♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
August 12, 2014
ဝိညာဉ်ပျို နှင့် ရေတွင်းအို အပိုင်း ၁
ဝိညာဉ်ပျို နှင့် ရေတွင်းအို
ထိုအထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ရေးပြရလျှင်ကား ဒဏ္ဍာရီဆန်လွန်းမည်ဖြစ်ပါသည်။  သို့ သော် ထိုဖြစ်ရပ်မှာကား
အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါသည်။ ကျွန်တော်တို့ အိမ်ဘေးတွင် ဟိုးယခင်တုန်းကတည်းကပင် ရေတွင်း
အိုကြီး တစ်တွင်းရှိပါသည်။ ထိုရေတွင်းမှ ရေသည် နွေရာသီ၌ အေးမြပြီး ဆောင်းရာသီတွင် နွေးထွေး၏။ မိုးရာသီတွင်မူကားတွင်း
ဘောင် အနီး သို့ ပင် ရေများတက်လာတတ်သဖြင့် လက်ဖြင့်ခပ်လျှင်ပင် ရေပုံးထဲသို့ ရေအပြည့် ပါလာစမြဲဖြစ်သည်။  ရေတွင်း၏
ဘောင်မှာ မြေပြင်နှင့် နှစ်ပေခွဲကျော်ကျော်သာရှိပြီး အခြားတွင်းများနှင့်စာလျှင် အလွန်နိမ့်သည်။  ကျွန်တော်တို့ လမ်းထဲတွင် ရေ
တွင်းရှိသော အိမ်ဟူ၍ အိမ်ငါးအိမ်ရှိသည်။  အိမ်ဘေးရှိ အိမ်နှစ်အိမ်တွင် နှစ်တွင်း အိမ်ရှေ့ မျက်နှာစောင်းထိုး အိမ်နှစ်အိမ်တို့ တွင်
နှစ်တွင်းရှိသည်။ ထိုတွင်းများအနက်မိမိတို့  အိမ်ဝိုင်းအတွင်းရှိတွင်း သည် အခြားတွင်းများထက် တမူထူးခြားလှပါသည်။ အိမ်တွင်
အဝီစိတွင်း တူးလိုက်သောအခါ ထိုရေတွင်းမှ ရေအား ပန်းပင်ရေလောင်းရုံမှအပ အရင်ကဲ့သို့  အထွေထွေသုံးစွဲမှုကိုမပြုတော့ဘဲ
လူကြီးများကွယ်ရာတွင် ကမြင်းကြောအထကောင်းလျှင် ရေတွင်းထဲ လိမ့်ကျမည်ကိုစိုး သဖြင့် ဖုံးထားရခြင်းဖြစ်သည်။ ဟိုးယခင် တုန်းက အိမ်သို့ ကလေးများ လာရောက်ခြင်းမရှိသဖြင့် လွတ်လပ်စွာ မဖုံးဘဲထားရှိခဲ့ပါသည်။  လပြည့်ညများတွင် ရေတွင်းထဲမှ ငါးများပွက်နေသကဲ့သို့  ဝုန်းဒိုင်းကြဲနေသော အသံများထွက်နေတတ်သည်။ငါးများပွက်နေသကဲ့သို့  ဝုန်းဒိုင်းကြဲနေသော အသံများထွက်နေတတ်သည်။ လူကြီးများက ငါးပွက်သည်ဟု ပြောဆိုနေကြသော်လည်း ထိုတွင်းထဲ၌ ငါးကိုမြင်ဘူးသောသူဟူ၍ မည်သူတစ်ဦးတစ်ယောက်မှ လည်း မရှိခဲ့ချေ။  နွေရာသီတွင် ရေနည်းကာ ရေထုသည် တွင်းအောက်ခြေသို့ ပင် လျှော့ကျကာ ရွှံ့ညွံ ဗလဗွက်ထနေပါသော်ငြားလည်း ထိုအထဲ၌ ငါးဟူသောသတ္တဝါဟူ၍ တွေ့ရန်မှာကားဝေးလေစွ ငါးသေတ္တာဗူးခွံကိုပင် တွေ့ရမည်မဟုတ်ချေ။ ရေပုံးအား တွင်းအထဲသို့ အောက်ခြေရှိ ရွှံ့ဗွက်များ ရှိသည့်နေရာတိုင်အောင်ချကာ အပေါ်မှကြိုးကို ဘယ်ညာလှုပ်ရမ်းကာ ရွှံ့များအား ခပ်ထုတ်ပစ်ပါသော်လည်း ငါးကဲ့သို့ သော မည်သည့်သက်ရှိကိုမှ မမြင်ခဲ့ မတွေ့ခဲ့ရပေ။
တစ်ရက်၌  လွန်ခဲ့သောဆယ်နှစ်ကျော်ခန့် ကအိမ်ဘေးရှိ ရေတွင်းဟောင်းကြီးအတွင်းမှ အနံ့ဆိုးများ ထွက်နေသဖြင့် ဖခင်ဖြစ်သူကထိုရေတွင်းကို ဆယ်ရန် ရေတွင်းဆယ်သမားများကို ခေါ်ယူငှားရမ်းကာ ရေတွင်းအားဆယ်ကာ သန့် စင်စေခဲ့ရာ အနံ့ဆိုးများနှင့်ကင်းစင်သွားခဲ့သည်။ ရေတွင်းအားဆယ်ယူရာတွင် အောက်ခြေရှိ ရွှံ့ညွံများထဲမှ အင်္ဂလိပ်ခေတ်မှ အသုံးအဆောင် ပစ္စည်းအဟောင်း အကျိုးအပဲ့အစုတ်အပြတ်များ၊ ဖိနပ်စုတ်များ ထွက်လာခဲ့သည်။ ထိုပစ္စည်းများနှင့် အတူ လူ့ ဦးခေါင်းခွံကဲ့သို့သော အခုံးအခွက်ပါသော အရိုးစတစ်စ ထွက်လာခဲ့ရာထိုအရိုးခွံကဲ့သို့ အရာအား သေချာဆေးကြောကာ သန့် ပြန့် သော အဝတ်စဖြင့်
ပတ်ကာ သင်္ချိုင်းတစ်ခုတွင် ဦးလေးဖြစ်သူက တရိုတသေ မြှုပ်နှံ ခဲ့သည်။
 ထို နေ့ ညနေ ခုနစ်နာရီခန့် တွင် အိမ်ရှေ့တံခါးအား အဖွားအိုတစ်ဦး ခေါက်နေသည်ကို တွေရပြီး အစ်ကိုဖြစ်သူ ကသွားရောက်ဖွင့်ပေးခဲ့သည်။ အဖေ နှင့်အမေကလည်း ထိုအဖွားအိုကိုအိမ်ရှေ့ ကွပ်ပျစ်ပေါ်၌ ထိုင်စေခဲ့ပါသည်။  အဖွားအိုသည် အသက် ရှစ်ကျော် ကိုးဆယ်အရွယ်လောက် ရှိပြီး သန်မာမှုအပြည့်ရှိနေသေးသည်။  အဖွားအိုက ယခုကျွန်ုပ်တို့ နေနေသော အိမ်ကြီးသည် ဒုတိယကမ္ဘာ စစ်မဖြစ်မှီကသူတို့ ပိုင်ဆိုင်သော၊ သူတို့နေထိုင်ခဲ့ဘူးသော အိမ်ကြီးဖြစ်ကြောင်း၊ ထို့နောက်၎င်း၏ ခင်ပွန်းဖြစ်သူကသူ၏မိတ်ဆွေ ကုန်သည်ကြီးတစ်ဦးအား ရောင်းချကာ ထိုနေရာမှ အပြီးအပိုင်ထွက်ခွာခဲ့ကြောင်းကို ပြောပြလေသည်။ အဖွားအို ကထိုသို့ ပြောပြပြီးယခုလမ်းကြုံသဖြင်
