♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 15, 2015

"၁၀ နှစ်ခန့် နုပျိုသွားစေနိုင်မည့် အပြုအမူ ၁၀ ခု"

ကိုယ်ရဲ့စိတ်က နုပျိုနေသလောက် ကိုယ်ကပါ နုပျိုနေဖို့ အချိန်တွေ၊ ငွေတွေ အများကြီး အသုံးပြုရမယ်လို့ ထင်နေပါသလား။  မလိုပါဘူး။ ကိုယ့်ရှိရင်းစွဲ     အသက်ထက် ဆယ်နှစ်လောက် ပိုငယ်တယ်လို့ ထင်စေနိုင်တဲ့ နည်းတွေ ရှိပါတယ်။ အချိန်မကုန်၊ ငွေမကုန်ဘဲ ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေပါ။

(၁) လက်သည်းနီ ဆိုးခြင်း  

လူအများစုက အမျိုးသမီးတွေရဲ့ လက်သည်းကို ကြည့်ပြီး အသက်အရွယ် ခန့်မှန်းတတ်ကြပါတယ်။ လက်သည်းနီ မဆိုးတတ်သူတွေကတော့ ခြွင်းချက်ပေါ့လေ။ လက်သည်းနီ ဆိုးထားတဲ့ အမျိုးသမီးတွေသာ ပါတဲ့ ဓာတ်ပုံကို ကြည့်ပါက လူအများစုက ထိုလက်သည်းပိုင်ရှင် အမျိုးသမီးကို လူငယ်လို့ပဲ ထင်တတ်ကြပါတယ်။ နောက်ပြီး လက်သည်းနီ အရောင်လှလှ ဆိုးထားပါက တစ်ဖက်လူရဲ့ အာရုံက လက်သည်းဆီပဲ ရောက်သွားတာကြောင့် ရုပ်ရင့်နေတာကို သတိ မထားမိတော့ပါဘူး။

(၂) မတ်မတ်ရပ်ခြင်း  

ခေါင်းရော၊ ပခုံးပါ မတ်မတ်ရပ်ပါက လူကိုအမြင်မှာ ပိန်သွားစေနိုင်သလို အသက်ငယ်သလိုလည်း ထင်ရစေပါတယ်။ ကျွန်မတို့ အားလုံးဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ခါးကုန်းလာတာကြောင့် ခါးကုန်းနေရင် အသက်ကြီးနေပြီလို့ သတ်မှတ်တတ်ကြပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုသယောင် ဖြစ်စေအောင် ခန္ဓာကိုယ်ကို မတ်မတ်နေပါ။

(၃) အရောင်ရောစပ် ဝတ်ဆင်ခြင်း

အပေါ်အောက် အရောင်တူလွန်းအောင် အရမ်းသတိထားပြီး တွဲဝတ်တာမျိုးက ရှေးခေတ် ဒီဇိုင်းမျိုးပါ။ အရောင်တွေကို ရောစပ် ဝတ်ဆင်ပါမှ ဒိတ်မအောက်မှာပါ။ အစိမ်းနဲ့အဝါ၊ ပန်းရောင်နဲ့ခရမ်း၊ အညိုနဲ့အနက် စသဖြင့် ရောစပ်ဝတ်ဆင်ပါ။ အရောင်နုတွေကလည်း အရွယ်နုပျိုစေတာကြောင့် အရောင်နုနုလွင်လွင်လေးတွေ ဝတ်ပေးပါ။

(၄) လက်ဟန်ခြေဟန်နှင့် စကားပြောခြင်း

စကားပြောရာမှာ လက်ဟန်ခြေဟန်ပါ အသုံးပြုပြီး ပြောပါက ပိုပြီး စိတ်အားထက်သန်ကာ သွက်လက်ပုံ ပေါက်ပါတယ်။ ငယ်ရွယ်တဲ့သူတွေက သွက်လက် ဖျတ်လတ်ကြပါတယ်။ ဒါဟာ ငယ်ရွယ်သူတွေမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူတွေပါ။ ဒါကြောင့် နုပျိုချင်ရင် အင်တိုက်အားတိုက် လက်ဟန်ခြေဟန် သုံးပြီး စကားပြောဆိုပါ။

(၅) နှုတ်ခမ်းနီ ပန်းရောင်ဆိုးခြင်း  

ကိုယ့်အသားအရောင်က ဘယ်လိုပဲ ဖြစ်နေပါစေ နှုတ်ခမ်းဆိုးဆေး ပန်းရောင် ပြောင်ပြောင်လေး ဆိုးထားပါက နှုတ်ခမ်းပြည့်ပြည့်လေး ဖြစ်ကာ ငယ်ရွယ် နုပျိုစေနိုင်ပါတယ်။ အင်ဂျလီနာဂျိုလီကိုပဲ ကြည့်ပါ။ သူ့နှုတ်ခမ်းဟာ
ပလတ်စတစ်ဆာဂျရီ ဆေးခန်းတွေမှာ အတောင်းအများဆုံး နှုတ်ခမ်းပုံစံပါပဲ။ သူ့နှုတ်ခမ်းဟာ အမြဲလိုလို နှုတ်ခမ်းနီပန်းရောင်ကို နှုတ်ခမ်းအဆီ (Lip Gloss)နဲ့ တွဲဆိုးလေ့ ရှိတာကို တွေ့ရမှာပါ။ အသက်ခပ်ကြီးကြီး အမျိုးသမီးနေရာမှာ သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းတွေက လွဲလို့ တခြားအချိန်တွေမှာ နှုတ်ခမ်းပန်းရောင် စိုစိုလေးနဲ့ တွေ့ရလေ့ ရှိပါတယ်။

