့်လည်း အကြားမပိုလိုတော့ချေ။ သုခုမဆေးပညာ အစွမ်းဖြင့်သာ အလှခြယ်လိုလာကြသည်။
ဘိုကေကို ကော့စမစ်အရွှဲသား၊ ပိုးမာဖလာနှင့် ကိုဘီအေမြို့အုပ်လောင်း ကောလိပ်ဂျင်တို့ ခေတ်ရောက်သောအခါ မြန်မာ့ လုံမပျိုတို့နည်းတူ မျက်နှာချေဖွေးဖွေးနှင့် မြန်မာ့လုလင်ပျိုတို့ အလှပြင်ခဲ့ကြသည်။ ဆံပင်ရှည်၊ ဖဲဘောင်းဘီအကျပ်နှင့် ဂစ်တာကြီး ဒေါင်ဒင်တီးကာ မိတ်ကပ်ပါး ပါးဖို့ခဲ့ကြသည့် မြန်မာ့လုလင်တို့၏ ပရက်စလေခေတ်လည်း ရှိခဲ့ဖူးသည်။
နောက်ဆုံးပေါ် Day Cream၊ Night Cream၊ အသားအရေ ထိန်းသိမ်းနည်းများဖြင့် Beauty Spa များတွင် အချိန်ယူ အလှပြင်ခဲ့သော မြန်မာ့လုလင်တို့၏ ခေတ်ပြန်လာသည်မှာလည်း မကြာလှသေး။ အခုနောက်ဆုံးပေါ် မြန်မာ့လုလင်တို့၏ အလှပြင်ဆင်နည်းကတော့ မာတာမိခင် ပေးထားသည့် မွေးရာပါမျက်နှာပြင် တစ်ခုလုံးကို ဆေးပညာ အကူအညီဖြင့် ခွဲစိတ်ပြုပြင်ခြင်းပင်။
“ကျွန်တော် ဝါသနာပါတဲ့ မော်ဒယ်လ် အလုပ်အတွက် ကျွန်တော့်မျက်နှာက အချို့ အစိတ်အပိုင်းတွေဟာ ကြည့်ကောင်းနေဖို့ လိုအပ်ပါတယ်” ဟု မျက်နှာပြုပြင်ထားသည့် အမျိုးသား မော်ဒယ်လ်တစ်ဦးဖြစ်သူ ကိုစည်သူသွေးက ဆိုသည်။
ကိုစည်သူသွေးသည် မကြာသေးမီ ကာလအတွင်းကမှ မေးရိုး၊ နှာတံနှင့် မျက်ခုံးတို့ကို ထိုင်းနိုင်ငံမှ ရန်ကုန်မြို့တွင် လာရောက် ဖွင့်လှစ်ထားသည့် ဆာဂျရီနည်းဖြင့် မျက်နှာ အထူးပြုပြင် ဆေးခန်းတစ်ခုဖြစ်သော Wuttusak ဆေးရုံခွဲတွင် ပြုပြင်ခဲ့ခြင်း ဖြစ်သည်။
တိုးတက်လာသော ဆေးပညာနှင့်အတူ မျက်နှာခွဲစိတ် ပြုပြင်ခြင်းနှင့် ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်ခြင်းများသည် ၂၀ ရာစု နိုင်ငံတကာ လူနေမှုစနစ်အတွင်း ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ မျက်နှာနှင့် ခန္ဓာကိုယ် ခွဲစိတ်အထူးပြုသည့် ဆေးပညာ တစ်ခေတ်ဆန်းသစ် လာခဲ့ပြီး ယင်းဆေးပညာကို သုခုမဆေး ပညာဟုပင် ကဗျာဆန်ဆန် နာမည်ပေးထားကြသည်။
ကိုရီးယား အနုပညာရှင်တို့၏ လွှမ်းမိုးမှုကို ခံရသော မြန်မာ့အမျိုးသမီး အသိုက်အဝန်းတွင်လည်း သုခုမဆေးပညာဖြင့် မျက်နှာပြုပြင်ခြင်းများ၊ ခန္ဓာကိုယ် ပြုပြင်ခြင်းများ ရေပန်းစားလာခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာခဲ့ပြီ ဖြစ်သည်။ ယခုတော့