ဝင်လာကြောင်း ပြောပြပါသည်။ အဖွားအိုက သူသည် မွန်အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီးယခု ဤ ရပ်ကွက်တည်ထားသော နေရာတွင် သူ၏ မိဘဘိုးဘွားများနေသောအိမ်ခြေ ဆယ်အိမ်ခန့် ရှိသောမွန်လယ်တောရွာလေးတစ်ရွာဖြစ်ကြောင်း ဤ ရွာလေး၏ ပတ်ဝန်းကျင်တွင် လယ်ကွင်းများ ထန်းပင်များ၊ ဝါးရုံများ၊ တောချုံများနှင့် ပြည့်နေသောနေရာဖြစ်ကြောင်းပြောပြပါသည်။ တောင်ဘက်တွင် ပိန်းရိုးချောင်း ရှိပြီး ထိုချောင်းလေးသည် နှင်းဆီကုန်းရွာအနီးမှ ဖြတ်သန်းကာပုဇွန်တောင်ချောင်းအတွင်း စီးဝင်သွားကြောင်းကိုပြောပြသည်။ ပိန်းရိုးချောင်းတွင် ပိန်းပင်များချောင်းစပ်၌ အလွန်ပေါက်ရောက်သဖြင့် ပိန်းရိုးချောင်းဟု ခေါ်ဆိုကြောင်းကိုပြောပြသည်။  ထိုပိန်းရိုးချောင်း (ယခုအခေါ် ငမိုးရိပ်ချောင်းသွယ်) အတွင်းသို့ ပုဇွန်တောင်ချောင်း မှတဆင့် လှေငယ်များဖြင့် ကုန်ပစ္စည်းများတင်ဆောင်ကာ နှင်းဆီကုန်းရွာအနီးရှိ ငတက်မ ကူးတို့ဆိပ်သို့သယ်ယူလာကြကြောင်း ထိုမှတဆင့် (ကြက်မအုပ်ရွာယခုသင်္ဃန်ကျွန်းဈေးကြီးရှိသည့်နေရာ) အထိလှေဖြင့်သယ်ကြကြောင်းကို ပြောပြသည်။ထိုမှတဖန် ထန်းမွိုင်ရွာ (တာမွေ) အနီးအထိ ကုန်ပစ္စည်းများ ကြက်များ၊ ဘဲများ၊ ငှက်များကိုတင်ဆောင်သွားကြကြောင်းကို ပြောပြပါသည်။ ပုဇွန်တောင်ချာင်း ဘက်သို့ရောက်ခါနီးတွင် ကမ်းတဘက် တချက်စီတွင်လမုပင်များနှင့်ပြည့်နှက်နေသော ဒီရေတောများရှိရာ ဗျိုင်းအောက်များ၊ ရေကြက်များ၊ တောကြက်များ၊ ဘဲရိုင်းများ၊ ငါးအမျိုးမျိုး၊ ရေပျော်ငှက်များနှင့် ပြည့်နှက်နေသဖြင့်ငှက်မုဆိုးများ၊ တံငါသည်များကိုတွေ့ရပြီး ထိုတောများမှ ငှက်၊ ဘဲများကို ဖမ်းဆီးကာ ရောင်းချခြင်း၊ ဘဲခြံများထောင်ထားခြင်းတို့ကိုပြုလုပ်ကာ ဝမ်းစာရှာကြကြောင်း၊ နှင်းဆီကုန်းရွာမှ နှင်းဆီပန်းများကို လှေများနှင့်တင်ကာ ထန်းမွိုင်ရွာ (တာမွေ) ဘက်မှတ
ဆင့် မြင်းလှည်းများ၊ နွားလှည်းများနှင့် တင်ဆောင်ကာ Dalhosie Park ဒလဟိုဇီ ပန်းခြံ (ဗိုလ်ချုပ် ပန်းခြံ) အနီး ကန်တော်ကြီး အောက်ဘက်တွင် ရှိသော Victoria Garden ဝိတိုရိယ ဥယျာဉ် နှင့် ကပ်လျှက်ရှိသော Chinese Market Garden  တရုတ်တန်းဈေးခြံ (ယခု သိမ်ဖြူ တင်းနစ်ကွင်း) အတွင်း ရောင်းချကြသည်ဟုဆိုပြန်သည်။အဖွားအိုတို့ သည် မိမိတို့ အိမ်ကြီးကိုလည်း နှစ်ဆောင်ပြိုင် အိမ်ကြီး အဖြစ်ဆောက်လုပ်နေထိုင်ခဲ့ကြသည်ဟုဆိုပါသည်။ မြေအများစုကို