♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 6, 2016

" ခြင်ကြောင့်ဖြစ်သော ကာလပေါ် ရောဂါတစ်မျိုး "


ခြင်ကြောင့်ဖြစ်သော ရောဂါများအနက် အနိုဖီးလိစ်ခြင်(အမ)သည် ငှက်ဖျားရောဂါ ဖြစ်ပွားစေ ပြီး
ကျူးလက်ခြင်သည် ဆင်ခြေထောက် ရောဂါဖြစ်ပွားကာ အေးဒီးစ်ခြင် သည် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း သိရသည်။ ခြင်ကြောင့်ဖြစ်သည့် ကာလပေါ်ရောဂါ တစ်မျိုးမှာ အေးဒီးစ်ခြင်ကြောင့် ဖြစ်သည့် ဇီကာ (Zika )ရော ဂါဖြစ်ကြောင်း ထပ်မံတွေ့ရှိရသည်။

ဇီကာရောဂါအစ
ဇီကာရောဂါပိုးအား ၁၉၄၇ ခုနှစ်တွင် အာဖရိကတိုက် ယူဂန္ဓာနိုင်ငံရှိ ဇီကာ တောအုပ် (Zika Forest) တွင်းမှ မျောက်များတွင် စတင်တွေ့ရှိပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနှင့် တန်ဇန်းနီးယား နိုင်ငံသားများသို့ ကူးစက်ခဲ့ကြောင်း သုတေသီတို့က မှတ်တမ်းတင်ခဲ့သည်။နောက်ပိုင်းတွင် ၎င်း ရောဂါပိုးသည် ကာလအတန်ကြာသည်အထိ ငုပ်လျှိုးခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် မိုက်ခရိုနီးရှား နိုင်ငံ၌ ကမ္ဘာ့ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားကာ ရောဂါပိုး တွေ့ရှိသူ ၄၉ ဦး ရှိခဲ့ရာမှ ကပ်ရောဂါအသွင် ဆောင်လာခဲ့သည်။ ဇီကာဗိုင်းရပ်စ် သယ်ဆောင်သည့် ခြင်များ သည် ပင်လယ်ရေကြောင်း သွားလာသည့် သင်္ဘောများနှင့်ဖြစ်စေ၊ ရောဂါပိုးရှိသူများ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုများ မှဖြစ်စေ၊ရောဂါပိုးရှိရာ ဒေသသို့ သွားရောက်သူများမှ ဖြစ်စေ ကူးစက်ပြီး ၂ဝ၁၅ ခုနှစ်တွင် တစ်ကျော့ပြန် ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။ အေးဒီးစ်ခြင်သည် ယခင်က ပင် မြန်မာနိုင်ငံ၌  ပေါက်ပွားလျက် ရှိသော်လည်း လက်ရှိအခြေအနေတွင် ဇီကာ ဗိုင်းရပ်စ်ကယ်ရီယာ မဟုတ်သေးကြောင်း သိရှိရသည်။

ဇီကာရောဂါလက္ခဏာများ
သာမန်အားဖြင့် ရက်သတ္တပတ်အတွင်း ပြသကာ သွေးလွန်တုပ်ကွေးကဲ့သို့ ခေါင်းကိုက်ခြင်း၊ အနီစက်များထွက်ခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ မျက်စိနာခြင်း၊ အရိုးအဆစ် နာခြင်း၊ ကြွက် သားနာကျင်ခြင်း၊ အင်ပျဉ်ထွက်ခြင်းများ ဖြစ်ပွားတတ်သည်။  နောက်ဆက်တွဲအဖြစ် တစ်နေ့ တခြား အားနည်းလာခြင်း၊ ခြေလက်သေခြင်း၊ တစ်ခါ တစ်ရံ လေဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင် များ ကိုယ်ဝန် ပျက်ကျခြင်းမှသည် သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် ရောဂါကူးစက်ခံရသူ ငါးဦးတွင် လေးဦးသာ လက္ခဏာပြတတ်ပြီး တစ်ဦးမှာ ဝေဒနာသာ ခံစား ရကြောင်း သိရသည်။ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ဇီကာရောဂါသည် မွေးကင်းစ ကလေးငယ်များတွင် ထူးထူးခြားခြား ဦးနှောက် သေးငယ်ရုံသာမက အာရုံကြောစနစ် ပျက်စီး သည့် Microcephaly နှင့် Guillain Barre  ဖြစ်စဉ်များ ဖြစ်နိုင်ကြောင်း သိရသည်။ သွေးလွန် တုပ်ကွေးကဲ့သို့ ဝေဒနာခံစားရမှု ပြင်းထန်ခြင်း မရှိသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး များတွင် ဇီကာဗိုင်းရပ်စ် ဝင်ရောက်ပါက မွေးဖွားသည့် ကလေးငယ် လူလားမြောက် လျှင် ဦးနှောက်ဖွံ့ဖြိုးမှု နည်းနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

