အသားနဲ့ ယူမလား၊ သက်သတ်လွတ် ယူမလား၊ ဆေးလိပ် ကြိုက်တတ်လား၊ လက်ဖက်ရည်
ယူဦးမလား'' စသော စကား ပြောဆိုနေကြသူများသည် ထမင်းဆိုင် တစ်ဆိုင်၊
စားသောက်ဆိုင် တစ်ဆိုင်တွင် မေးမြန်းနေကြခြင်း မဟုတ်ပါ။
မန္တလေးမြို့အစွန်မှာရှိတဲ့ သုသာန်ထဲမှာ အသက် (၄၀) ကျော် အရွယ်ရှိတဲ့ အမျိုးသမီးသုံဦး ပြောဆိုနေတဲ့ အသံတွေပဲ ဖြစ်ပါသည်။
ဒါဟာ နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လာတဲ့ မန္တလေးမြို့တော်ဘက်
တောင်အင်း-မြောက်အင်း သုသာန်ထဲမှာ သီတင်းကျွတ်လပြည့်နေ့ ညနေ (၆း၀၀)
အချိန်ကတည်းက စပြီး ကျင်းပပြုလုပ်နေတဲ့ အကျွတ် အလွတ် ဒါနပြု အမျှဝေပွဲတော်
ဖြစ်ပါတယ်။ အာဟာရဒါန အလှူရှင်တွေက လာရောက်ကြည့်ရှုသူ၊ သေဆုံးသွားသူတွေရဲ့
ဆွေမျိုးသားချင်းတွေကို မေးမြန်းနေတာပဲ ဖြစ်ပါတယ်။
အကျွတ်အလွတ်
ဒါနပြု အမျှဝေ ပွဲတော်ဆိုပြီး ၁၉၆၉ ခုနှစ်က စတင်လို့ ချောက်မြို့ကနေ
စတင်ပြုလုပ်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ၊ ၁၉၇၇ ခုနှစ်တွင်
မန္တလေးမြို့တို့၌ ပထမဆုံအကြိမ် မြစ်ကျင်းပ ပြုလုပ်လာခြင်း ဖြစ်သည်။
အကျွတ်အလွတ် ပွဲတော်ကို သတင်းကျွတ် လပြည့်နေ့ညတွင်သာ ပြုလုပ်ပြီး၊
ဗုဒ္ဓဘာသာလူမျိုးတို့၏ သက်ကြီး ရွယ်အိုများကို ပူဇော်ကန်တော့သည့်လ၊
ရဟန်းတော်များ ၀ါကျွတ်သည့်လ ဖြစ်သည့်အတွက် သီတင်းကျွတ် လပြည့်နေ့ကိုသာ
ရွေးချယ်ခြင်း ဖြစ်ပြီး၊ ဒါနပြု အမျှဝေပွဲတော် ကျင်းပသည့် အချိန်ကိုလည်း
ထိုအလေ့ကို ယုံကြည်သူများရဲ့ အဆိုအရ ပြိတ္တာများ အတွက် အဆင်ပြေသည့် ညနေ
နေ၀င်ရိသရော အချိန်တွင်သာ စတင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
မန္တလေးမြို့ တောင်အင်း၊ မြောက်အင်း သုသာန်တွင်လည်း အောက်တိုဘာလ (၂၈)
ရက်နေ့က (၃၈) ကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အကျွတ်အလွတ်
ဒါနပြုအမျှဝေပွဲတော်ကို လူအများတဖွဲဖွဲ လာရောက်ကြသည်။ ယခင်က အကျွတ်အလွတ်
ပွဲတော်ကို တောင်အင်း၊ မြောက်အင်း မရှိစဉ်အချိန်က မန္တလေးမြို့နှင့်
အလှမ်းမဝေးလှသော တောင်မြင့် သုသာန်တွင်သာ ကျင်းပပြုလုပ်ခဲ့သောကြောင့်
လူအများမှာ သုသာန်နယ်မြေတွင် ပြွတ်သိပ်၊ ပိတ်ဆို့လျက်ရှိသည်။
ယခုလက်ရှိ ကျင်းပသော တောင်အင်း-မြောက်အင်း သုသာန်မှာ မန္တလေးမြို့နှင့်