ရောင်းချထားသဖြင့် အဖွားအို၏ ခင်ပွန်းဖြစ်သူမှာ မပူပင်မကြောင့်ကျဘဲနေနိုင်သော်လည်း ရန်ကုန်မြို့ စမ်းချောင်းရှိMorgan Wood Road မော်ဂံဝူးဒ် (ဓမ္မာရုံလမ်း) တွင်သားရေထည်ပစ္စည်းများရောင်းချသော ကုမ္ပဏီသို့ သားရေများ တင်သွင်းသည်ဟုဆိုပါသည်။ ထိုစဉ်က ဘူချာခါနာ (သားသတ်ရုံ) မှာ နှင်းဆီကုန်းအနီးရှိ အင်ဒိုဘားမား Indo Burma ကြိုးစက်အနီးတွင် ရှိခဲ့သည်ဟုဆိုသည်။ ထိုသားသတ်ရုံမှ သားရေစိမ်းများအား ဝယ်ယူကာ အဆင့်ဆင့်ပြုပြင်ပြီးတင်သွင်းရခြင်းဖြစ်သည်။သူတို့နေထိုင်ကြသောရွာအနီးတွင် နောင်တွင် ရန်ကုန်မြူနီစပယ်မှ မြို့ပြအကွက်များချကာ ရပ်ကွက်များအဖြစ်တည်ထောင်ပေးကာအစိုးရဝန်ထမ်းများ၊ စက်ရုံလုပ်သားများ၊ ကုန်သည်များ၊ လက်လုပ်လက်စားများ အားနေထိုင်စေခဲ့သည်ဟုဆိုသည်။သားရေတင်သွင်းသောအလုပ်ကို ခင်ပွန်းဖြစ်သူက မိမိတစ်ဦးတည်း မထိန်းနိုင်သဖြင့် မုဒုံဘက်မှ ဆွေမျိုးတော်စပ်သူ မောင်ဖြူထိန်ဆိုသူကို ခေါ်ထားရသည်။ အဖွားအိုတို့ တွင် အလွန်လှပချောမောသော သမီးလေးတစ်ယောက်လည်း ရှိသည်ဟုဆိုသည်။
 ထိုသမီးလေးအား မိဖွေးဥဟုခေါ်သည်။ ဖွေးဥဆိုသည့်အတိုင်း အလွန်အသားဖြူသည်ဟုဆိုသည်။ မောင်ဖြူထိန်နှင့် မိဖွေးဥတို့သည်အိမ်တွင် အတူနေထိုင်လာကြရာ တစ်ဦးကိုတစ်ဦး ချစ်ခင်ခုံမင်ပြီး မိဘများကလည်း သဘောတူသဖြင့်နေရာချပေးခဲ့သည်ဟုဆိုသည်။ မောင်ဖြူထိန်နှင့် မိဖွေးဥတို့သည် တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်ကြသည်ဟုဆိုသည်။ တရက်သ၌ မောင်ဖြူထိန်သည်သာယာဝတီနယ်ဘက်သို့ သားရေဝယ်ရန်သွားခဲ့သည်။ လမ်းခရီး၌ အုန်းပင်အောက်တွင် အနားယူနေစဉ် အုန်းသီးပြုတ်ကျကာ ဦးခေါင်းကွဲ၍ ကွယ်လွန်သွားခဲ့သည်။ ထိုသတင်းအားကြားသောအခါ မိသားစုတစ်ခုလုံး ယူကျုံးမရဖြစ်ကြရကာ မိဖွေးဥတစ်ယောက်အရူးပမာဖြစ်သွားခဲ့သည်။ ခင်ပွန်းသည်၏ အလောင်းကိုအိမ်သို့ယူလာချင်သည်ဟု အတင်းပူဆာနေသော်လည်း ရပ်ရွာအတွင်း သူသေကို ခေါ်လာခြင်း မပြုထိုက်သဖြင့် အတင်းချော့မော့ကာ ထားရသည်ဟုဆိုသည်။ တဖန်သာယာဝတီနယ်ဘက်၌လည်းဂဠုံတပ်နှင့် အင်္ဂလိပ်မင်းတို့ စစ်ခင်းနေကြသဖြင့် အခါပျက်နေသောကြောင့် သွားလာရန်မလွယ်ကူသဖြင့် သားမက်ဖြစ်သူ၏သင်္ချိုင်းဆီသို့သွားရောက်ရန် ခက်ခဲခဲ့ကြောင်းကိုပြောပြပါသည်။ သမီးဖြစ်သူမှာ နောင်လေးနှစ်ခန့်ကြာညောင်းသွားခဲ့သော်လည်း ခင်ပွန်းဖြစ်သူအပေါ် လွမ်းစိတ်မပျယ်ဘဲ ပို၍ပင်ဆိုးလာပြီး အလောင်းကိုဖော်ယူလာရမည်ဟု မရမကပူဆာတော့သည်။ စိတ္တဇဝေဒနာဖြစ်
