အသက် ၆၀ ကျော် အမေရိကန်ကြီး တစ်ယောက်ဟာ ဗီယက်နမ်နိုင်ငံ
ဟိုချီမင်းမြို့တော်ရဲ့ လမ်းကြိုလမ်းကြားတွေထဲကို ဥဒဟို ၀င်ထွက်ပြီး
လွန်ခဲ့တဲ့ နှစ် ၄၀ က ထားခဲ့ရတဲ့ ချစ်သူနဲ့ မမြင်ဖူးတဲ့ သားငယ်ကို
ရှာဖွေနေပါတယ်။
သူ့လက်ထဲမှာ ဓာတ်ပုံအယ်လ်ဘမ်တစ်အုပ်ကို အားကိုးတကြီး
ဆုပ်ထားတယ်။ ၁၉၇၃ ခုနှစ်က အမေရိကန် စစ်သားလေး ဂျယ်ရီကွင်းနဲ့ သူ့ချစ်သူကို
မှတ်မိတဲ့သူများ ရှိခဲ့ရင် သူ ဘယ်သူဆိုတာ သက်သေပြဖို့ပါ။
ဒါပေမယ့်
သူ ရှာနေတဲ့ အချိန်က ၂၀၁၃ ခုနှစ် ဖြစ်နေပြီ။ နှစ် ၄၀ အတွင်းမှာ အိမ်တွေ
လမ်းတွေ၊ မြင်ကွင်းတွေ အရာရာဟာ ပြောင်းလဲခဲ့ပြီ။ တစ်ချိန်က သူတို့မောင်မယ်
အတူနေခဲ့တဲ့ အိမ်ကလေး ဘယ်များ ရောက်နေလဲ။
လမ်းပြ ဟွန်ဖန်က သူ့ကို
လမ်းကျဉ်းလေး တစ်ခုထဲ ခေါ်သွားတယ်။ ဒီလမ်းဟာ သူပြောတဲ့ နာမည်နဲ့ လမ်းကို
အမည်သစ် ပြောင်းထားတဲ့လမ်းပဲ။ ဟွန်ဖန်ဟာ သူ့လုပ်သက် နှစ် ၂၀ ကျော် ကာလမှာ
ရင်သွေးပျောက် လာရှာတဲ့ အမေရိကန်ဖခင် ဆယ်ဂဏန်း အတော်များများကို
သူတို့သားသမီးတွေ ပြန်တွေ့အောင် ကူညီပေးခဲ့ဖူးတယ်။ ဒါကြောင့်လဲ
ဂျယ်ရီကွင်းက ဟွန်ဖန်ကို အားကိုးတကြီး ငှားခဲ့တာ။ သူ့ကိုလဲ ကံကောင်းသူ
ဖခင်စာရင်းထဲ ပါအောင် ကူညီနိုင်ကောင်းပါရဲ့။
ဂျယ်ရီကွင်းက အိမ်နံပါတ် ၄၀ ကို ရှာပေးဖို့ ပြောတယ်။ ဒါ သူတို့မောင်နှံ နေခဲ့တဲ့ လိပ်စာ။
အိမ်နံပါတ် ၄၀ လဲ မရှိတော့ဘူး။ အိမ်ပုံစံတွေက ပြောင်းလဲကုန်ပြီမို့ အိမ်ဟောင်းလေးကိုလဲ ရှာမတွေ့ဘူး။
လမ်းထဲကလူတွေ
သူတို့အနား ၀ိုင်းလာပြီး အကျိုးအကြောင်း မေးတယ်။ အဘိုးအို တစ်ယောက်က
အရင်လိပ်စာဟောင်းတွေ ဘာကြောင့် မရှိတော့သလဲဆိုတာ ရှင်းပြတယ်။
၁၉၇၅
ခုနှစ်မှာ အမေရိကန်တပ်တွေ ဗီယက်နမ်က ဆုတ်ရပြီးတဲ့နောက် ဆိုင်ဂုံကို
ဟိုချီမင်းစီးတီးလို့ နာမည်ပြောင်းလိုက်တယ်။ လမ်းနာမည်တွေ၊ အိမ်နံပါတ်တွေပါ
ပြောင်းကုန်တယ်။ ဒီတော့ လွန်ခဲ့တဲ့ နှစ် ၄၀ က အိမ်နံပါတ် ၄၀ ကို
ရှာမတွေ့နိုင်တော့ဘူး။
ဂျယ်ရီကွင်းက စိတ်မလျှော့ဘဲ ဟွန်ဖန်
အကူအညီနဲ့ တစ်ရက်ပြီးတစ်ရက် သားပျောက်ရှာပုံတော် ဖွင့်တယ်။ သူ့ချစ်သူရဲ့
ဓာတ်ပုံတွေကို လက်ထဲ ကိုင်သွားပြီး ဟိုချီမင်းစီးတီးရဲ့ လမ်းပေါ်မှာ
တွေ့သမျှ လူတိုင်းကို လိုက်ပြပြီး ဇွဲကောင်းကောင်းနဲ့ လိုက်မေးတယ်။
လွန်ခဲ့တဲ့ နှစ် ၄၀ က အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေကို
ပြပြီး အခု ဘယ်ရောက်နေမှန်း မသိရတဲ့ အသက် ၆၀ ကျော်
အမျိုးသမီးကြီးတစ်ယောက်ကို စုံစမ်းရတာ ဖြစ်နိုင်ခဲတဲ့ အလုပ်ပါ။ အားလုံးက
နိုးလို့ပဲ ဖြေတယ်။
သုံးရက်မြောက်နေ့မှာတော့ ဂျယ်ရီကွင်းဟာ
သူတို့စုံတွဲ နေခဲ့ဖူးတဲ့ လမ်းလေးထဲကို လမ်းပြ ဟွန်ဖန်နဲ့အတူ နောက်တစ်ခေါက်
ပြန်ရောက်လာတယ်။ အစစ ပြောင်းလဲသွားပြီဖြစ်တဲ့ သူတို့နေခဲ့တဲ့ အိမ်ကလေးနားက
ခေါက်ဆွဲဆိုင်မှာ ထိုင်ကြတယ်။ ရေနစ်နေသူ ကောက်ရိုးမျှင် ဆွဲသလို
ဆိုင်ရှင်အမျိုးသမီးကို သူ့လက်ထဲက ဓာတ်ပုံဟောင်းလေးတွေ ပြကြည့်တယ်။ နှစ် ၄၀
လုံးလုံး သူ အပျောက်မခံ သိမ်းဆည်းထားခဲ့တဲ့ ဓာတ်ပုံတွေ။
တစ်ပုံက
သူ့ချစ်သူ ဗီယက်နမ်မလေးရဲ့ တစ်ယောက်တည်းပုံ။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်
အာရှသူ မိန်းမချောလေးတစ်ယောက်။ တခြားတစ်ပုံက သူတို့တပ်တွေ ဆုတ်ရပြီးမှ
မွေးတဲ့ သူ့သားလေးနဲ့ သားအမိ အတူရိုက်ထားတဲ့ပုံ။ နောက်တစ်ပုံက သူ့ချစ်သူနဲ့
ဗီယက်နမ် အမျိုးသမီးတစ်ယောက် အမှတ်တရပုံ။ ဆိုင်ဂုံကနေ သူတို့