အလှမ်းဝေးလှပြီး သွားလာရာ လမ်းမှာလည်း လူနေအိမ် မရှိသလောက် ရှားပါးသည့်
အတွက် ယခင်လောက် လူစည်ကားခြင်း မရှိတော့။ လမ်းဘေးမီးတိုင်များလည်း
မရှိသကဲ့သို့ သုသာန်သို့ သွားလာရာ လမ်းကလည်း တိတ်ဆိတ်လွန်းလှသည်။
သို့သော်လည်း အဆိုပါ နေရာသို့ ညဥ့်နက်လေ၊ လူအများ တဖွဲဖွဲ လာရောက်သူများ
လာလေ ဖြစ်သည်။ သုသာန်နယ်မြေသို့ ၀င်ရောက်သည်နှင့် တစ်ပြိုင်နက်
မီးများမှာလည်း လင်းထိန်လျက် ရှိနေပြီး၊ ဒါနပြုလုပ်နေသူများကလည်း
ဝင်ရောက်လာသူ အပေါင်းကို မေးမြန်းလျက်ရှိသည်။
''အမတို့က
နှစ်စဉ်မပြတ် ဒါနပြုလုပ်နေတာပါ။ သက်ဆိုင်ရာ ဘိုးဘွားမိဘတွေကို အစာကျွေး၊
ဒါနပြုချင်သူတွေ အနေနဲ့ အမတို့က ကုသိုလ်ယူ စီစဉ်ပေးတယ်။ အသားကြိုက်တယ်ဆို
အသားဟင်းလည်း ထည့်ပေးတယ်။ သက်သတ်လွတ်ဆိုရင် ငှက်ပျောသီးနဲ့ ထမင်း
ထည့်ပေးတယ်။ ပြီးတော့ တခြားသူတို့ ကြိုက်တတ်တဲ့ ဆေးလိပ်တို့ ၊
လက်ဖက်ရည်တို့ကိုပါ ဒါနပြုနေတာပါ'' ဟု လာရောက် ဒါနပြုနေသော စေတနာ
မေတ္တာရှင်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ
သုသာန် အတွင်းသို့ ၀င်ရောက်သည်နှင့် လူအများမှာ ဟိုတစ်ခု၊ ဒီတစ်ခု
ပျံ့နှံ့လျက် ရှိသည်။ ရေအိုး ငါးလုံးခန့် ရေခွက်နှင့်အတူ မြေပေါ်တွင်
ချထားပြီး အိုးရှေ့မှာလည်း သဲများကို ညီညာစွာ ခင်းကျင်းထားသည်။ ပြိတ္တာများ
နားနေရန်ဟူ၍ ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ စေတီပုထိုးရှေ့
တည့်တည့်တွင်လည်း ကြိုးများ တန်းထားကာ သဲများကိုလည်း ညီညာဖြန့်ဖြူးထားပြီ
စေတီရှေ့တည့်တည့် သစ်ပင်၌ ပြိတ္တာများ ဘုရားဖူးရန်ဟူ၍ ချိတ်ဆွဲထားသည်။
ရေအိုးရှေ့တွင်လည်း ပြိတ္တာများ ရေသောက်ရန် ဟူ၍ စာရေးထားသည်။ သစ်ပင်အောက်
များတွင်လည်း အင်ရွက်ပေါ်တွင် ထည့်ထားသော ထမင်းများ၊ လက်ဖက်ရည်ခွက်များကို
ကိုင်ဆောင်လျက် ဟိုတစ်ခု ဒီတစ်ခု အလင်းရောင်များ အောက်တွင်
ပျံ့နှံ့လျက်နေသည်။
အဆိုပါ အချိန်၌ ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက လော်စပီကာဖြင့် ပွဲလာသူများထံသို့ စကား ပြောကြားလိုက်သည်။
''သက်ဆိုင်ရာ ဘိုးဘွား၊ မိဘ၊ ဆရာသမားများနဲ့ ဆွေမျိုးသားချင်းများကို
ဒါနပြု အမျှဝေလာရောက် ကျွေးမွေးကြသော ပရိသတ်များ အနေဖြင့် ခဏနေဆို
မီးပိတ်ပါတော့မယ် ခင်ဗျာ။ အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲတော် သန်းခေါင်ယံ