♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 2, 2016

" ကောင်းကောင်း မအိပ်တဲ့ ကလေး ကောင်းကောင်း မအိပ်ရတဲ့ အမေ " ( မအိပ်ရတဲ့ အမေ အဖေ ).


ရင်သွေးကလေး ရခါစကတော့ ပျော်လို့ရွှင်လို့ပေါ့။ ကလေးမျက်နှာကလေးကို တစိမ့်စိမ့် ငုံ့ကြည့်နေမိသည်မှာ ထမင်းဆာတာလည်း သတိမရ။ အိပ်ရမှာလည်း သတိမရ။ တော်တော်အအိပ်ကြီးသော သကောင့်သား (သို့) သကောင့်သမီးကလေးကို နှိုးပင်နှိုးလိုက်ချင်သေးတော့။

တပါတ်ကနေ နှစ်ပါတ်၊ နှစ်ပါတ်ကနေ သုံးပါတ် ဖြစ်လာတော့ သည်အမေ အသစ်စက်စက်ကလေး ခါတိုင်းထက် ကိုယ်ဘယ်လောက် ပို၍ အိပ်ပျက်နေသည်ကို ရိပ်မိစပြုလာပါပြီ။ မောပန်းနွမ်းနယ်၍ ခေါင်းကအုံခဲ့လာပါပြီ။ အပျိုတုန်းကလို (ကလေးမရှိခင်တုန်းကလို) လှဲချ၍ တချီတမောင်း အကြာကြီး နှိုးမယ့်လူမရှိဘဲ အိပ်ချလိုက်ချင်လိုက်တာဟု မြည်
တွန်တောက်တီးစ ပြုလာပါပြီ။

(သည်ဆောင်းပါးက သည်အမေကလေးနှင့် တခါတရံ အဖေကလေးကိုပါ ကူညီရန် ရည်ရွယ်၍ ရေးပါသည်)။
(မွေးကင်းစကလေး ဘယ်လိုအိပ်ပါသလဲ)
မွေးကင်းစကလေး၏ အိပ်စက်ခြင်းနှင့် ကလေးကြီး၊ သို့မဟုတ်-လူကြီးအိပ်စက်ခြင်း မတူညီပါ။ ဒါကို သဘောပေါက်ရန်မှာ လူတဦး အိပ်ပျော်နေချိန်တွင် အိပ်စက်ခြင်း နှစ်မျိုးရှိကြောင်းကို အရင်သဘောပေါက်မှ ဖြစ်ပါမည်။

၁။ မျက်ခွံအောက်တွင် မျက်လုံး လှုပ်ရှားမှုရှိသော အိပ်စက်ခြင်း (Rem Sleep)
ထိုကဲ့သို့ အိပ်စက်နေစဉ်အတွင်းတွင် အိပ်မက်မက်နေတတ်ပါသည်။ နိုးလာလျှင် မှတ်မိသည်လည်း ရှိမည်။ မမှတ်မိသည်လည်း ရှိမည်။ ဆိုလိုတာက လူက နိုးနိုးကြားကြား ဖြစ်နေမည်။ လှိမ့်မည်။ စန့်မည်။ အသံထွက်မည်။ ကလေးဆိုလျှင် တပြွတ်ပြွတ် နှုတ်ခမ်းချည့်ပဲ စို့နေတတ်သေးသည်။ လူကြီးများတွင်တော့ သည်လိုအိပ်စက် ခြင်းမျိုးကို သန်းခေါင်နောက်ပိုင်း မိုးလင်းခါနီးအချိန်တွင် တွေ့ရတတ်ပါသည်။ ဒါကြောင့်လည်း အိပ်မက် မက်ပါက ထိုအချိန်တွင် မက်တတ်ကြခြင်း ဖြစ်ပါသည်။

၂။ မျက်ခွံအောက်တွင် မျက်လုံးလှုပ်ရှားမှုမရှိသော အိပ်စက်ခြင်း (Non-Rem Sleep)
သည်လိုအိပ်စက်နေချိန်တွင်တော့ ဦးနှောက်ကလည်း အပြည့်အ၀ အနားယူနေမည်။ ကြွက်သားလှုပ်ရှားမှုလည်း နည်းသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် အချိန်ဆိုပါတော့။ လူကြီးများက ညဦးပိုင်းမှစ၍ သည်လိုအိပ်ပျော်လေ့ရှိကြသည်။

