♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2016

" တောင်ပြိုကန်ကြီး၏ အန္တရာယ် "

 
၂၀၁၅ ခုနှစ် ဇူလိုင်အတွင်းက အဆက်မပြတ် ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်များပြိုကျကာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၄၄၀၀ ကျော် အမြင့်တွင် သဘာဝအလျောက် ကန်ကြီးတစ်ကန် ဖြစ်ပေါ်နေသည်ဟူသော သတင်းသည် ရေကြီးရေလျှံမှုအပြီး ဩဂုတ်လမှ စတင်၍ ပြည်သူများအကြား ပျံ့နှံ့ခဲ့သည်။ 
အဆိုပါကန်ကြီးသည် ကြီးမားလွန်းလှ သည့်အတွက် ပြိုကျလာပါက တွီလွိချောင်း ဘေးဝဲယာနေ ကျေးရွာများအပေါ် ဖုံးလွှမ်းနိုင်သဖြင့် ပြည်သူများ ရွှေ့ပြောင်းကြရန် လိုအပ်ကြောင်း ကန်ကြီးအား မြင်တွေ့ခဲ့ရသည့် မုဆိုးတစ်ဦးက ပြောသည်ဟူသည့် စကားသည် လောလောလတ်လတ် ရေဘေး ကြုံတွေ့ခဲ့ရသည့် ပြည်သူများအကြား စိုးရိမ်နေကြသူများ ရှိသကဲ့သို့ ယုံတမ်းပုံပြင် တစ်ခုအဖြစ်သာ မှတ်ယူခဲ့ကြသူများလည်း ရှိသည်။
“ကန်ကြီးကိုတော့ လာကြည့်တာ မဟုတ်ဘူး။ ရွာနားက တောင်ယာစိုက်ခင်း ကနေ မြေပုံမို့မို့ကြီးကို လှမ်းမြင်နေရတော့ ကန်ကြီးတစ်ခု ဖြစ်နေပြီဆိုပြီး သိခဲ့ကြတယ်” ဟု မြေပြိုကန်နှင့် ရှစ်မိုင်ကျော်အကွာ ဟန်ကင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေမှူး ဦးရန်ဒိုထန်က ပြောသည်။
ဟန်ကင်ကျေးရွာသည် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ရာဇဂြိုဟ်ဆည်မှ အနောက်ဘက် ၁၂ မိုင်အကွာ၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်းလေးထောင်ကျော်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာ၏ အောက်ခြေတွင် တွန်းဇံမြို့နယ်ရှိ တောင်တန်းများမှ မြစ်ဖျားခံစီးဆင်းလာသည့် တွီလွီချောင်းမှာ ရစ်ခွေစီးဆင်းနေပြီး မိုးရာသီကာလ မြေပြိုကျမှုကြောင့် ညို့မှိုင်းနေသော သစ်ပင်များအစား မြေသားဖြူဖြူကြီးများ ကိုသာ ချောင်းအားအပေါ်စီးမှ မြင်တွေ့ရသည့် ဟန်ကင်ကျေးရွာမှ လှမ်းမြင်နေရသည်။
ဟန်ကင်ကျေးရွာသားများ မှလွဲ၍ ကန်ကြီးကို မမြင်ဖူးသေးသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ငါးသိန်းသော ပြည်သူများအကြား ကောလာဟလ ဖြစ်နေသော ရေကန်ကြီး အမှန်တကယ် ရှိကြောင်း မည်သူမျှ အတပ်မပြောနိုင်သေးခင် ဩဂုတ် နောက်ဆုံးပတ်က နတ်မြောင်းချောင်း အတိုင်း စီးဆင်းလာသည့် ရေများနှင့် မျောလာသည့် သစ်လုံးကြီးများ ပါဝင်သည့် နွံထုကြီးသည် တွိးခိန်ဇန် (ခေါ်) ဟားခါးလေးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာရှိ လူနေအိမ်များကို ဖုံးလွှမ်းသွားပြီးနောက် ပြည်သူများ၏ စိုးရိမ်စိတ်သည် ပိုမိုကြီးမားလာခဲ့သည်။