အမျိုးသမီး အသိုက်အဝန်းသာမက အမျိုးသားများ အကြားတွင်လည်း မျက်နှာ အလှပြုပြင်သူဦးရေ တဖြည်းဖြည်း များပြားလာသည်။
“ကိုယ့်မျက်နှာကိုယ် လှအောင်ပြင်တာ ကောင်းတာပေါ့။ မြင်ရတဲ့လူလည်း စိတ်ချမ်းသာတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှဝေဖန်စရာ မရှိဘူး” ဟု ခန္ဓာကိုယ်အနှံ့ လှပသော တက်တူးများကြောင့် လူမှုကွန်ရက် စာမျက်ထက် ကျော်ကြားလာသူ မမေဖူးက ဆိုလာသည်။ မမေဖူးနှင့် ဆန့်ကျင်သော အမြင်ရှိသူက ထိုင်ဝမ်တွင် နေထိုင်သူ မအေးချမ်းမိုး ဖြစ်သည်။ သူမ၏အမြင်က အများစုသော မြန်မာ အမျိုးသမီးထုကို ကိုယ်စားပြုဟန် ရှိသည်။
“ယောက်ျားလေး တစ်ယောက်အတွက် အလှအပဆိုတာ အဲ့ဒီလောက်အထိ အရေးမကြီးဘူးလို့ ကျွန်မတော့မြင်တယ်။ ယောက်ျားဆိုတာ သဘာဝအတိုင်း ယောက်ျားပီပီသသ ခံ့ခံ့ညားညားဆို လုံလောက်ပါပြီ” ဟု ၎င်း၏အမြင်ကို ဆိုသည်။ ကျားကျားလျားလျား အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတို့ကား အလှအပကို မက်မောလှသည့် ဆယ့်ကိုးတောင်ဝတ်များအဖြစ် လျော့ကျခဲ့ပြီလော။
အမျိုးသားတို့သည်ကား အဘယ်အကြောင်းတရားကြောင့် သဘာဝမျက်နှာကို နည်းပညာမျက်နှာဖြင့် အစားထိုးကြသနည်း။ “ကျွန်တော်တို့က ပြည်သူတွေရှေ့မှာ မျက်နှာကို အမြဲတမ်း ပြနေရမယ့် (Public Face) တွေ။ ကိုယ့်ကိုကြည့်တဲ့ လူတွေကို လေးစားဖို့လိုတယ်။ အဲဒီတော့ ပြင်ဖို့လိုတယ်။ ပြင်ရဲဖို့လိုတယ်။ ကိုယ့်ကို ကြည့်လိုက်ရင် လူတွေစိတ်ချမ်းသာတဲ့ ရုပ်မျိုးဖြစ်အောင် ပြင်ခဲ့တာ” ဟု မကြာမီကမှ မျက်နှာခွဲစိတ် ပြုပြင်ထားသည့် အနုပညာရပ်ဝန်းမှ လူသိများ ထင်ရှားသူ အမျိုးသား တီဗီစတားတစ်ဦးက သူ့အယူအဆကို ထုတ်ဖော်သည်။
Wuttusak ဆေးရုံတွင် အခြား ရုပ်ရှင်သရုပ်ဆောင်များ၊ မော်ဒယ်လ်များနှင့် ရုပ်သံ အစီအစဉ် တင်ဆက်သူ အချို့လည်း မျက်နှာပြုပြင်လေ့ ရှိကြောင်း ကိုစည်သူသွေးက ဆိုသည်။ ယခင်က မြန်မာနိုင်ငံရှိ မျက်နှာ အလှပြုပြင် လိုသူများသည် ကိုရီးယားနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့ရှိ ဆေးရုံများနှင့် ချိတ်ဆက်ကာ သွားရောက် ပြုပြင်ခဲ့ရသော်လည်း လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ ပြည်တွင်းတွင် ပြုပြင်ပေးသည့် ဆေးခန်းများ ပေါ်ပေါက်လာခဲ့သည်။