လာပါတော့သည်။ ဘိလပ်ပြန်၊ ကလကတ္တားပြန် နာမည်ကြီး သမားတော်များနှင့် ကုသပါသော်လည်း မပျောက်ကင်းဘဲရှိနေရာသမီး၏ မောင်ဝမ်းကွဲတော်သူ မောင်စပ်တူက သာယာဝတီဘက်သို့သွားကာ သူ့ယောက်ဖ၏ အလောင်းအား သင်္ချိုင်းစောင့်ကိုဂျော့ဘုရင်ခေါင်းပါသော ရွှေဒင်္ဂါးဆယ်ပြားပေးကာ တူးယူစေပြီး ဦးခေါင်းကွဲစကို သေချာစွာ ဆေးကြောသန့်စင်စေကာ ယွန်းအစ်တွင်ထည့်ပြီး ပုဝါမဲအုပ်၍ယူလာပါတော့သည်။ ထိုယွန်းအစ်ကို နှမဖြစ်သူကို အကြောင်းစုံပြောပြပြီး ပေးအပ်လိုက်တော့မှ မိဖွေးဥလည်း အရိုးစကို တဖွဖွထုတ်နမ်းကာ ငိုတလည့် ရယ်တလှည့် နှင့် နဲနဲသက်သာလာတော့သည်ဟုဆိုသည်။ အဖွားအိုသည် ထိုသို့ပြောပြနေရင်း လက်၌ကိုင်ထားသော စိတ်ပုတီးကို ဘေးသို့ချကာခါးကြားမှ ပုဝါစကိုထုတ်ပြီး မျက်ရည်များကို သုတ်လိုက်ပါသည်။ ထို့ နောက် အဖွားအို စကားပြန်ဆက်သည်မှာတရက်သ၌ လပြည့်ညကြီးတွင် အိမ်ဘေးရှိ ရေတွင်းဘောင်ပေါ်တွင် မိဖွေးဥတယောက်ထိုင်နေပြီး ဟိုးယခင်ကကဲ့သို့ မောင်ဖြူထိန်နှင့်အတူ ရေတွင်းဘောင်ပေါ်၌ ထိုင်၍စကားပြောသကဲ့သို့ ယွန်းအစ်အတွင်းမှ ဦးခေါင်းခွံကိုထုတ်ကိုင်ပြီး ရင်နှင့်ကပ်လိုက် တစ်ဦးတည်းစကားပြောလိုက် ပြုလုပ်နေသည်မှာ မောင်ဖြူထိန်၏ ဝိညာဉ်နှင့် စကားပြောနေသည့်အလားပင်။ ထိုစဉ်ခဏ၌ လက်ထဲတွင်ကိုင်ထားသော အရိုးခွံသည် ရေတွင်းထဲသို့ မတော်တဆပြုတ်ကျသွားတော့ရာ မိဖွေးဥလည်း ပါးစပ်မှ ကိုဖြူထိန်!!! ဟူ၍ အော်လိုက်ပြီး ရေတွင်းထဲလက်ဖြင့်လှမ်း၍နှိုက်လိုက်ရာ အရှိန်လွန်ပြီး ရေတွင်းထဲသို့ ကျသွားတော့သည်။ ရေမကူးတတ်သဖြင့်ရေနစ်ပြီးဆုံးသွားရှာသည်ဟုဆိုသည်။ အိမ်ရှိလူများက အမြန်ဆင်းဆယ်သော်လည်း နောက်ကျသွားရှာပြီဖြစ်သည်။ အရိုးစကို ရေတွင်းမှရေများအကုန်ထုတ်ပစ်ကာ ရှာပါသော်လည်း လုံးဝမတွေ့တော့သဖြင့် လက်လျှော့ခဲ့ရသည်ဟုဆိုသည်။ ထိုရေတွင်းတွင် မိဖွေးဥကျခဲ့သည့် လပြည့်ညများတွင် ရေတွင်းထဲမှ အသံများကြားနေရသဖြင့် အဖွား၏ခင်ပွန်းလည်းသမီးစိတ်နှင့် နှလုံးမချမ်းမြေ့ဖြစ်ကာထိုနေရာတွင် မနေလိုတော့သဖြင့် အိမ်နှင့်ခြံကိုရောင်းချကာ ဒေးဒနောဘက်သို့ ပြောင်းရွှေ့ခဲ့သည်ဟုဆိုပါသည်။
