ပြီးခဲ့သည့် ၂၀၁၅ သည် ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတု၊ ဗီဒီယိုတု၊ ဓာတ်ပုံတုတွေ ပလူပျံခဲ့သော နှစ်ဟုဆိုလျှင်မမှား။
လူအများအာရုံကို ချူယူဖို့ တမင်ဖန်တီးခဲ့ကြသည့် အတုများ။ အထူးသဖြင့်
လူအများ စိတ်ဝင်စားသည့် သတင်းများနဲ့ ပတ်သက်ပြီး ထွက်လာသော အတုများ။
စာဖတ်သူရော ၂၀၁၅ တစ်နှစ်တာ အတွင်း အောက်တွင် ဖော်ပြမည့် သတင်းတု၊
ဗီဒီယိုတု၊ ဓာတ်ပုံတုများနဲ့ တိုးခဲ့ဖူးပါသလား။
နီပေါ ငလျင် ကာလတုန်းက သနားစဖွယ် ဓာတ်ပုံ
၂၀၁၅ ဧပြီလက နီပေါငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပိုင်း အတွင်းမှာပင်
ရင်ကိုထိသော ဓာတ်ပုံလေး တစ်ပုံ ဆိုရှယ် မီဒီယာများပေါ်မှာ ပျံ့ခဲ့သည်။
ဓာတ်ပုံက အတုတော့ မဟုတ်။ သို့သော် နေရာလွဲနေသော အစစ်ဖြစ်နေ၏။
'နီပေါငလျင်တွင် နှစ်နှစ်အရွယ် ညီမငယ်ကို ကာကွယ် ပေးနေသော လေးနှစ်သား
အစ်ကို' ဟူ၍ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသဖြင့် ဆိုရှယ် မီဒီယာပေါ်မှာ
ပလူပျံနေအောင် ရှယ်ယာ လုပ်ခဲ့ကြသော ပုံလေး ဖြစ်သည်။
သို့သော် ထိုပုံသည် ၂၀၀၇ ခုနှစ်က ဗီယက်နမ် ကျေးလက်ဒေသ တစ်ခုတွင် ရိုက်ထားသောပုံ ဖြစ်နေသည်။
''ကျွန်တော် ရိုက်ခဲ့သမျှ ပုံတွေထဲမှာ ရှယ်ယာ လုပ်ခံရဆုံး ပုံလေးလို့တောင်
ဆိုရမယ်။ဆိုးတာက နေရာလွဲနေတာပဲ'' ဟု မူရင်း ဓာတ်ပုံဆရာ နာဆန်ငူယန်က
ပြောသည်။
နီပေါငလျင် လှုပ်စဉ် ရေကူးကန် ဗီဒီယို
နီပေါငလျင် လှုပ်ပြီး မကြာခင်မှာပင် ယူကျုနှင့် ဖေ့စ်ဘွတ်ခ်ပေါ် လုံခြုံရေး
ကင်မရာ ဗီဒီယိုဖိုင် တက်လာသည်။ ဗီဒီယိုထဲတွင် ခတ္တမန္ဒမြို့ ဟိုတယ် ရေကူးကန်
လုံခြုံရေး ကင်မရာက ရိုက်ထားသည် ဟူသော ရုပ်သံမြင်ကွင်းပါသည်။ ငလျင်ကြောင့်
ရေကူးကန် အတွင်းရှိရေများ ဘောင်ဘင်ခတ်နေပုံကို မြင်ရသည်။
ထိုဗီဒီယိုကြောင့်လည်း နီပေါငလျင် အားပြင်းလှချည့်ဟု ကမ္ဘာတစ်ဝန်းက
ထိတ်လန့်ခဲ့ကြသည်။ သို့သော် တကယ်တမ်းမှာကား ထိုဗီဒီယိုသည် ၂၀၁၀ ပြည့်နှစ်က
မက္ကစီကိုတွင် ငလျင်လှုပ်စဉ်က ရိုက်ထားသော ဗီဒီယို ဖြစ်နေသည်။
''ဘယ်နေရာမှာ ဖြစ်ဖြစ် ငလျင် ခပ်ကြီးကြီးလေး လှုပ်လိုက်ပြီ ဆိုမှဖြင့် အဲဒီ
ဗီဒီယိုကို ပြန်ဆွဲထုတ်ပြီး လှုပ်တဲ့ ဒေသ နာမည်တပ်ပြီး တင်ကြပြန်တာပဲ'' ဟု
ယူကျုသုံးသူ တစ်ယောက်က ပြောသည်။
နောက်ထပ် တိုက်ပြို ဗီဒီယိုများ တက်လာရာတွင်လည်း အချို့သည် အီဂျစ်က မြင်ကွင်းတွေ ဖြစ်နေပြန်သည်။
ဥရောပသွား ခရီးစဉ်ကို ဓာတ်ပုံ မှတ်တမ်းတင်ပြီး ဆိုရှယ် မီဒီယာတင်သူ ဒုက္ခသည်
၂၀၁၅ နွေကာလက ဆီနီဂေါကနေ စပိန်ကို ပြောင်းရွှေ့ခိုလှုံသူ အမျိုးသား တစ်ဦးက
သူ့ခရီးစဉ် တောက်လျှောက် မြင်ကွင်းများကို ဓာတ်ပုံရိုက်ကာ အင်စတာဂရမ်
ဆိုရှယ်မီဒီယာသို့ တင်ခဲ့ရာ ကမ္ဘာတစ်ဝန်းက သဘောကျခဲ့ကြသည်။
အဒူဒီယော့ဖ်သည် ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် နေထိုင်သူဖြစ်သည်။ သို့သော်
နောက်ပိုင်းတွင် သိရသည်မှာ အဒူဒီယော့ဖ်ဟူသည် တကယ့်ဒုက္ခသည် မဟုတ်ဘဲ
စပိန်မြောက်ပိုင်းတွင် ကျင်းပမည့် ဓာတ်ပုံပွဲတော် အတွက် ဆွဲဆောင်ရေး
အစီအစဉ် တစ်ရပ်အဖြစ် ဖန်တီးထားကြခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
အကြမ်းဖက်သမား ခိုလှုံသူတဲ့လား
၂၀၁၅ နှောင်းပိုင်း ဥရောပ ခိုလှုံသူ အကျပ်အတည်း ကာလအတွင်း ခိုလှုံသူများ၏
နောက်ခံ ရာဇ၀င်ဆိုင်ရာ 'ယခင်နှင့် ယခု' ဓာတ်ပုံများလည်း ဖေ့စ်ဘွတ်ခ်မှာ
ပလူပျံခဲ့သည်။
''ဒီလူကို မှတ်မိလား။ မနှစ်က IS
အကြမ်းဖက်သမား ၀တ်စုံနဲ့ပေါ့။ ခုတော့ ခိုလှုံသူဆိုပြီး ဥရောပ ရောက်နေတယ်လေ''
ဟု အမျိုးသား တစ်ယောက်၏ 'ယခင်နှင့် ယခု' ဓာတ်ပုံကို ဆိုရှယ် မီဒီယာပေါ်မှာ
တွေ့ရသည်။
ဓာတ်ပုံထဲတွင် ပါသူမှာ လိုက်အယ်လ်-ဆာလက်ဟ်
ဆိုသူဖြစ်ပြီး၊ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-