ထိုသို့ စိုးရိမ်ကြီးမားနေသော ဒေသခံများ သတင်းမှန် သိရှိစေရန် အတွက် ကလေးမြို့ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရာဇဂြိုဟ်ဆည်စီမံကိန်း တည်ဆောက်ရေးမှ အင်ဂျင်နီယာအချို့ ပူးပေါင်းကာ ကန်ကြီးရှိနေသည့် နေရာသို့ သွားရောက် လေ့လာခဲ့ကြသည်။ ထိုသို့ လေ့လာခဲ့ပြီးနောက် ကလေးမြို့ ရာဇဂြိုဟ်ဆည်အတွင်း စီးဝင်သည့် နေရဉ္စရာ ချောင်းထဲသို့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာမှ ရှစ်မိုင်ခန့်အကွာ တောင်ပေါ်တစ်နေရာတွင် တောင်များ ပြိုကျပြီးဖြစ်လာသော ကန်ကြီးတစ်ခု သဘာဝအလျောက် ရှိလာသည်မှာ အမှန်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ယင်းနောက် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကန်ကြီးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်းက သွားရောက် လေ့လာ စူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။
ရေနည်းကာလ ဖြစ်သည့် ဖေဖော်ဝါရီ ပထမပတ်တွင် တောင်ပြိုကန်၏ မျက်နှာပြင် အကျယ်သည် ၁၀၀ ဒသမ ၄၄ ဧက
ကျယ်ဝန်းပြီး ကန်အတွင်း သိုလှောင်ထားရှိသော ရေထုထည်ပမာဏမှာ ၁၂,၅၈၁ ဧကရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု သွားရောက်လေ့လာခဲ့သည့် အဖွဲ့၏ တိုင်းတာထားမှု အရသိရသည်။
ရာဇဂြိုဟ်ဆည်သည် ကန်ရေပြည့် မျက်နှာပြင်အကျယ် ဧက ၉၈၀၊ ကန်ရေပြည့် ရေလှောင်ဧက ပမာဏ ငါးသောင်းနှစ်ထောင်နှင့် ကန်ရေသေ ရေလှောင်ပမာဏ ၈၀၀၀ ဧက ရေကိုလှောင်နိုင်သည်။ ထို့ကြောင့် ရာဇဂြိုဟ်ဆည်ရေထုနှင့် နှိုင်းယှဉ်ပါက တောင်ပြိုကန်၏ ဖေဖော်ဝါရီ ရေနည်းကာလအတွင်း ရေလှောင်ထားနိုင်မှုသည် ငါးချိုးတစ်ချိုးအထိ လှောင်ထားနိုင်သည်ဟု တောင်ပြိုကန်သို့ သွားရောက် တိုင်းတာခဲ့သည့် ပညာရှင်များ၏ တွက်ချက်မှုအရ သိရသည်။ တောင်ပြိုကန်သည် ၂၀၁၅ ခုနှစ်မှ ပြီးစီးကာ စတင်ရေလှောင်မှု ပြုလုပ်ခဲ့သည့် ရာဇဂြိုဟ်ဆည်နှင့် အထက် မိုင်ပေါင်း ၂၀ ကျော် အကွာတွင် တည်ရှိသည်။
ထို့ပြင် တောင်ပြိုကန်အား ရေထွက်သည့်ဘက်မှ ကာထားသည့် သဘာဝအလျောက် ဖြစ်နေသည့် ဘောင်အမြင့်သည် လက်ရှိ တွီလွီချောင်းကြမ်းပြင်မှ ကန်ဘောင် ပေါ်အထိ ပေပေါင်းထောင်ကျော် မြင့်မားပြီး ကန်ဘောင်၏ အကျယ်မှာ ပေတစ်ရာကျော်ကျော် ကျယ်ဝန်းသည်။ အဆိုပါ အကျယ် အဝန်းရှိ မြေသားထုသည် အကြမ်းအားဖြင့် ကျင်းပေါင်း သိန်း ၃၀ အထိ ရှိနိုင်သည်ဟု သွားရောက်တိုင်းတာခဲ့သည့် ပညာရှင်များ၏ တွက်ချက်မှုအရ သိရသည်။ ထိုသို့ ကျင်းပေါင်း သိန်း ၃၀ ရှိသည့် ကန်ဘောင်၏ မြေသားသည် သက်နုကျောက်များ ဖြစ်သည့် ရွှံ့ကျောက်၊ ရှည်းကျောက်နှင့် သဲကျောက်ဟူသည့် ကျောက်သုံးမျိုးဖြင့် ပိတ်ထားသည့် ဘောင်ဖြစ်နေသည်ဟု တောင်ပြိုကန်သို့ သွားရောက်လေ့လာခဲ့သော ဘူမိဗေဒပညာရှင်တစ်ဦးက ပြောကြားသည်။
