♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 25, 2015

" အလွန် အစွမ်းထက်သည့် မမေ့နိုင်သော ဆီမန်းဂါထာ "

ကျွန်ုပ်၏ ငယ်ဆရာ ရှိခဲ့ဘူး၏။ ထိုဆရာ၏ အမည်မှာ ဦးဖေသော် ဟူ၍ဖြစ်၏။ ကျွန်ုပ်သည် ဆရာ့အိမ်၌ နေ၍ ဆရာ့အိမ်၌ စားကာ ကျောင်းတက်ခဲ့ရ၏။ ဆရာသည် ကျွန်ုပ်တို့အား သင်္ချာပြသော ဆရာဖြစ်၏။ သင်္ချာဟု ဆိုသော်လည်း အင်္ဂလိပ်စာ ပြလည်း အလွန်ကောင်း၏။ ထိုဆရာ ဦးဖေသော်သည် ကျောင်းဆရာ အလုပ်ကို မလုပ်မီ၌ ထောင်မှူးကြီး အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့၏။ ဆရာ၏ အိမ်၌ ဒေါ်ထွေးဟုဆိုသော ထမင်းချက်သည့် မိန်းမကြီး တစ်ဦးရှိ၏။

ဆရာသည် ထိုအချိန်က အသက် လေးဆယ်ခန့် ရှိပြီ ဖြစ်၏။ ဒေါ်ထွေးမှာ ဆရာ၏ မိခင် အရွယ်ပင် ဖြစ်၏။ ဒေါ်ထွေးသည် ဆရာအား သခင်ဟု ခေါ်၏။ ကျွန်ုပ်သည် အစပထမ၌ ထိုသို့ ခေါ်ခြင်းကို မနှစ်သက်သော်လည်း မည်သည့် အတွက်ကြောင့် ခေါ်သည်ကို မမေးမိခဲ့ပါ။ နောင်တွင် ကျွန်ုပ်သည် ထိုဒေါ်ထွေးနှင့် ရင်းနှီး လာသော အခါမှ သိရသည်မှာ ဒေါ်ထွေးသည် ထောင်ကျခဲ့သည် ဆို၏။
 ဒေါ်ထွေး ထောင်ကျသော အခါ၌ ကျွန်ုပ်၏ ဆရာသည် ထောင်မှူးကြီး ဖြစ်၏။ ၎င်းတို့ နှစ်ဦးသည် အကျဉ်းသူနှင့် ထောင်မှူးအဖြစ် စတင် သိကျွမ်းခဲ့ရာမှ တစ်ဦးနှင့် တစ်ဦး သားအမိ ကဲ့သို့ သံယောဇဉ် ဖြစ်ခဲ့ကြသည် ဆို၏။ ဆရာသည် ထောင်မှူးကြီး အဖြစ်မှ နှုတ်ထွက်၍ ကျောင်းဆရာ ဖြစ်လာသော အခါ၌ ဒေါ်ထွေးလည်း ထောင်မှ လွတ်ခဲ့၏။

သို့ရာတွင် ဒေါ်ထွေးသည် အခြား တစ်ပါသို့ မသွားဘဲ ဆရာထံသို့ စုံစမ်းကာ လိုက်လာ၏။ ဆရာ၏ ဇနီးလည်း ဒေါ်ထွေးကို လွန်စွာ ချစ်ခင်၏။ ကျွန်ုပ်ကဲ့သို့ ဆရာအိမ်တွင် နေသော အခြား ကျောင်းသားများလည်း ရှိသေး၏။ ၎င်းတို့ကရော ကျွန်ုပ်ကပါ ဒေါ်ထွေးအား ချစ်စနိုး အထွေးဟုပင် ခေါ်ကြ၏။ ဒေါ်ထွေး သို့မဟုတ် အထွေးသည် ကျွန်ုပ်တို့နှင့်လည်း လွန်စွာ သင့်မြတ်၏။

 ကျွန်ုပ်တို့က ညဥ့်နက်သန်းခေါင် ရောက်၍ ဆာသည်ဆိုလျှင် အထွေးသည် ချက်ချင်းပင် အထွေးသည် မီးမွှေး၍ ထမင်းကြော် ကြော်ပေး၏။ ရေနွေး တည်ပေး၏။ အထွေးသည် ကွှန်ုပ်တို့ ကျောင်းသားများက ဘာလိုသလဲ။ ဘာဝယ်ခဲ့ရမလဲ ဟု မေးသော အခါ၌ ” ငါ့အတွက်တော့ ပေါ့ကြုံကွေ့ ဆေးနဲ့ အုန်းဆီပဲ ၀ယ်ခဲ့ကြပါကွယ်တို့ ” ဟုပြောလေ့ရှိ၏။