အဆိုပါ ဆေးခန်းများအနက် Dr. Face နှင့် Wuttusak တို့သည် မျက်နှာ ပြုပြင်သူတို့အကြား ရေပန်းစားသည့် ဆေးခန်းများ ဖြစ်သည်။ မျက်နှာပြုပြင်သည် ဆိုရာတွင် ခွဲစိတ်ပြုပြင်ခြင်း (Surgery) နည်းနှင့် ခွဲစိတ်ကုသရန် မလိုအပ်သည့် နည်းဖြင့် ပြုပြင်ခြင်း (Aesthetic) နည်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မျက်နှာပြုပြင်သူများ အနေနှင့် ခွဲစိတ်ပြုပြင်ခြင်းထက် ခွဲစိတ်ရန် မလိုအပ်သည့် နည်းဖြင့် ပြုပြင်ခြင်းကို ပိုမိုသဘောတွေ့ကြကြောင်း မျက်နှာ ခွဲစိတ် အထူးပြု ဆရာဝန်များ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ခွဲစိတ်ရန် မလိုအပ်သည့် နည်းဖြင့် ပြုပြင်ခြင်း (Aesthetic) နည်းဆိုသည်မှာ မျက်နှာအား မေ့ဆေး၊ ဓားတို့ အသုံးပြုစရာမလိုဘဲ ပြုပြင်သည့်နည်း ဖြစ်သည်။
ယခင်က မျက်နှာပြုပြင်ရာတွင် အသုံးများခဲ့သည့် ခွဲစိတ်ပြုပြင်ခြင်း (Surgery) နည်းတွင် မေးရိုးစသော အစိတ်အပိုင်းများ ကိုပြုပြင်ရန်အတွက် မျက်နှာကို ခွဲစိတ်ပြီး မေးရိုးကိုချိုးပစ်ကာ လိုအပ်သောပုံကို ပြုပြင်ယူရလေ့ရှိသည်။ အဆိုပါနည်းသည် အန္တရာယ်များပြီး မျက်နှာပုံစံ အမှားအယွင်း ဖြစ်သွားပါက ပြန်ပြင်ရန် မလွယ်ကူတော့ချေ။
(Aesthetic) ကုထုံးတွင်မူ Botox ဟုခေါ်သည့် ထိုးဆေးတစ်မျိုးကို အသုံးပြုကာ မျက်နှာမေးရိုး၊ နှာခေါင်း၊ ပါးများကို လိုအပ်သလို ပြုပြင်ယူ၍ရပြီး ခွဲစိတ်ပြုပြင်နည်းထက် အန္တရာယ် ပိုနည်းကာ အမှားအယွင်းဖြစ်လျှင် ပြန်ပြင်ရလွယ်သည့်အတွက် (Aesthetic) ကုထုံးဖြင့် မျက်နှာပြုပြင်သူ များပြားလာကြောင်း Wuttusak ဆေးရုံမှ Aesthetic Specialist ဒေါက်တာ ဇော်မင်းဦးက ရှင်းပြသည်။
ကိုစည်သူသွေးသည်လည်း ၎င်း၏ မေးရိုးနှင့် နှာတံကို ပြုပြင်ရာတွင် ခွဲစိတ်ရန် မလိုအပ်သည့် (Aesthetic) နည်းလမ်းဖြင့် သုခုမဆေးပညာ၏ အကူအညီကို ယူခဲ့ရသည်။ ၂၀၁၁ ခုနှစ်ကို အခြေခံ တွက်ချက်ခဲ့သည့်နောက် ကမ္ဘာပေါ်တွင် ထိုတစ်နှစ်အတွင်း ပလတ်စတစ် ဆာဂျရီနည်းဖြင့် ခွဲစိတ်ကုသမှု ခံယူသူပေါင်း ၁၅ သန်းကျော် ရှိခဲ့ကြောင်း ဒေးလီးမေးလ် သတင်းစာ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ခွဲစိတ်ရန် မလိုအပ်သည့် ဆေးပညာဖြင့် မျက်နှာပြုပြင် ကုသမှုခံယူသူပေါင်း အရေအတွက် မည်မျှ တိုးတက်လာသည်ကိုကား စစ်တမ်းများ ကောက်ယူဆဲ ဖြစ်သည်ဟု အဆိုပါ သတင်းစာက ဆိုထားသည်။