“ဒီကျောက်သုံးမျိုးထဲက အများဆုံးတွေ့ရတဲ့ ရွှံကျောက်နဲ့ ရှည်းကျောက်က ရေနဲ့ထိတာနဲ့ ရွှံ့တွေဖြစ်သွားတတ်တဲ့ ကျောက်မျိုး။ အဲဒီလိုကျောက်က ရေနဲ့လည်းထိမယ်၊ လှုပ်ရှားမှုဒဏ်လည်း ခံရမယ်ဆိုရင် ရွှံ့ရေတွေ ဖြစ်သွားမယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် တောင်ပြိုကန်၏ ဘောင်သည် မြေပြိုပြီး ဖြစ်လာသည့်အတွက် အောက်ခြေရှိ သစ်ပင်သစ်တုံးများ အပေါ် ဖိမိရာမှ အပေါက်များ ဖြစ်နေသည်လား၊ ရွှံကျောက်များအတွင်းမှပဲ ရေစိမ့်ထွက်နေသည်လား မခွဲခြားနိုင်သော်လည်း တောင်ပြိုကန်၏ အောက်ခြေတွင် ရေများစိမ့်ထွက်နေပြီး တွီလွီချောင်းအတိုင်း စီးဆင်းနေသည်ကို တွေ့ရှိရသည်ဟု အထက်ပါ ဘူမိဗေဒပညာရှင် တစ်ဦးက ပြောသည်။
“ကန်အောက်ခြေကတော့ ရေစိမ့်ထွက်နေတာ မှန်တယ်။ တစ်လအတွင်းကို ကိုးပေလောက် ရေလျော့သွားတယ်” ဟု တောင်ပြိုကန်သို့ တစ်လခြား နှစ်ကြိမ် သွားရောက်ခဲ့သည့် ကလေးလွင်ပြင်မှ ဦးသန့်ဇင်လင်းက ပြောကြားသည်။
ရွှံကျောက်များ၏ အောက်ခြေမှ ရေစိမ့်ထွက်နေခြင်းကြောင့် အောက်ခြေ ဘောင်ပျော်နိုင်မည့် ရွှံကျောက်ဘောင်ကြီးသည် မိုးရာသီရေများကာလ ဆိုပါက တောင်ပြိုကန် ပြိုကျနိုင်ဖွယ် အနေအထားရှိသည်ဟု သွားရောက်လေ့လာခဲ့သည့် ပညာရှင်များက သုံးသပ် ပြောကြားသည်။
“လေ့လာတွေ့ရှိမှုတွေ အရတော့ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ ကန်တွေဟာ ခုနှစ်လကနေ ရှစ်လအတွင်း ကျိုးကျဖို့က ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု တောင်ပြိုကန်သို့ သွားရောက်လေ့လာခဲ့သည့် သစ်တောဦးစီးဌာနမှ အငြိမ်းစား ညွန်ကြားရေမှူး၊ မြေပြိုကန်များနှင့် ပတ်သက်ပြီး လေ့လာနေသည့် ပညာရှင်တစ်ဦးလည်း ဖြစ်သည့် ဦးမောင်မောင်သန်းက ပြောကြားသည်။ ဖေဖော်ဝါရီမှ စတင်၍ ရေနည်းကာလ ဖြစ်သည့် နွေရာသီကာလ အတွင်းတွင်မူ မည်သို့မှ ဖြစ်နိုင်စရာ မရှိသေးကြောင်း ဦးမောင်မောင်သန်းက ပြောသည်။
ရွှံကျောက်များဖြင့် ကာထားသည့် တောင်ပြိုကန်၏ ဘောင်ကြီးအောက်မှ ရေစိမ့်ထွက်နေခြင်း မိုးရာသီရေနည်းကာလ ကန်အတွင်း စီးဝင်သည့် ရေများသည့် အချိန်တွင် ကန်ဘောင်ပေါ်မှ ရေများ လျှံကျလာပါက ကန်ဘောင်ကြီး ဝုန်းကနဲ ပွင့်ထွက် မသွားနိုင်သည့်တိုင်အောင် ရေတိုက်စားခြင်း ခံရမှုကြောင့် တဖြည်းဖြည်း ပြိုကျမည်မှာ သေချာသည်ဟု တောင်ပြိုကန်သို့ သွားရောက် လေ့လာသည့် ဘူမိဗေဒပညာရှင်များက သုံးသပ်သည်။