ထို့ကြောင့် ကျွန်ုပ်တို့သည် အထွေးအတွက် ပေါ့ကြုံကွေ့ဆေးနှင့် အုန်းဆီကို လက်ဆောင်အဖြစ် သတ်မှတ်ကာ မကြာခဏ ပေးကြလေ၏။ ဒေါ်ထွေးသည် မကြာခဏ ဗိုက်အောင့် တတ်သောကြောင့် ပေါ့ကြုံကွေ့ ဆေးကို အမြဲ ဆောင်ထား၏။ အောင့်သည်နှင့် သောက်ချတတ်၏။  ဒေါ်ထွေးသည် အစဉ်သဖြင့် သန့်သန့်ရှင်းရှင်း နေတတ်သည် ဖြစ်၏။ ခေါင်းကိုလည်း မကြာခဏ လျှော်၏။ လျှော်ပြီးလျှင်လည်း ဆီထည့်၏။ တစ်ခု ထူးခြားသည်မှာ ခေါင်းကို အုန်းဆီ ထည့်ကာနီး၌ ဆီပုလင်းကို ပါးစပ်နှင့် တေ့ကာ ပါးစပ် တစ်လှုပ်လှုပ် လုပ်နေတတ်၏။ တစ်နေ့တွင် ကျွန်ုပ်က

အထွေး ဘာတွေ လုပ်နေတာလဲ။ ခင်ဗျား ဘယ်သူကို ပြုစားနေတာလဲ“ ဟု နောက်လိုက်ရာ ဒေါ်ထွေးက လူကြားမကောင်း သူကြားမကောင်းအောင် မပြောစမ်းပါနဲ့ဟယ်။ ထောင်ကျ မယ့် ကောင်လေး“ဟု ကျွန်ုပ်ကို ကျိန်ဆဲလေ၏။

ထို့ကြောင့် ကျွန်ုပ်က “အလကား ကျီစားတာပါ။ ဘာတွေ မန်းနေတာလဲ။ ကျွန်တော် ကိုလည်း ပြောဦးလေ“ဟုမေးရာ ဒေါ်ထွေးကငါ ငယ်တုန်းက သခင်တို့ထောင်မှာ ဓားထိုးမှု့နဲ့ ထောင်ငါးနှစ် ကျဖူးတယ်။ အဲဒီတုန်းက ငါဟာ မော်လမြိုင် ဘက်ကနေ လူသတ်မှု့နဲ့ ထောင်ကျ လာတဲ့ မမြလေးဆိုတဲ့ မိန်းမနဲ့ အတူနေရတယ်။ အဲဒီ မမြလေးဆိုတဲ့ မိန်းမ အကြောင်းကတော့ မပြောပါနဲ့တော့။

 ချောလိုက်တာလည်း ဆက်ဆက်ကို ယိုနေတာပဲ။ ကုလားစကား ပသျှူးစကား အင်္ဂလိပ် စကား သူအကုန် တတ်တယ်။ ပြီးတော့ အသတ်အပုတ် ကလည်း အားကြီး ကျွမ်းကျင်တယ်။ ငှက်ပြောပင်မှာ မတ်စေ့လောက် ထုံးနဲ့ ကွင်းပေးထားတယ်။ အဲဒါကို ၀ါးတစ်ရိုက်လောက် ကနေ ဆံထိုးနဲ့ စိုက်အောင် ပစ်နိုင်တယ်။

သူ့ကို တစ်ထောင်လုံးက ချစ်လိုက်ကြတာ မပြောနဲ့တော့။ လူချစ်လူခင်ကလည်း အားကြီး ပေါတဲ့မိန်းမ။ စကားပြောလည်း အလွန်ကောင်းတယ်။ ထောင်ငါးနှစ်ကျတာ သူနဲ့နေရတာ ငါးရက် လောက်ပဲ အောင့်မေ့ရတယ်။ ငါတို့ အကျဉ်းသူတွေ ပျင်းရင် သူက ပုံတိုပတ်စ ၊ ရာမ၊ အီနောင် မကျန်အောင် ပြောပြတတ်တယ်။ ညည နင်တို့ကို ငါ ပြောပြတတ်တဲ့ ပုံတွေဟာ သူ့ဆီက ရတာ။