မြန်မာနိုင်ငံတွင် မျက်နှာပြုပြင်ခြင်း နည်းပညာများ ပိုမိုလွယ်ကူလာပြီးနောက် အမျိုးသမီးများသာမက အမျိုးသား အများစုပါ မျက်နှာပြုပြင်ခြင်း ပြုလုပ်လာကြပြီ ဖြစ်သည်။ “မျက်နှာပြုပြင်ဖို့ လာတဲ့လူတွေမှာ အမျိုးသားနဲ့ အမျိုးသမီးဦးရေက အခုနောက်ပိုင်း ဆတူဖြစ်လာတယ်။ အမျိုးသမီး ဆယ်ယောက်ဆို အမျိုးသားလည်း ဆယ်ယောက်ပဲ” ဟု Wuttusak ဆေးရုံမှ မျက်နှာပြုပြင် ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဇော်မင်းဦးက ဆိုသည်။
အဆိုပါ မျက်နှာပြုပြင်သူ အမျိုးသားများတွင် လူသိများ ထင်ရှားသော သရုပ်ဆောင်၊ မော်ဒယ်လ်နှင့် အစီအစဉ် တင်ဆက်သူများသာမက အသက် ၁၃ နှစ်မှ ၆၀ အရွယ်အထိ ပါဝင်ကြောင်း ၎င်းက ဖြည့်စွက်သည်။ အသက် ၁၈ မှ ၄၀ အတွင်း လူလတ်ပိုင်း အများစုမှာ မေးစေ့အား နှစ်ခွဖြစ်အောင် ပြုလုပ်ခြင်း၊ မေးရိုး အထူအပါးပြုပြင်ခြင်း၊ ပါး၊ နှာခေါင်း ပြုပြင်ခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ဆာဂျရီ အထူးပြုဆရာဝန် အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ လူလတ်ပိုင်းများသာမက အသက် ၁၃ နှစ်မှ စတင်သည့် ဆယ်ကျော်သက် အရွယ်အများစုနှင့် အသက် ၆၀ အရွယ် အမျိုးသားများတွင်ပါ မျက်နှာ ပြုပြင်သူများ ရှိလာကြောင်း သိရသည်။
ဆယ်ကျော်သက် အများစုမှာ ဝက်ခြံ၊ တင်းတိပ်၊အမာရွတ်များကို ဖျောက်ဖျက်ခြင်းဖြင့် ပြုပြင်ကြပြီး အသက် ၆၀ ဝန်းကျင် အမျိုးသားအများစုမှာ ပါးရေတွန့်ခြင်း၊ မျက်ရစ်အိခြင်း၊ မေးစေ့ နှစ်ထပ်ဖြစ်ခြင်းတို့ကို အများဆုံး ပြုပြင်လေ့ ရှိကြောင်းလည်း ဆာဂျရီ အထူးပြု ဆရာဝန်များက ဆိုသည်။ အသက်အရွယ်မရွေး အမျိုးသားများ ပြုလုပ်တတ်သည့် နောက်ဆုံးပေါ် ကုသမှုတစ်ခုမှာ အသားဖြူဆေး ထိုးသည့်ကုထုံး ဖြစ်သည်ဟု ဒေါက်တာဇော်မင်းဦးက ဆိုသည်။