ထိုသို့ပြောဆိုပြီး အဖွားအိုက သားတို့တွေကို ကျေးဇူးတင်ပါတယ်ဟု တဖွဖွပြောဆိုနေသည်။ ဘာကြောင့်ကျေးဇူးတင်နေရတာလဲအဖွားဟု မေးရာ တင်ထိုက်လို့တင်ရတာပါဟုသာပြန်ဖြေလေသည်။ အိမ်တွင် ခေါ်၍ထိုင်ခိုင်းသောကြောင့်လား အမေချကျွေးသောနှမ်းပြစ်၊ ပေါက်ပေါက်ဆုပ်နှင့် အဖန်ရေ အတွက်လား မပြောတတ်ပါ။ အမေချကျွေးသော အစားအသောက်များကိုလည်း အဖွားအိုက ဘာတစ်ခုမှ မစားပါ၊ အတင်းကျွေးသောအခါ အဖွားရင်တွေပြည့်နေလို့ မစားပါရစေနှင့်ဟုသာပြန်ဖြေပြီး နှုတ်ဆက်ကာထွက်သွားပါတော့သည်။ အဖွားအိုထွက်ခွာသွားပြီး စက္ကန့် နှစ်ဆယ်ခန့်လောက်အကြာတွင် အဖွားအိုမေ့ကျန်သွားသော စိတ်ပုတီးလေးကို အဖေကတွေ့သွားပြီး ကျွန်တော့်ကို ပြေးပြီးသွားပေးခိုင်းပါသည်။ ခြံအတွင်းမှ လမ်းမပေါ်ထွက်လိုက်သောအခါ လမ်းတဆုံးသို့ကြည့်လိုက်သော်လည်။ အဖွားအိုကိုမတွေ့ရတော့ပေ။ ဤစက္ကန့်ပိုင်းလေးအတွင်းဝယ် ဘယ်ဆီကိုရောက်သွားသည်ကိုမသိရ၊ အိမ်နီးချင်းတွေဆီဝင်သွားလားဆိုပြီး တအိမ်ချင်းဆီဝင်ကာ မေးပါသော်လည်း တယောက်ကမျှ မလာပါ၊ မမြင်ပါတဲ့။ ကျွန်တော်လည်း
အလွန်အံ့သြပြီး အဖေ့ကိုပြောပြတယ်။ အားလုံးလည်းအံ့သြနေကြတယ်။ အဖေက အဖွားအို၏ စိတ်ပုတီးကို နံရံပေါ်ရှိသံချောင်းတွင်ချိတ်ဆွဲထားလိုက်သည်။ နောက်နေ့မနက်တွင် ထိုစိတ်ပုတီးလေးမှာ နံရံပေါ်တွင်မရှိတော့။ ဘယ်ရောက်သွားမှန်းမသိပေ၊တအိမ်လုံး အံ့သြလွန်းမက အံ့ကြ၍သာနေကြသည်။ ထို့နောက် အဖေက အဖွားအို ကျေးဇူးတင်သွားသည်ဆိုသည်မှာ သူ၏သားမက်ဖြစ်သူ ကိုဖြူထိန်၏ ဦးခေါင်းခွံစကို ရေတွင်းဆယ်သောအခါ ထွက်လာသဖြင့် သင်္ချိုင်းတွင် သေချာစွာမြှုပ်နှံပေးခဲ့သည့်အတွက်ကြောင့်ဖြစ်နိုင်သည်။ ထို့အပြင် အဖွားအိုမှာ အမေချကျွေးသော အစားအစာများကို မစားသုံးသည်မှာ အဖွားအိုသည်ချက်ချင်း စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားသည်ဆိုသည်မှာ လူသားမဟုတ်ဘဲ ဝိညာဉ်ဖြစ်နေသောကြောင့်သာဖြစ်သည်၊စိတ်ပုတီးပျောက်ကွယ်သွားသည်ဆိုသည်မှာ အဖွားအိုသည် မိမိဝိညာဉ်ဖြစ်ကြောင်းကို ခိုင်လုံစေသော အကြောင်းပြသရန်နိမိတ်လက္ခဏာချန်ပြခဲ့ခြင်းဖြစ်သည်ဟုကောက်ချက်ချပြောပြပါတော့သည်။ ထိုသို့သော စိတ်ချောက်ချားဖွယ်ဖြစ်ရပ်များကြောင့်ကျွန်တော်သည် ညအခါ ကုတင်အောက်သို့ ခြေတွဲလောင်းချမထိုင်ရဲပေ၊ ကုတင်အောက်က လက်နှင့်လှမ်းဆွဲမည်ကို ကြောက်ရွံ့သဖြင့်ဖြစ်သည်။ အကြောက်လွန်တတ်သော ကျွန်တော်သည် အသက်ဆယ့်ခြောက်နှစ်တိုင် အဖေတို့ အမေတို့ နှင့်အတူအိပ်ခဲ့သည်။ အဖွားအိုပြောပြခဲ့သော ဖြစ်ရပ်များ၊ ဒေသအတွင်းမှပထဝီမြေနေရာ အကြောင်းများကို အိမ်တွင်လူကြီးများအမြဲပြော့ပြောထရှိနေဖြင့် ကျွန်တော်မှတ်မိနေခဲ့သည်။ ထိုအချိန်က အဖွားအိုပြောပြခဲ့သည်တို့ကို ယေယေယာယာ မမှတ်ခဲ့ပေ။လူကြီးများပြောစကားများကြောင့် မှတ်မိနေခဲ့ခြင်းဖြစ်သည်။ကျွန်တော် အသက်နှစ်ဆယ်ကျော်လာသော အခါ ကြောက်ရွံ့စိတ်များမရှိတော့ပေ၊ လပြည့်ညများတွင် ရေတွင်းအထဲမှ မြည်ဟီးနေသော ပွက်ပွက်လန်သော အသံများကြားရသည့်အခါ ပြူတင်းပေါက်မှ လှမ်းကြည့်သည့်အခါ အသံရပ်သွားလေ့ရှိပြီး မည်သည့်အသံမှ မကြားရတော့ပေ။ ပြူတင်းပေါက်အား ပြန်ပိတ်လိုက်သောအခါ အသံများပြန်ကြားရတတ်သည်။ တစ်ည ကျွန်တော်သည်ပြူတင်းပေါက် မဖွင့်တော့ဘဲ အိမ်၏ထရံပေါက်မှ ချောင်းကြည့်လိုက်သည်။ အိမ်နှင့်ရေတွင်းသည် မဝေးလှချေ။ ရေတွင်းဘောင်နိမ့်သည့်အတွက် ရေပြည့်နေသော မိုးတွင်းကာလတွင် ရေတွင်းထဲမှ ရေကိုပင် လှမ်း၍မြင်နိုင်သည်။ ထိုသို့ချောင်းကြည့်မိလိုက်သောအခါ ကျွန်တော့် ပါးစပ်သည် ဟောင်းလောင်းဖြစ်သွားတော့သည်။ ရေတွင်းအထဲမှ   JJJ  (ဆက်ရန်ရှိသေးသည်)
သူငယ်ချင်းတို့လဲဖတ်ပြီးကျေနပ်မယ်လို့ထင်ပါတယ်ဗျာ။ဒီအကြေင်းကိုရေးသာသူကတော့ ရောသမ
မောင်စိုး အစ်ကိုဖြစ်တဲ့ ရောသမအစ်ကိုကြီးရေးထားတာဖြစ်ပါတယ်ဗျာ။ ဒါနဲ့ကျွန်တော်မောင်စိုးကို
ဆက်သွယ်မယ်ဆိုရင်တော့ mgsoemin1995@gmail.com ကို ဆက်သွယ်နိုင်သလို့ ဖုန်းနံပါတ်ကတော့ ၀၉၂၅၀၃၇၀၉၀၄ ဖြစ်ပါတယ်ဗျာ…..
No comments:
Subscribe
လာလည်သူများ
free counters