♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 10, 2015

" ရောင်းအား တက်စေတဲ့ ဆရာသုတဆန်း၏ ကွမ်းမန်း "

မလှဦးကွမ်းယာဆိုင်မှာ လွန်စွာရောင်းကောင်းသောဆိုင်ဖြစ်၏။ အမြဲလိုလို ကွမ်းယာစားသုံးသူများနှင့် စည်ကားနေတတ်၏။ ကားဂိတ်နှင့် မနီးမဝေးတွင် ရောင်းချနေသော ကွမ်းယာဆိုင်နှစ်ဆိုင်ပင် သူမ လောက်မရောင်းရ။ သူမတွင် ဘာအဆောင်ကောင်းများရှိနေသနည်းဟု ကျွန်ုပ်အနေနှင့် အမြဲတွေးမိ၏။ ကျွန်ုပ်ကိုယ်တိုင်လည်း တခါတရံကွမ်းစားတတ်ချေရာ ၀ယ်၍လည်းစားဖူး၏။ စားသည်ဟုပြောသည်ထက် မြည်းသည်ဟုပြောခြင်းက ပို၍မှန်ပေလိမ့်မည်။ 

ကွမ်းတယာ၏ ကောင်းခြင်းမူလကို ကျွန်ုပ်၏အယူအဆအရ ပထမဆုံး ထုံးက အဓိကကျသည်ဟုဆိုချင်
ပါသည်။ တနင်္လာ ( ကွမ်း ) ၏ အနိုင်ဓာတ် ဆပွတ် စနေ ( ထုံး ) မကောင်းလျှင် ကွမ်းမကောင်းနိုင်ပါ။ ထုံးပေါက်၍မိတ်ပျက်သွားသောဆိုင်များ ကိုယ်တွေ့မျက်မြင်တွေ့ဖူးပါ၏။ နောက်တဖန် “ နဂိုရှိမှ 
နကိုင်းထွက် ” ဆိုသည့်စကားအတိုင်း မူလကွမ်းရွက်ကောင်းပါမှလည်း ကွမ်းယာကောင်းတတ်ပါသည်။ မူလကွမ်းရွက်ကိုက ကွမ်းကြမ်းဖြစ်နေလျှင် ထုံးမည်မျှကောင်းစေကာမူ အလွန်စပ်သည့်ကွမ်းယာသာ
 ဖြစ်ပါလိမ့်မည်။ ကောင်းမည်မဟုတ်ပါ။ ထို့အတူ ကွမ်းသီးဖန်လွန်းပါကလည်း ကွမ်းပျက်ပါသည်။ ယခု မလှဦးကွမ်းယာပစ္စည်းများကို ကျွန်ုပ်ဆန်းစစ်မိသည်မှာ …
 
( ၁ ) ကွမ်းသီးမဖန်လွန်းပါ။
( ၂ ) ကွမ်းရွက်စံချိန်မှီသည်။
( ၃ ) ထုံးမည်မျှထည့်ထည့်မပေါက်ပါ။ အစပ်ကောင်းပုံရသည်။
ထူးခြားချက်အနေနှင့် ၎င်းယာပေးသည့်ကွမ်းနှင့် ကျွန်ုပ်ကိုယ်တိုင်ယာစားသည့် ကွမ်းချင်းပင် အရသာမတူပါပေ။ ဤအချက်ကား မလှဦး၏ ကွမ်းယာအစပ်အဟပ်တည့်သည့် လျှို့ဝှက်ချက်ပင်ဖြစ်
ပါလိမ့်မည်။ ဤမျှ ရောင်းအားကောင်းလှသောဆိုင်မှာ ယခုလပိုင်းအတွင်း သိသိသာသာကြီးကို ရောင်းအား ထိုးကျသွားတော့၏။ နေ့စဉ် ၀ယ်သူတစ်ယောက်နှစ်ယောက်သာလာ၏။ ကျွန်ုပ်မှာ ရောင်းအားကို အမြဲ အကဲခတ်နေသူဖြစ်ရာ ထူးထူးခြားခြားရောင်းအားကျသွားသဖြင့် အံ့သြနေရပြန်၏။ သို့နှင့် တစ်ရက် ကွမ်းဝယ်စားရင်း …
“ ဘယ်လိုဖြစ်တာလဲ … မလှဦး၊ အရင်ကနဲ့မတူ ရောင်းအားထိုးကျသွားသလိုပဲနော် … ” ဟုပြောလိုက်ပါသည်။ သူမက …
“ ဟုတ်တယ်ဆရာရေ … ဘာဖြစ်မှန်းမသိဘူး။ အခုတလောရောင်းအား သိသိသာသာကြီးကျသွားတယ် … ” ဟုခပ်ညည်းညည်းလေးပြောလေ၏။ ကျွန်ုပ်က …
“ တခါတခါ ကံဇာတာနိမ့်တာနဲ့တိုက်ဆိုင်ရင် ဒီလိုပဲဖြစ်တတ်ပါတယ်ဗျာ။ အားမငယ်ပါနဲ့ … ခင်ဗျားဆိုင်က ကွမ်းယာက ကောင်းပြီးသားပါ။ နောက်ပြန်ပြီးရောင်းအားကောင်းလာမှာပေါ့ … ” ဟု အားပေးစကားဆိုရ၏။ သူမက …
“ ရောင်းအားက ဘယ်တော့ပြန်ကောင်းမယ်မသိဘူး၊ အခုရင်းထားရတာတွေမရှုံးရင်တော်ပါပြီ … ” ဟု ခပ်ပြုံးပြုံးဆို၏။ ကျွန်ုပ်က …
“ ခင်ဗျားလည်းကွမ်းစားတတ်တာပဲဗျာ … ဒီလိုစမ်းကြည့်ပါလား … ” ဟုဆိုကာ အောက်ပါအတိုင်း ဈေးရောင်းကောင်း၍ လာဘ်လာဘပွင့်လန်းစေသောနည်းလမ်းကိုပေးလိုက်မိလေ၏။
ကွမ်းရွက်တစ်ရွက်ပေါ်တွင် “ န ” ဟုပီပီသသ “ ထုံး ” ဖြင့်ရေးပါ။ ထို့နောက် ကွမ်းသီး၊ ဆေးရွက်ကြီးထည့်၍ ကွမ်းယာပါ။ 
ထိုကွမ်းယာကို ပါးစပ်နားတေ့၍ … “ ဥုံ … သဗ္ဗေ မနုသာ ပသန္တုမံ ပီယံ”
အသံထွက်။  (ဥုံ သဗ်ဗေ မနုတ်သာ ပတ်သံတုမံ ပီယံ) ဟု ၂၇ ခေါက်ရွတ်ကာ မနက်တိုင်းစားပေးပါ။
( ကွမ်းမစားတတ်သူများအနေနှင့် ထိုကွမ်းယာကို နတ်ရဲသစ်ပင်တွင် တင်လှူပြီး ဆုတောင်းပါလေ … )
နေ့စဉ်လုပ်ပါ။ ရောင်းအားသိသိသာသာတိုးတက်စေတတ်ပါသည်။ ယခုဆိုလျှင် မလှဦးကွမ်းယာဆိုင်သည် ပြန်လည်၍အရောင်းသွက်နေပြီဖြစ်ချေ၏။ အစီရင်စွမ်း၍လော၊ သူမသာလျှင်ကွမ်းယာတတ်၍လော၊ ထုံးကောင်း၍လောဆိုသည်ကိုမူ သူမသာလျှင်သိပေလိမ့်မည်ဖြစ်ပေသတည်း ….


No comments:

Subscribe

လာလည်သူများ

free counters