လတ်တလောအခြေအနေ
တောင်အမေရိကနှင့် လက်တင်အမေရိကတွင် ဖြစ်ပွားနှုန်း မြင့်မားလာသည့် မွေးရာပါအင်္ဂါ ချို့ယွင်းမှုနှင့်
အာရုံကြောစနစ် ဖောက်ပြန်မှုအား သိပ္ပံနည်းကျ သက်သေ မပြ နိုင်သေးသော် လည်း ဇီကာဗိုင်းရပ်စ်နှင့် ဆက်စပ်ကြောင်း ကျန်းမာရေး ပညာရှင်များက သဘောတူခဲ့ပြီး နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ဇီကာရောဂါအား ကမ္ဘာ့အဆင့် အလေးထား တိုက် ဖျက်ရမည့် ရောဂါအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် အရေးပေါ် သတိပေးမှု ထုတ်ပြန်ခဲ့သည်။ လက်ရှိအခြေအနေတွင် ဇီကာရောဂါသည် ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံတို့တွင် ဆိုးဆိုးဝါးဝါး ကူးစက် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာအဆင့် ဆောင်ရွက်မှု
ပူပြင်းသော အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ခြင်ပေါက်ပွားမှု အားကောင်းနိုင်သည်မှာ သတိပြုရမည့် အခြေအနေ တစ်ရပ်ဖြစ်သည်။ WHO ၏ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ထုတ်ပြန် ချက်အရ ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရန် လေ့လာစောင့်ကြည့်ခြင်း၊ တုံ့ပြန်ခြင်း၊ သုတေသန ပြုခြင်းဟူ၍ သုံးပိုင်း ခွဲခြားဆောင်ရွက်မည်ဟု သိရသည်။ WHO က ဇီကာဗိုင်းရပ်စ် တိုက်ဖျက် ရေး အတွက် လာမည့်ဇွန်လအထိ  ဒေါ်လာ ၅၆ သန်းသုံးစွဲ ရန်လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားထားသည်။ ကုလသမဂ္ဂဆိုင်ရာ တာဝန်ရှိသူများနှင့် နိုင်ငံတကာ ကိုယ်စား လှယ်များ၏ ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရေး ပထမအကြိမ် ဆွေးနွေးညှိနှိုင်းမှုအား ဖေဖော်ဝါရီ ၁၆ ရက်တွင် နယူးယောက် ၌ ပြုလုပ်ခဲ့ရာ ဗာတီကန် ကိုယ်စားလှယ်မှ ဦးခေါင်းသေးငယ်သည့် ကလေးများ မွေးဖွားလာမည်ကို စိုးရိမ်၍  ကိုယ်ဝန် ဖျက်ချမှုများအပေါ် စိုးရိမ်မိကြောင်း ပြော ကြားခဲ့သည်ဟု သိရှိရသည်။