အသားဖြူထိုးဆေးများတွင် ချွတ်ဆေးပါသော ဆေးဝါးကုထုံးနှင့် ဗီတာမင်ကုထုံးဟု နှစ်မျိုးကွဲပြားပြီး ဗီတာမင်ကုထုံးမှာ အန္တရာယ် အကင်းဆုံးနည်း ဖြစ်သည်ဟုလည်း ၎င်းထံမှ သိရသည်။
အဆိုပါ အလှအပ ပြုပြင်ခြင်းသည် အမျိုးသမီးတို့နှင့် သက်ဆိုင်သည့် ကိစ္စသာ ဖြစ်ပြီး အမျိုးသားတို့နှင့် တိုက်ရိုက် မသက်ဆိုင်သည့် ကိစ္စဖြစ်သည်ဟု ယူဆထားသည့် မြန်မာ့လူဘောင်တွင် အဘယ့်ကြောင့် အမျိုးသားတို့သည်ကား အလှတရားကို ဦးညွှတ်လာကြသနည်း။ “တကယ်တော့ အလှအပဆိုတာ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် လူတိုင်း ကြိုက်တတ်ကြတာပဲ၊ ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်ပြီး ကြည့်ကောင်းနေရင် ကျေနပ်ကြတာပဲ။ ကျွန်တော်ကတော့ ပြုပြင်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်” ဟု ကိုစည်သူသွေးကလည်း ဆိုသည်။
Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဓာတ်ပုံတင်သည့် ယဉ်ကျေးမှု ခေတ်စားလာခြင်း၊ မျက်နှာပြုပြင်ရန် နိုင်ငံရပ်ခြားသို့ သွားရန် မလိုအပ်တော့ခြင်းတို့အပြင် ဈေးနှုန်းချိုသာစွာ ကုသနိုင်ခြင်းကလည်း မျက်နှာပြုပြင်လိုသူ အမျိုးသား၊ အမျိုးသမီးများ များပြားလာခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်သည်။
“ကုန်ကျစရိတ်က ကိုယ်ပြုပြင်မယ့် အနေအထားအပေါ် မူတည်ပါတယ်။ အနိမ့်ဆုံး ကိုးသောင်းကနေ လေးသိန်းအထိလည်း ရှိတယ်။ ဆေးခန်းအလိုက် ဈေးကွာတာလည်း ရှိတယ်။ အခု မြန်မာပြည်မှာဆို ဆယ်သိန်းအထိ ကုန်ကျမယ့် ဆေးခန်းတွေ ရှိလာတယ်” ဟု ဒေါက်တာဇော်မင်းဦးက ဆိုသည်။

http://www.thevoicemyanmar.com/images/2014-Dec/soci-alpo_kz_02.jpg

မည်သို့ပင်ဆိုစေ သုခုမ ဆေးပညာရပ်ဖြင့် အလှခြယ်သထားသူ အမျိုးသား အနုပညာရှင် အချို့သည် မြန်မာအမျိုးသမီးထု၏ အသည်းကျော်များ ဖြစ်၍လာချေပြီ။ “ကိုယ့်ပိုင်တဲ့ မျက်နှာကို ကိုယ်လှအောင်လုပ်တာပဲ။ ကျွန်တော်ကတော့ ခန္ဓာကိုယ် ကြွက်သားလှအောင် ပြုပြင်သင့်ရင် ပြုပြင်ဦးမှာပါ” ဟု ကိုစည်သူသွေးက သုခုမဆေးပညာဖြင့် လှပနေသည့် သူ့မျက်နှာကို ပြုံးလိုက်ရင်း ဆိုလေသည်။

Credit : http://www.thevoicemyanmar.com/index.php/society/item/5039-alp

No comments:

Subscribe

လာလည်သူများ

free counters