ဒီနှစ်မျိုးကို ရှင်းပြနေရသည်က အကြောင်းရှိသည်။ လူကြီးများသည် အိပ်ချိန်၏ ၂၅%တွင်သာ ပထမအိပ်စက်ခြင်း (မျက်လုံးလှုပ်ရှား၍) အမျိုးအစားနှင့် အိပ်စက်ကြသော်လည်း မွေးကင်းစ ကလေးများသည်ကား ထိုအမျိုးအစားနှင့် သူတို့အိပ်ချိန်၏ ၅၀-မှ ၈၀% ကို ကုန်လွန်စေတတ်ကြောင်း ပြောပြချင်၍ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့ကလေးတွေသည် အိပ်ပျော်နေစဉ်တွင်ပင် အသံထွက်ကြလိမ့်မည်။ လှုပ်ရှားကြလိမ့်မည်။ ကန်ကျောက်ကြလိမ့်မည်။ ဒါတွေ ကြားရတိုင်း တွေ့ရတိုင်း ကိုယ့်ကလေးနိုးသွားပြီဟု မထင်ပါနဲ့။
ပြီးတော့ အိပ်စက်သည်ဆိုတာက တဆက်တည်း ဖြစ်နေသော ဖြစ်စဉ်မဟုတ်။ နည်းနည်းကလေး နိုးလာလိုက်၊ ပြန်အိပ်မောကျသွားလိုက် စသဖြင့် ဆက်တိုက်ဖြစ်နေခြင်းမျိုးဖြစ်သည်။ လူကြီးတွေကတော့
ဒုတိယ အမျိုးအစား အိပ်မောကျခြင်းပေါင်းများစွာကို ညဦးပိုင်းတွင် ဆက်တိုက် ခံစားပြီး မနက်မိုးလင်းခါနီးမှ မျက်လုံးလှုပ်သော ပထမအမျိုးအစားထဲသို့ ၀င်သည်။ မွေးကင်းစ ကလေးတွေကတော့ ပထမအမျိုးအစားနှင့် ဒုတိယအမျိုးအစား တချိန်လုံး စဉ်ဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်နေကြသည်။
သည်ကြားထဲမှာ လူကြီးတွေက နည်းနည်းပြန်နိုးလိုက်၊ ပြန်တခါ အိပ်မောကျလိုက်ကို တနာရီခွဲတခါမှ ဖြစ်သော်လည်း မွေးကင်းစကလေးကတော့ တနာရီ တခါဖြစ်နေလေသည်။ လူကြီးလို ဖြစ်ဖို့က လနှင့်ချီ ကြာပါသည်။
ဆိုလိုသည်က မွေးကင်းစကလေးသည် တနာရီတခါလောက်တော့ နည်းနည်းနိုးလာတတ်သည်။ သူ့ဟာသူ ထားလိုက်ပါ။ သွားမကလိပါနဲ့။ သူ့ဟာသူပြန်အိပ်သွားပါလိမ့်မည်။ သွားကလိလိုက်လို့ တကယ်နိုးသွား လျှင်တော့ ကိုယ့်တာဝန်ပေါ့
Circadian Rhythm ဆိုတာ ရှိသေးသည်။ နေ့နှင့်ည ခွဲသိခြင်းပဲဆိုပါစို့။ ဒါက Melatonin ဟုခေါ်သော ဟော်မုန်းပေါ်မှာ မူတည်သည်။ သည်ဟော်မုန်းက အလင်းရောင်နှင့် အထိအတွေ့ပေါ်မှာ မူတည်၍ ပြောင်းလဲသည်။ မိခင်ဝမ်းထဲမှာ ရှိတုန်းကတော့ မိခင်၏ Melatonin Level ကြောင့် ကလေးက နေ့-ည အိပ်ချိန်နည်းနည်းမှန်သည်။ မွေးလာသော နေ့-ညကို သူ့ဟာသူ သိရတော့မည်။ အမှောင်ထဲမှာ ၉-လ နေခဲ့ရသော ကလေးအတွက် နေ့-ည ခွဲသိဖို့ ရက်သတ္တပါတ် အနည်းငယ်လိုမည်မှာ မဆန်းပါ။ ထို့ကြောင့်လည်း တချို့မွေးကင်းစ ကလေးများ မနက်ပိုင်းတွင် အိပ်အိပ်နေပြီး (လူကြီးအိပ်ချင်သည့်) ညပိုင်းကျတော့ နိုးနိုးနေတတ်ပါသည်။ နေ့နှင့်ည မှားနေကြသည် ဆိုပါစို့။
(နေ့နှင့်ည မှားနေလျှင် ဘာလုပ်ရမည်လဲ-)
မွေးပြီး ၃-၄ ပါတ်အတွင်းတော့ သည်းခံရုံသာ ရှိပါသည်။ သည်နောက်ပိုင်းတော့ နည်းနည်း အလေ့အကျင့်ပေး၍ ရလာသည်။ နေ့ပိုင်းတွင် အိပ်ချိန် တတ်နိုင်သလောက် နည်းအောင် သူ့ကို မြူပေး၍ ရပါသည်။ စကားပြောပေးပါ။ သူနိုးနေလျှင် သူနှင့် ကစားပါ။ညပိုင်းတွင်တော့ ဒါတွေ မလုပ်ပါနှင့် မီးပိတ်ထားပါ။ (လိုအပ်မှဖွင့်ပါ)။ ကလေးနိုးနေလျှင်လည်း မှောင်ထဲတွင် သူ့ဘာသာသူ ကစားနေပါစေ။ ကိုယ်ပါဝင် မကစားနှင့်။
( မွေးကင်းစ ကလေးတယောက် တနေ့လျှင် ဘယ်နှနာရီခန့် အိပ်ပါသလဲ)
၁၆-နာရီမှ ၁၈-နာရီခန့် အိပ်ပါသည်။
ဒါဆိုရင် အေးဆေးပဲ-ဟု အပြောမစောပါနဲ့ဦး။ သူတို့ အဲသည် ၁၆-မှ ၁၈-နာရီကို ဆက်တိုက်မအိပ်ကြပါ။ အိပ်လို့လည်း မဖြစ်ပါ။ အနည်းဆုံး လေးနာရီတခါလောက် နို့စို့ရန် လိုအပ်ပါသေးသည်။ သည်တော့ သင့်ကလေး-က လေးနာရီတခါထပြီး တနေ့ကို ၆-ခါခွဲ၍ အိပ်ပေလိမ့်မည်။
ကောင်းတာကတော့ နေ့ပိုင်းမှာ ၃-နာရီခွဲတခါလောက် နိုး၍ နို့တိုက်ပေါ့။ ၇-နာရီ ၈-နာရီ ပေးအိပ်လိုက်မိလျှင်တော့ နိုးလာချိန်တွင် သူအလွန်အမင်း ဆာနေမည်သာမက ညဘက်တွင်လည်း မအိပ်ဘဲ ဒုက္ခပေးပေလိမ့်မည်။
ညဘက်တွင်လည်း ငါးနာရီတခါတော့ အနည်းဆုံးနိုးပေးရန်လိုပါသည်။ သူကလည်း နို့စို့ရန် လိုသလို မိခင်နို့ကလည်း သူမှန်မှန်စို့ပေးမှ ထွက်ပါသည်။
မိခင်အိပ်ရေးဝရန် အလွယ်ဆုံးနည်းမှာတော့ ကလေးအိပ်ချိန်နှင့်ကိုက်၍ လိုက်အိပ်ရန်ဖြစ်ပါသည်။ ကလေးအိပ်တုန်း အ၀တ်ပြေးလျှော်နေလျှင်တော့ ကလေးနိုးတော့ နို့ပြေးတိုက်နှင့် အိပ်ချိန်မကျန်သလောက် ဖြစ်တတ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ကလေးမွေးလျှင် မိဘ၊ ဘိုးဘွား၊ အမ (မောင်တွေကတော့ သိပ်အားမကိုးရပါ)။ ညီမ ၀ိုင်းကူတတ်ကြတာလေးကတော့ ချစ်စရာ။ ကလေးအဖေ အသစ်စက်စက်ကလည်း ကိုယ်နဲ့မဆိုင်သလိုတော့ မနေနဲ့ဦးလေ။
