♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 27, 2016

" ၂၀၁၅ တွင် အများဆုံး လည်ပတ်ခဲ့သော ခရီးစဉ်ငါးခု "

ကျုံထော်ရေတံခွန် သတင်းဓာတ်ပုံများ − Tango Tour & Trek

ခရီးသွားခြင်းကို ပိုမိုနှစ်သက်သူ များလာခြင်းကြောင့် ယခုနှစ်ပိုင်း အတွင်း ရုံးပိတ်ရက်များနှင့် ရက်ရှည် အားလပ်ရက်များတွင် အပန်းဖြေ ခရီးသွားလာသူ ပိုများလာသည်။   အထူးသဖြင့် ၂၀၁၅ သည် ပြည်တွင်း အလည်အပတ် ခရီး သွားလာသူ များပြားလာခဲ့ပြီး နေ့ချင်းပြန်နှင့် ရက်တို ခရီးစဉ်များအပြင် သမားရိုးကျ မဟုတ်သည့် ခရီးစဉ် အသစ်အဆန်းများကို ပိုမိုအာရုံစိုက်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများထံမှ သိရသည်။

‘‘၂၀၁၅ ထဲမှာ ပြည်တွင်းခရီးသွားတွေက အားလပ်ရက်တွေမှာ ခရီးထွက်တဲ့လူတွေ ပိုပြီးများ လာပါတယ်။ နေ့ချင်းပြန် ခရီးစဉ်တွေနဲ့ ပုံမှန် သမားရိုးကျခရီးစဉ် တွေအပြင် အသစ်အဆန်းတွေပါတဲ့ ခရီးစဉ်တွေကို ပိုပြီး စိတ်ဝင်စားမှု များလာတာကိုလည်း တွေ့ရပါတယ်’’ ဟု Royal Caravan Travel Tour ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာ မကေဝင့်ခိုင်က မှတ်ချက်ပြုသည်။
ပြည်တွင်းခရီးသွား လုပ်ငန်းများ၏ လေ့လာတွေ့ရှိချက် များအ ရ ၂၀၁၅ တွင် ပြည်တွင်း အပန်းဖြေခရီးစဉ်များ၌ လည်ပတ်မှု အများဆုံး ခရီးစဉ်ဒေသငါးခု ရှိခဲ့သည်။

ကရင်ပြည်နယ်ခရီး
ပထမဆုံး အနေဖြင့် သွားလာရ လွယ်ကူပြီး နေ့ချင်းပြန် သွားရောက်နိုင်သည့် လည်ပတ်မှု အများဆုံး ခရီးစဉ်မှာ ကရင်ပြည်နယ် ဘားအံခရီးစဉ် ဖြစ်ပြီး ကျုံထော်ရေတံခွန်၊ ဘားအံဂူ ငါးဂူ၊ View Point၊ ရွှေရင်မျှော်ဘုရား၊ ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်နှင့် ကျောက်ကလပ်စေတီ တို့ကို သွားရောက် လည်ပတ်လေ့ ရှိကြသည်။
‘‘ဘားအံက နေ့ချင်းပြန်သွား လို့ရတဲ့အတွက် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ် နည်းတာကြောင့် သွားတဲ့သူ အရမ်းကို များလာတယ်။  ပြီးတော့ ရေတံခွန်နဲ့ သဘာဝရှုခင်းတွေကို ကြည့်လို့ရတဲ့အပြင် ဘုရားဖူးအနေနဲ့လည်း သွားလို့ရတဲ့အတွက် လူသွားအများဆုံး ခရီးစဉ်တစ်ခု ဖြစ်နေပါတယ်’’ဟု Tango Travel and Tourခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ
မခေါင်ခေါင်က ပြောသည်။


ကျိုက္ခမီရေလယ်ဘုရား။ သတင်းဓာတ်ပုံများ − Tango Tour & Trek
 
မော်လမြိုင်နှင့် သေမင်းတမန်ရထားလမ်း
ထို့အပြင် လည်ပတ်မှု အများဆုံးဖြစ်သည့် ရက်တိုခရီးစဉ်မှာ မော်လမြိုင်-ကျိုက္ခမီ-စက်စဲ-မုဒုံ ခရီးစဉ်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ကျိုက္ခမီရေလယ်ဘုရား၊ စက်စဲကမ်းခြေ၊ သေမင်းတမန်မီးရထားလမ်း၊ ဝင်းစိန်တောရရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီး၊ သံဖြူဇရပ်စစ်သင်္ချိုင်း၊ ကျိုက်သလ္လံဘုရား၊ ရတနာပုံ ခေတ်စိန်တုန်းမိဖုရားကျောင်း၊ တောင်ပေါ်တန်း ဘုရားစုံနှင့် ကျို က္ကော်သစ်သီးတန်းတို့ကို သွားရောက် လည်ပတ်နိုင်မည်ဖြစ်သည်။
‘‘မော်လမြိုင် ကျိုက္ခမီ -စက်စဲက နှစ်တိုင်းလိုလို လူသွားများတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း လူသွားအများဆုံး ခရီးစဉ်တွေထဲမှာ ပါပြီးတော့ သွားရလွယ်ကူပြီး  စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ခရီးသွားချင်တဲ့လူတွေ စိတ်ဝင်စားမှု များပါတယ်’’ဟု Am-azing Myanmar Scenery  Tra-vels & Tours ခရီးသွားလုပ်ငန်းမှ စီမံခန့်ခွဲရေးတာဝန်ခံ မတင်နွယ်ဦးက ပြောသည်။