၂၀၁၅ ခုနှစ် ဩဂုတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ဟားခါးလေးကျေးရွာ အတွင်း ဝင်ရောက်သည့် ရွှံနွံများသည် ယခုလက်ရှိ တည်ရှိနေသည့် ကန်ကြီးနီးပါး ရှိသည့် ကန်တစ်ခုပြိုကျခဲ့ပြီး နတ်မြောင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း ဝင်ရောက်ဖုံးလွှမ်းသွားခြင်း ဖြစ်သည်ဟု နာဆာဂြိုလ်တုမှ တိုင်းတာထားချက်ကို ထုတ်ပြန်ထားချက်အရ သိရသည်။
ထိုသို့ ဖုံးလွှမ်းမှုကြောင့် ဟားခါးလေး ကျေးရွာ၊ နန်းကျင်းဆောင်ကျေးရွာ၊ မြစိမ်း မြလင်းကျေးရွာနေ ပြည်သူများ အသက်သေဆုံးမှု မရှိခဲ့သော်လည်း လူနေအိမ်များ မျောပါပျက်စီးပြီး ယင်းနေရာများတွင် နေထိုင်ရဲခြင်း မရှိကြတော့သည့်အတွက် ကုန်းမြင့်ကျေးရွာ အသစ်နေရာသို့ ပြောင်းရွှေ့ နေထိုင်ရန် ပြုလုပ်နေမှုမှာလည်း ရွှံ့ဖုံးလွှမ်းပြီး ငါးလခန့်ကြာသည်အထိ ပြောင်းရွှေ့မှု မပြီးသေးကြောင်း ရေဘေးသင့်သူများ၏ ပြောပြချက်အရ သိရသည်။
တွီလွီချောင်းဖျားတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကန်ကို ကာထားသည့် မြေသားထုကြီးသည် တစ်စက္ကန့်လျှင် ၅၀ မီတာ အလျင်နှုန်းဖြင့် စက္ကန့်ပေါင်း ၁၆၀ အတွင်း ၃၉၅ မီလီယံတန်အထိ ပြိုကျ ရွေ့လျားသွားခဲ့ခြင်း ဖြစ်သည်ဟု ဂြိုလ်တုမှတစ်ဆင့် တိုင်းတာထားသည့် မှတ်တမ်းများတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ မီလီယံတန်ရှိ မြေသားထုနှင့် ရေနည်းချိန် တိုင်းတာမှုအရ လူသားတို့ ဖန်တီးထားသည့် ရာဇဂြိုဟ်ဆည်၏ ရေလှောင်ပမာဏ ငါးချိုးတစ်ချိုးရှိသည့် ရေသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း လေးထောင်ကျော်မှ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၆၆၀ ကျော် မြင့်သော ရာဇဂြိုဟ်ဆည် အတွင်းသို့ မိုးရာသီ ရေများချိန်တွင် စီးဝင်မည်ဆိုပါက ရာဇဂြိုဟ်ဆည် အောက်ဘက်တွင်ရှိသော နေရဉ္ဖရာချောင်း တစ်လျှောက်နေ ငါးသိန်းသော ပြည်သူများအတွက် စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေသည်ဟု မြေပြိုကန်သို့ သွားရောက်လေ့လာခဲ့သည့် အမည်မဖော်လိုသည့် ကျွမ်းကျင် ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
၂၀၀၃ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင် ရေလှောင်နိုင်သည့် ရာဇဂြိုဟ်ဆည်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရွာသွန်းခဲ့သည့် မိုးရေကြောင့် ၁၆၅ ပေအမြင့်ရှိ ရေမျက်နှာပြင်အထိ ရောက်ရန် တစ်ပေကျော်ကျော် အလိုအထိ ရောက်ရှိခဲ့သည်။ ထို့အပြင် ဆည်အတွင်း ၁၀ ပေအထိ နုံးတင်ပို့ချခံခဲ့ရသည်ဟု ရာဇဂြိုဟ်ဆည်မှ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရာဇဂြိုဟ်ဆည်၏ ရေအမြင့်သည် မူလ ၁၆၅ ပေ ရှိရာ ၁၀ ပေ နုန်းတင်လိုက်သည့် အခါ လက်ရှိ ဆည်အတွင်း ရေလက်ခံနိုင်သည့် အမြင့်ပေသည် ၁၅၅ ပေအမြင့်သာ ကျန်ရှိတော့မည် ဖြစ်သည်။ ထိုသို့ ရေလက်ခံ သိုလှောင်နိုင်မှု မူလထက် နည်းနေသည့်ဆည်အတွင်း မူလ ချောင်းဖြစ်သည့် နေရဉ္ဖရာချောင်းမှ ရေများ၊ တွီလွီချောင်းဖျားတွင် ဖြစ်ပေါ်နေသည့် သဘာဝကန်အတွင်းမှ ရေများ တစ်ပြိုင်နက် စီးဝင်လာမည်ဆိုပါက ဆည်မကျိုးကျနိုင် သည်ထားဦး ကန်ဘောင်ပေါ်မှ ရေမကျော်နိုင်ဟု တပ်အပ်သေချာ မပြောနိုင်ခြင်းကြောင့် မြေထိန်းနံရံကို ခိုင်ခံ့အောင်လုပ်မည် ဆိုပါကလည်း နွေရာသီကာလအတွင်း အမြန်ဆုံးလုပ်ရန်နှင့် ဖြိုချမည် ဆိုပါကလည်း နွေရာသီ ရေနည်းကာလတွင် အမြန်ဆုံးလုပ်ရန် ကလေးမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ပြောရေးဆိုခွင့် ရှိသူများက တိုက်တွန်း ပြောကြားကြသည်။
ထိုကဲ့သို့သော အဆိုးဝါးဆုံး အန္တရာယ် မပေါ်ပေါက်စေရန်အတွက် တောင်ပြိုကန်ကို ပြုလုပ်နိုင်သည့် နည်းလမ်းမှာ သုံးလမ်းရှိပြီး တစ်နည်းမှာ ရေကန်အား ရေနည်းကာလတွင် ဒိုင်းနမိုက်များဖြင့် ဖြိုပြီး ဖောက်ချခြင်း၊ ကန်အတွင်းမှ ရေများကန်ပေါ်မှ မကျော်စေရန် ရေစီးဆင်းနိုင်သည့် ကန်မှရေများ ချောင်းအတွင်း စီးဝင်စေရန် ရေထုတ်မြောင်း ပြုလုပ်ခြင်း၊ ရေစီးလာမည့် လမ်းကြောင်းတွင် ရှိနေသော ဆည်အတွင်းရှိရေများကို ကြိုလျှော့ထားခြင်း စသည့်နည်းလမ်းများဖြင့် ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကာကွယ်ပြုလုပ်နိုင်သည်ဟု ပညာရှင်တစ်ဦးဖြစ်သည့် ဦးမောင်မောင်သန်းက ယင်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ နည်းလမ်းသုံးခုဖြင့် တောင်ပြိုကန်ကို ပြုလုပ်ရန်အတွက်မူ ရေနည်းကာလ ဖြစ်သည့် နွေရာသီကာလအတွင်း ပြီးစီးအောင် ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ ပြုလုပ်ရန်အတွက် ငွေကြေးမြောက်မြားစွာ ကုန်ကျမည်ဖြစ်သည်။ ထိုသို့ အကုန်အကျခံ ပြုလုပ်ရန်မှာလည်း ရေနည်းကာလဖြစ်သည့် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေစသည့် လေးလခန့်အတွင်း ပြုလုပ်ရမည့်အချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲနှင့် ဘတ်ဂျတ်များ ချထားပေးမည်လား ဆိုသည်က ပြောရန် ခက်သည့် အခြေအနေတွင် ရှိနေသည်။
“သဘာဝဘေး အန္တရာယ်အတွက် အသုံးပြုရမယ့် အထူးရန်ပုံငွေတွေ ရှိတယ်။ အဲ့ဒါက စိုးရိမ်စရာမဟုတ်ဘူး။ တကယ် စိုးရိမ်တာက လုပ်သင့်တဲ့ အချိန်မှာ မလုပ်လိုက်နိုင်မှာကိုပဲ” ဟု ဦးမောင်မောင်သန်းက ပြောသည်။