ကလေးတယောက် ညဘက်တွင် ရှည်ရှည်ကလေး အိပ်လာပြီး မိခင်က တညလုံး (၆-နာရီဆက်တိုက်) အိပ်ရေးဝဖို့ကတော့ ရက်သတ္တ(၁၇)ပါတ် စောင့်ရပါမည်။ မှန်ပါသည်။ လေးလပါ။ မွေးဖွားခွင့်က သုံးလ၊ မိခင်နို့အတွက် ထပ်တိုးခွင့်က တလ၊ ပေါင်း လေးလပြည့်ပြီးခါစ အချိန်မျိုးပေါ့
(ဒါတွေကို မယုံပါနှင့်)
ဆွေတွေမျိုးတွေ ၀ိုင်းကူကြတာ ချစ်စရာပေမယ့် အကြံမှားတွေ ၀ိုင်းပေးကြတာကတော့ ကြောက်စရာပါ။ ကြောက်စရာအကောင်းဆုံးကတော့ နို့တိုက်အမေကို အသီးအရွက်တွေ မစားရဘူး ၀ိုင်းပြောကြလို့ ကလေးအမောဖောက်ရတာပေါ့။ ဒါကိုတော့ ထပ်တလဲလဲ ရေးခဲ့ပြီးပေမယ့် ကြုံတိုင်း ထပ်ပြောရမည်။ အသီးအရွက် အသားငါးစုံအောင် စားကြပါနော်။ အမေအစားရှောင်လျှင် ကလေးအသက်ပါသွားတတ်ပါသည်။
နောက်တမျိုး...ကလေးအိပ်တာနှင့်ဆိုင်တာ ပြောတတ်ကြတာတော့ အိပ်ခါနီး ထမင်းရည်နည်းနည်း တိုက်လျှင် ကလေးကောင်းကောင်းရှည်ရှည် အိပ်သည်ဆိုသည့်အချက်ပင် ဖြစ်သည်။ မယုံပါနဲ့။ သုတေသနများလုပ်ပြီး သားပါ။ တိုက်ဆိုင်တာသာ မြင်ဖူးချင်မြင်ဖူးမည်။ (ကျွန်တော်တို့ ဆွေမျိုးတွေက တိုက်ဆိုင်တာကို အကြောင်း တရားလို့ အမြဲယူဆတတ်ကြသည်)။ တကယ်တော့ အိပ်တာနဲ့ ထမင်းရည်ဘာမှ မဆိုင်ပါ။ ၆-လအောက်ကလေး၏ အစာအိမ်သည် မိခင်နို့အတွက်သာ ဖြစ်ပါသည်။ ရေတောင် မတိုက်ရပါ။
အိမ်ဘေးနားက တလသားကလေး၏ မိဘက သူ့ကလေးကတော့ တညလုံး တောက်လျှောက် အိပ်တာပဲဟုပြောလျှင်လည်း စိတ်ဓာတ်မကျပါနဲ့။ အဖေကပြောတာလား၊ အမေက ပြောတာလား ကြည့်ပါ။ အမေက ပြောတာဆိုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် တည နှစ်ညပေါ့။ တည နှစ်ညတော့ ကလေးက စိတ်ကောင်းဝင်ပြီး အဲသလို အိပ်တတ်ပါသည်။ ပြီးရင်တော့ ကိုယ့်ကလေးလိုပဲ ပြန်ဖြစ်ပါမည်။ အသက်လေးလ အထိပေါ့။ အဖေက ပြောတာ ဆိုရင်တော့ ယုံကို မယုံပါနှင့်။ တညလုံး တောက်လျှောက် အိပ်ပျော်နေတာ ကလေးမဖြစ်နိုင်ပါ။ သူသာလျှင် ဖြစ်ပါလိမ့်မည်။
(နို့စို့ပြီးလျှင် လွယ်လွယ်နှင့် ပြန်မအိပ်သည့်ကလေး)