အမေရိကတိုက်နိုင်ငံများ
တောင်အမေရိက ၁၄ နိုင်ငံမှ ကျန်းမာရေး ဝန်ကြီးများသည် ဖေဖော်ဝါရီလ ပထမပတ်တွင် ဥရုဂွေးနိုင်ငံ၌ ဇီကာရောဂါဆိုင်ရာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ရာ ဘရာဇီး သမ္မတက လူငါးသိန်းကျော်အား ခြင်ကိုက် မခံရစေရန်နှင့် သန့်ရှင်းသော ပတ်ဝန်းကျင် ဖန်တီးပေးလျက် ရှိကြောင်း၊ ခြင်နှိမ်နင်းရန် စစ်သည်အင်အား ၂၂ဝဝဝဝ ကို အထူးတာဝန်ပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ဇီကာရောဂါအား အစွမ်းကုန် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌  သြဂုတ် ၅ ရက်နေ့ဖွင့်လှစ်မည့်  အိုလံပစ် အားကစား ပြိုင်ပွဲသို့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ သွားရောက်ခြင်း မပြုရန် သတိပေးထားပြီး Guppy (ဂူပီ) ငါးတစ်မျိုးကို အသုံးပြု၍ ပိုးလောက်လမ်း နှိမ်နင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ဘရာဇီးတွင် ဇီကာရောဂါကြောင့် မွေးကင်းစ ကလေးငယ် ၄ဝဝဝ ခန့် ဦးခေါင်း သေးငယ်မှု ဖြစ်လျက် ရှိသလို ကိုလံဘီယာနိုင်ငံ၏ ဖေဖော်ဝါရီ ၅ ရက်နေ့ ကြေညာချက်အရ ၎င်း ရောဂါကြောင့် လူသုံးဦး သေးဆုံးပြီးဟု သိရသည်။ တောင်အမေရိကနှင့် လက်တင်အမေရိက နိုင်ငံတို့တွင် ဇီကာရောဂါ ကူးစက်ခံရသူ လေးသန်း ခန့်ရှိပြီး တစ်သန်းခွဲသည် ဘရာဇီး တစ်နိုင်ငံတည်းမှဖြစ်ကြောင်း၊ ဇီကာဗိုင်းရပ်စ်သည် လက် တင် အမေရိကနိုင်ငံများသို့ ၂ဝ၁၅ ခုနှစ်တွင် စတင်ရောက်ရှိကြောင်း၊ဗင်နီဇွဲလားနိုင်ငံတွင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှစ၍ ၎င်းရောဂါ ကူးစက်ခံရသူ ၅ဝဝဝ ကျော် ရှိပြီး ဆေးရုံတက်ရောက် ကုသသူ ၆၈ ဦးနှင့် သေဆုံးသူ သုံးဦးရှိကြောင်း ABC  သတင်းအရ သိရသည်။

နိုင်ငံကြီးတချို့၏ အခြေအနေ
အမေရိကန်နိုင်ငံတွင် ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာသူများ သွေးလှူဒါန်းမှု လောလောဆယ် တားမြစ်ထားကြောင်း သိရပြီး ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် သမ္မတက လွှတ်တော်သို့ ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တောင်းခံခဲ့သည်။ ရုရှား ပြည်သူ့ကျန်းမာရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့၏ ဖေဖော်ဝါရီ ၁၅ ရက် ထုတ်ပြန်ချက်တွင် ဇီကာဗိုင်းရပ်စ် တွေ့ရှိသူ အမျိုးသမီး တစ်ဦးအား ဆေးရုံတင် ကုသပေးလျက်ရှိကြောင်း၊ ၎င်းသည် ဒိုမီနီကန်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သူဖြစ်ကြောင်း ပါရှိသည်။ တရုတ်အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံခန့်ခွဲရေး ကော်မရှင်၏ ဖေဖော်ဝါရီလ ပထမပတ်သတင်း ထုတ်ပြန်ချက်တွင် ကျန်းရှီးအန်း ခရိုင်မှ အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၌ ဇီကာဗိုင်းရပ်စ် တွေ့ရှိကြောင်း၊ ၎င်းသည် တောင်အာဖရိက နိုင်ငံခရီးမှ ပြန်လာသူဖြစ်ကြောင်း သိရသည်။