(၆) ခြေလှမ်းကျဲကျဲ လှမ်းခြင်း  

လေ့လာချက်တွေအရ လမ်းလျှောက်ပါက စိတ်လက်ပေါ့ပါးစွာနဲ့ ခြေလှမ်းကျဲကျဲ လျှောက်လေ့ရှိသူတွေဟာ လူငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။ လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ခြေလှမ်း စိတ်သွားတတ်ကြပါတယ်။ ခြေလှမ်းကျဲကျဲနဲ့ လမ်းမြန်မြန် လျှောက်ခြင်းဖြင့် ပုံစံက ငယ်ရွယ်နေသလို နုပျိုလန်းဆန်းတဲ့ စိတ်ခံစားမှုကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၇) Accessory ထည့်ဝတ်ခြင်း  

Accessory အများကြီးလည်း မလိုပါဘူး။ လည်စည်းပဝါရှည် ကောင်းကောင်း တစ်ခု ဆောင်ထားရုံနဲ့ အဆင်ပြေပါတယ်။ လည်ပင်းကို ပဝါနဲ့ နှစ်ပတ်လောက် ခပ်ချောင်ချောင် ပတ်ပြီး အစွန်းနှစ်ဖက်စလုံးကို ရှေ့မှာ ချထားလိုက်ပါ။ မျက်နှာကို ပိုအာရုံစိုက်စေကာ လှပတဲ့ မျက်နှာအစိတ်အပိုင်းတွေကို သတိထားစေမှာပါ။

( ၈) ရေမွှေးနံ့ ပြောင်းခြင်း  

Grape Fruit အနံ့ ပါရှိတဲ့ ခန္ဓာကိုယ်လိမ်း ပစ္စည်းတွေက အသက်ခြောက်နှစ်လောက် ငယ်ရွယ် နုပျိုသွားတယ်လို့ ထင်ရစေပါတယ်။ သူရဲ့ အနံ့က တက်ကြွ လန်းဆန်းစေတာကြောင့် ဒီအနံ့ကို ရှူမိသူတို့ကို ပျော်ရွှင်သွားစေနိုင်ပါတယ်။ တခြားလူတွေ တက်ကြွပါက သင့်အပေါ် မြင်တဲ့ အမြင်တွေပါ လန်းဆန်းနေပြီး သင်ကိုယ်တိုင်ကလည်း သင့်ရဲ့ အနံ့ကြောင့် ပျော်ရွှင်နေကာ ငယ်ရွယ်နုပျိုတဲ့ပုံ ပေါက်နေပါတယ်။

(၉) မျက်နှာ ကြေးချွတ်ခြင်း  

အသားအရောင် မညီပါက အသက်ကြီးပုံ ပေါက်စေပါတယ်။ အသားအရောင်ညီဖို့ မျက်နှာကြေးချွတ်ဆေး (Scrub)ကို အသုံးပြုသင့်ပါတယ်။ ပြီးတော့ မျက်နှာအစိုဓာတ် ထိန်းသိမ်းတဲ့ ခရင်မ် (Moisturizer)ကိုလည်း လိမ်းပေးရပါမယ်။ ဒါမှ ကြည်လင်စိုပြည်တဲ့ အသားအရေနဲ့ နုပျိုပုံ ပေါက်မှာပါ။

(၁ဝ) ရှေ့ဆံမြိတ် ချခြင်း  

ရှေ့ဆံပင်ကို ဆံမြိတ်ချပါက ငယ်ရွယ်နုပျိုတဲ့ပုံ ပေါက်စေပါတယ်။ ရှေ့ကို တည့်တည့်ပဲ ချချ၊ ဘေးကို မသိမသာလေး စောင်းပြီးပဲ ချချ ရှေ့ဆံမြိတ်က နှဖူးပေါ်ရှိ အရေးကြောင်းတွေကို ဖုံးအုပ်ကာ မျက်လုံးဆီကို အာရုံ ပိုရောက်စေပါတယ်။

အားလုံး နုပျိုလန်းဆန်း တက်ကြွနိုင်ကြပါစေ။၊
By Good Health Originally posted 27/09/2011 11:43AM
Shared from http://news.yatanarpon.com.mm/cp/goodhealth/article-37530


Credit : http://yonelayyonelay.blogspot.co.uk/2012/11/bromelain.html?m=1

No comments:

Subscribe

လာလည်သူများ

free counters