နို့စို့ပြီးတာနဲ့ ကလေး တချိုးတည်း ပြန်အိပ်လျှင် ကောင်းမည်ဟု ကလေးအမေများ မကြာခဏ စဉ်းစားမိကြပါလိမ့်မည်။ မှန်ပါသည်။ ထင်သလောက် မလွယ်ကူပါ။ ဦးနှောက်အာရုံကြော မရင့်ကျက်သေး သောကြောင့် မွေးကင်းစကလေးများသည် လွယ်လွယ်နှင့် ပြန်မအိပ်တတ်ကြပါ။ ဘယ်လိုလုပ်ပေးလျှင် ကိုယ့်ကလေး ပြန်အိပ်ပျော်သွားရန် အလွယ်ဆုံးဖြစ်သည်ကို မိခင်များက တဖြည်းဖြည်း သိလာတတ်ကြပါသည်။ တချို့ကလေးက မအေ့နို့ကလေး ပေးငုံထားရသည်။ တချို့ကလေးက ညင်သာစွာ လှုပ်သိပ်ရသည်။ တချို့ကလေးက အနှီးကလေးပေးငုံထားရသည်။ တချို့ကလေးက အနှီးကလေးနှင့် နွေးနွေးထုပ်ပေးရသည်။ (ဘောက်ဖတ်နှင့်တူအောင် တင်းကြပ်နေအောင်တော့ မထုပ်ရပါ။ ခြေကလေး လက်ကလေးကို လှုပ်ရှားခွင့်ပေးရန် လိုပါသည်။ တင်းလွန်းအောင် ထုပ်ထားသောကလေးသည် နွေးမလာသည့်အပြင် ပို၍ အေးစက်သွားနိုင်ပါသည်)။ တချို့ကလေးက သီချင်းဆိုပြရသည်။ ကလေးကို ကားပေါ်တင်၍ ပတ်မောင်းခြင်းကို ဘယ်လိုမှ ရှောင်လွှဲ၍မရမှသာ စမ်းကြည့်သင့်ပါသည်။
ချီပေးတာ၊ လှုပ်ပေးတာ ကလေးကို လက်ကြိုက်အောင်လုပ်သလိုပဲ။ နောင်အမြဲချီထားရလိမ့်မယ်-ဟု ပြောတတ်ကြသေးသည်။ မမှန်ပါ။ သည်အရွယ်ကလေးက လက်မှမဟုတ်၊ ဘာမှ မကြိုက်တတ်သေးပါ။ ဆိုလိုတာက သူတို့ မှတ်မထားတတ်ကြသေးပါ။ ကြီးလာလျှင် (အများဆုံး ၆-လကျော်
လျှင်) တော့လည်း ချီပေး၊ လှုပ်ပေးစရာ မလို။ သူတို့ဟာ သူတို့ အိပ်တတ်ကြပါသည်။ မွေးကင်းစမှ ၂-လအတွင်း လိုအပ်လျှင် ချီပေး လှုပ်ပေးလို့ ရပါသည်။ ကလေးအိပ်ရန်သာ အဓိကကျပါသည်။ သူတို့လိုတာ လုပ်ပေးလိုက်ပါ။ နှစ်လအောက်မှာတော့ သင့်ပခုံးပေါ်မှာမှ ကလေးအိပ်ပျော်သည်ဆိုလျှင်တောင် ပေးအိပ်ရမှာ ဖြစ်ပါသည်။
အိပ်တာနှင့် ပတ်သက်သည့် အကျင့်ကောင်းလေးတွေပျိုးပြီး အကျင့်ဆိုးကလေးတွေ ချိုးနှိမ်ဖို့ လေ့ကျင့်ရမည်က အသက်လေးလကျမှ ဖြစ်ပါသည်။
ဒေါက်တာရဲ
(ကလေးအထူးကုဆရာဝန်ကြီး)
(ကလျာမဂ္ဂဇင်း ၂၀၀၇-ခု မတ်လ)



 

 


Credit : https://m.facebook.com/story.php?story_fbid=1091604544244945&id=688181011253969

No comments:

Subscribe

လာလည်သူများ

free counters