စစ်ဆေးခြင်းနှင့် ကာကွယ်ခြင်း
ဇီကာဗိုင်းရပ်စ်ဟု စစ်ဆေး အဖြေထုတ်နိုင်သည့် ဓာတ်ခွဲခန်းများ အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့တွင် ရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံသို့လည်း ၎င်း ဓာတ်ခွဲခန်း ပစ္စည်းများ မကြာမီ ရောက်ရှိမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (ကူးစက်) က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ၎င်း ဓာတ်ခွဲခန်း မှ ရောဂါရှိ၊ မရှိအား တစ်ရက် အတွင်း အဖြေ ထုတ်ပေးနိုင်ကြောင်းလည်း သိရသည်။ ပြင်သစ် ဆေးကုမ္ပဏီ တစ်ခုက  ကာကွယ်ဆေး ထုတ်လုပ် မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့ပြီး အိန္ဒိယ ဆေးကုမ္ပဏီ တစ်ခုကလည်း Zikavac အမည်ဖြင့် ကာကွယ်ဆေး ထုတ်လုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည် နယ် သိပ္ပံဌာနခွဲမှ စမ်းသပ်ကာကွယ်ဆေး ထုတ်လုပ်ရန်အချိန် နှစ်နှစ် ကြာနိုင်ကြောင်း သိရ ပြီး WHO ကလည်း အချိန် ၁၈ လ ကြာမြင့်နိုင်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြား ထားရှိသည်။

ပညာပေးလုပ်ငန်းများ
ပြင်ပ ဇီကာဗိုင်းရပ်စ် တွေ့ရှိသည့်  နိုင်ငံများမှာ အာရှတိုက်မှ ထိုင်း၊ စင်ကာပူ၊ တိုင်ဝမ်နှင့် တရုတ်၊ ဥရောပတိုက်မှ ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှားတို့ အပါ အဝင် နိုင်ငံပေါင်း ၄ဝ ကျော်တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ အေးဒီးစ်ခြင်သည် ရေကြည်ရေသန့်တွင် ပေါက် ပွားပြီး နေ့ဘက်တွင် ကိုက်တတ်သည့် ခြင် အမျိုးအစားဖြစ်သည်။ ရေအိုး၊ ရေခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်သည့် တာယာ အဟောင်းတို့တွင် ပေါက်ပွားကာ ကူးစက်မှု မြင့်မားသည့် ကာလမှာ မတ်လနှင့် ဧပြီလ တို့ဖြစ်သည်။ မြန်မာနိုင်ငံသည် ပူအိုက်စွတ်စိုသည့် ရာသီဥတုဖြစ် ခြင်း၊ ယခင်ကပင် အေးဒီးစ်ခြင်များ ရှိနေခြင်း၊ ထိုင်း၊ စင်ကာပူတို့နှင့် ကူးလူးဆက်ဆံမှု များပြား ခြင်း တို့ကြောင့် ကြိုတင်ကာကွယ်မှု အထူးအလေးထားရန် လိုအပ်ပါသည်။ အထူးသဖြင့် မွန် ပြည်နယ်သည် အေးဒီးစ်ခြင်မှတစ်ဆင့် ကူးစက်သည့်  သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံး ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ပိုးလောက်လမ်းနှိမ်နင်းခြင်း၊ ဖုံးသွန်လဲစစ် လုပ်ငန်းများ ထိရောက်စွာ ပညာပေးခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ ခြင်မကိုက်ဆေးလိမ်းခြင်း၊ လုံခြုံ စွာ ဝတ်စားဆင်ယင်ခြင်း အပါအဝင် တခြားလိုအပ်မည့် ကြိုတင် ကာကွယ်မှုများအား အရှိန် မြှင့် ဆောင်ရွက်သင့် ပါကြောင်း ရေး သား တင်ပြ အပ်ပါသည်။ 


No comments:

Subscribe

လာလည်သူများ

free counters