သတ္တိလဲ ဘာကောင်းသလဲ မမေးနဲ့။ သူ့ကို မျက်နှာဖြူ ထောင်ပိုင်က ရေချိုးခွင့် တစ်ရက် ပိတ်ထားတာ။ သူက ထောင်ပိုင်ကို အင်္ဂလိပ်လို ဆဲပြီး ရေချိုးခွင့် တောင်းတယ်။ ထောင်မှူးတွေ ဆိုတာ အကုန်လက်ဖျား ခါတော့တာပဲ။ သူတစ်ပါး အလိုက်သိတဲ့ နေရာမှာလည်း နှစ်ယောက် မရှိဘူး။ တစ်ခါက ငါရယ် အပုဆိုတဲ့ မိန်းမရယ် ပျင်းတယ်ဆိုတော့ သီချင်းဆိုပြီး ကပြတာ။ အက ကလည်း ကောင်းလိုက်တာ မပြောပါနဲ့တော့။

အဲဒီ မိန်းမက ပီယသိဒ္ဓိများ ပြီးနေသလား မသိတော့ဘူး။ မြင်မြင်သမျှ လူတွေက သူ့ကို အကုန်ချစ်တယ်။ အဲဒါနဲပဲ ငါက သူ့ကို မြင်သူတိုင်း ချစ်စေတဲ့ ပီယဆေးလေး ပေးပါဆိုတော့ သူက ငါ့ကို ဆီမန်းမန်းတဲ့နည်း ပေးသွားတယ်။ ငါတို့ ထောင်ကျတုန်းက တစ်ပတ်ကို အုန်းဆီနှစ်ဇွန်း ပေးတယ်။ အဲဒါကို မန်းပြီး ဆံပင်ကို လူးတော့တာပဲ။ အခု ငါမန်းနေတာ သူ့ဆီကရတဲ့ လူချစ် လူခင်ပေါတဲ့ ဂါထာဟုဆိုကာ ကျွန်ုပ်အား အောက်ပါအတိုင်း ရွက်ဆို ပြလိုက် လေတော့၏။

(ထို ဂါထာကို အောက်ဖက်တွင် သီးသန့် ဖော်ပြပေးထားပါသည်)

ကျွန်ုပ်လည်း ဒေါ်ထွေးထံမှ ထိုမန္တာန်ကို အလွတ် သင်ယူ ထားလိုက်လေ၏။ ဒေါ်ထွေး ပြောပြချက် အရ` ၎င်းမမြလေးသည် အငြိမ့်မင်းသမီး ဖြစ်ခဲ့ဖူးသည် ဆို၏။ ထိုဆီမန်းကို လိမ်း၍ အငြိမ့် ထွက်သော အခါ၌ ပရိသတ်၏ သြဘာပေးခြင်းကို ထူးထူးခြားခြား ရရှိသည် ဆို၏။ ဒေါ်ထွေးသည် အထူး ယုံကြည်၏။ ထို့ကြောင့် အုန်းဆီလိမ်းတိုင်း ထိုဂါထာကို ရွတ်၍ လိမ်းလေ၏။ အနက် အဓိပ္ပါယ်ကို ကျွန်ုပ်က မေးသောအခါ ဒေါ်ထွေးက ငါ့ကို အနက်တွေ အဖြူတွေ လာမပြောနဲ့။ ငါ မသိဘူးဟု ပြော၏။

ကျွန်ုပ်သည် ဒေါ်ထွေးနှင့် မတွေ့ တော့သည်မှာ ရာစုနှစ်၏ ထက်ဝက်နီးပါး ရှိသွားပြီဖြစ်၏။ သို့ရာတွင် ဒေါ်ထွေးပေးခဲ့သော လူချစ်လူခင် များစေသော ဂါထာကလေးကို ရနေဆဲဖြစ်၏။ ထို့ကြောင့် ပီယသိဒ္ဓိ ဂါထာကို စိတ်ဝင်စားသူများ အတွက် ရေးသား ဖော်ပြရလိုက်ပေတော့ သတည်း။ (အဘမင်းသိင်္ခ)

ဣမေ သီသေဟိ သမ္ဗုဒ္ဓေါ
အယံ လောကော သဗ္ဗဓမ္မော။
သာရိပုတ္တော မယှံ ဇိဝှေါ
မေဂ္ဂလာနော ဒွေ စက္ခုနေ တိဋ္ဌတု သဗ္ဗဒါ။
 
Credit : heintinzaw.com

No comments:

Subscribe

လာလည်သူများ

free counters