 
ဂုတ်ထိပ်တံတား။ သတင်းဓာတ်ပုံများ − Tango Tour & Trek
ဂုတ်ထိပ်တံတားနှင့် ရေပြာအိုင်
ရက်ရှည် အပန်းဖြေခရီးစဉ် များထဲတွင် မန္တလေး-ပြင်ဦးလွင်- ဂုတ်ထိပ်ခရီးစဉ်သည် လူသွားအများဆုံးဖြစ်ပြီး ကျောက်စိမ်းဘုရား၊ ဦးပိန်တံတား၊ ဒီးဒုတ်ရေပြာအိုင်၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်များ၊ ပိတ်ချင်းမြောင် လိုဏ်ဂူ၊ ဒီဇင်ဘာဥယျာဉ်၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ မဟာအံ့ထူးကံသာဘုရား၊ နှီးဘုရား၊ ဂုတ်ထိပ်တံတား တို့ကို သွားရောက် လည်ပတ်နိုင်မည် ဖြစ်သည်။
‘‘ရက်ရှည်ခရီးစဉ် တွေထဲမှာ ဆိုရင် မန္တလေး-ပြင်ဦးလွင်-ဂုတ်ထိပ်ကို လူသွားများပါတယ်။ ကုန်ကျစရိတ် အများကြီးမကျဘဲနဲ့ နေရာစုံကို အပန်းဖြေခရီးစဉ်အနေနဲ့ သွားလာနိုင်တဲ့အတွက် လူစိတ်ဝင်စားမှု များတာ ဖြစ်ပါတယ်’’ ဟု မတင်နွယ်ဦးက ပြောသည်။

တောင်ကွဲစေတီ။ သတင်းဓာတ်ပုံများ − Tango Tour & Trek
လွိုင်ကော် တောင်ကွဲစေတီနှင့် ကယန်းရွာ
လည်ပတ်မှုအများဆုံး ရက်ရှည်ခရီးစဉ်များထဲတွင် လွိုင်ကော် ခရီးစဉ်သည် ယခုနှစ်အတွင်း လူစိတ်ဝင်းစားမှု  မြင့်တက်လာခဲ့ပြီး ထီးစဲခါးရေတံခွန်၊ တောင်ကွဲစေ တီ၊ ကန်ခုနစ်ဆင့်၊ ထီးပွင့်ကန်၊ ကယန်းရွာနှင့် ကြတ်ဂူ စသည့်
နေရာများသို့ သွားရောက်လည်ပတ် နိုင်မည်ဖြစ်သည်။
‘‘လွိုင်ကော်က ရေတံခွန်တွေ လည်းရှိ၊ ရှုခင်းတွေလည်း လှတဲ့အတွက် အရင်ကထက် သွားလည်တဲ့လူ ပိုများလာပါတယ်။ ပြီးတော့ တိုင်းရင်းသားရွာတွေကိုလည်း သွားလည်လို့ရတဲ့အတွက် စိတ်ဝင်စားကြတာလည်း ပါတယ်’’ ဟု Royal Caravan Travel and Tour ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာ မကေဝင့်ခိုင်က ပြောသည်။

 
ထားဝယ် မောင်းမကန် တစ်နေရာ။ သတင်းဓာတ်ပုံများ − Tango Tour & Trek
 
ထားဝယ်- မောင်းမကန်- ကန်ချနာဘူရီခရိုင်ခရီးစဉ်
ရက်ရှည်အပန်းဖြေခရီးစဉ် များထဲတွင် ထားဝယ်-မောင်းမ ကန်-ကန်ချနာဘူရီခရိုင်ခရီးစဉ် သည်လည်း လည်ပတ်မှုအများဆုံးခရီးတစ်ခုဖြစ်ပြီး မောင်းမကန် ကမ်းခြေနှင့် ထားဝယ်မြို့ရှိ ဘုရား စေတီများ၊ ထိုင်းနိုင်ငံ ကန်ချနာ ဘူရီခရိုင် အတွင်းရှိ ကွေးမြစ်အလှ၊ မယ်သီလရှင် ရေပေါ်ကျောင်း၊ ကျားဘုရားကျောင်း၊ ရေတံခွန်၊ ကန်ချနာဘူရီ သေမင်းတမန်ရ ထားလမ်း စသည့် နေရာများကို သွားရောက်လည်ပတ်နိုင်မည်ဖြစ် သည်။
‘‘၂၀၁၅ ထဲမှာ ခရီးသွားလုပ် ငန်းကို လုပ်ကိုင်လာတဲ့ ကုမ္ပဏီ တွေများလာပေမယ့် အပန်းဖြေ ခရီးသွားတဲ့သူအရေအတွက်က မြင့်တက်နေတဲ့အတွက် ခရီးစဉ် တွေကို အပတ်စဉ်ဝန်ဆောင်မှု ပေးနေရပါတယ်။ အဲဒါကြောင့် ခရီးစဉ်တွေမှာ အသစ်အဆန်းတွေ ပါအောင်လည်း ခရီးသည်တွေအတွက် ရွေးချယ်စရာ ဝန်ဆောင်မှုတွေ ပိုပြီး ရလာပါတယ်’’ဟု မကေဝင့်ခိုင်က ပြောသည်။

Credit : http://www.7daydaily.com/story/55003

No comments:

Subscribe

လာလည်သူများ

free counters