တောင်ပြိုကန်မှ စီးဆင်းလာသည့် ရေများကြောင့် လူများ အသက်အိုးအိမ်ဆုံးရှုံး ခြင်း မရှိပါကလည်း ချောင်းတစ်လျှောက်ရှိ ကမ်းပါးများ ပြိုကျရာမှ တောင်ယာလုပ်ကိုင် စားသောက်သည့် ချောင်းတစ်လျှောက်နေ ကျေးရွာများမှ တိုင်းရင်းသားများ၏ တောင်ယာစိုက်ခင်းများ ပျက်စီးမည့်အပြင် အနိမ့်ပိုင်း လွင်ပြင်ဖြစ်သော ကလေးလွင်ပြင်ရှိ လယ်ယာများအား ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့ သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာစိုက်ခင်းသည် နောက်တစ်နှစ် အကြာ ၂၀၁၆ မိုးရာသီတွင် ထပ်မံပျက်စီးမည် ဆိုပါက ၂ နှစ်ဆက်တိုက် လယ်ယာ ဥယျာဉ်များ ပျက်စီးဆုံးရှုံးမည့်ဒဏ်ကို ပြည်သူများ ခံနိုင်ပါ့မလားဆိုသည့် အခြေအနေက စိုးရိမ်စရာ ဖြစ်သည်။
“မိုးရာသီတုန်းက မြေပြိုမှုကြောင့် တောင်ယာစပါးတွေ ပျက်စီးကုန်ပြီ။ တောင်ယာခင်းတွေ ဥယျာဉ်ခြံတွေလည်း ပျက်စီးတာကြောင့် လာမယ့်မိုးရာသီ ဆန် စားစရာ မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်”ဟု တောင်ပြိုကန်၏ အောက်ရှစ်မိုင်ကျော်အကွာ တွီလွီချောင်းဘေးရှိ ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၄၀၀၀ ကျော်တွင် နေထိုင်သည့် တွန်းဇံမြို့ နယ် ဟန်ကင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေမှူး ဦးရန်ဒိုးထန်က ပြောသည်။
တောင်ပြိုကန်ကြီး၏ အန္တရာယ်ကို ဒေသခံများလည်း စိုးရိမ်လျက်ရှိကြသည်။ တောင်ပြိုကန်သို့ ကိုယ်တိုင် ရောက်ဖူးသူလည်းဖြစ် ကလေးမြို့နေ ပြည်သူတစ်ဦးလည်း ဖြစ်သည့် ဦးရှမ်းလေးက “ပညာရှင်တွေ ဆုံးဖြတ်ပြီးရင်တော့ မြန်မြန်လုပ်စေချင်တယ်။ ဆည်ရဲ့ ခံနိုင်ရည် အားကလည်း ဘယ်လောက်ရှိမှန်း မသိ။ အရင် မိုးတွင်းကလည်း တစ်ကြိမ် ကြုံတွေ့ခဲ့ရပြီးပြီ ဆိုတော့ မိုးမကျခင် မြန်မြန် ဆောင်ရွက်စေချင်တယ်” ဟု ဆိုသည်။
တောင်ပြိုကန်၏ ကြီးမားသည့် အန္တရာယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ပညာရှင်များနှင့် တာဝန်ရှိသူများကို မိုးရာသီ မတိုင်မီ တောင်ပြိုကန်အား မည်သို့ ပြုလုပ်မည် ဆိုသည့်အကြောင်း ပွင့်လင်းမြင်သာစွာ ချပြရမည်ဖြစ်သကဲ့သို့ ရှောင်ရန် ဆောင်ရန် အချက်များကိုလည်း အသိပညာပေး သတိပေးနှိုးဆော်လုပ်ငန်းများ ကြိုတင် လုပ်ဆောင်သင့်သည်ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက တိုက်တွန်းလိုက်သည်။

Credit : http://www.thevoicemyanmar.com/index.php/article/item/9882-tpl

No comments:

Subscribe

လာလည်သူများ

free counters