သူ့လက်ထဲမှာ ဓာတ်ပုံအယ်လ်ဘမ်တစ်အုပ်ကို အားကိုးတကြီး ဆုပ်ထားတယ်။ ၁၉၇၃ ခုနှစ်က အမေရိကန် စစ်သားလေး ဂျယ်ရီကွင်းနဲ့ သူ့ချစ်သူကို မှတ်မိတဲ့သူများ ရှိခဲ့ရင် သူ ဘယ်သူဆိုတာ သက်သေပြဖို့ပါ။
ဒါပေမယ့် သူ ရှာနေတဲ့ အချိန်က ၂၀၁၃ ခုနှစ် ဖြစ်နေပြီ။ နှစ် ၄၀ အတွင်းမှာ အိမ်တွေ လမ်းတွေ၊ မြင်ကွင်းတွေ အရာရာဟာ ပြောင်းလဲခဲ့ပြီ။ တစ်ချိန်က သူတို့မောင်မယ် အတူနေခဲ့တဲ့ အိမ်ကလေး ဘယ်များ ရောက်နေလဲ။
လမ်းပြ ဟွန်ဖန်က သူ့ကို လမ်းကျဉ်းလေး တစ်ခုထဲ ခေါ်သွားတယ်။ ဒီလမ်းဟာ သူပြောတဲ့ နာမည်နဲ့ လမ်းကို အမည်သစ် ပြောင်းထားတဲ့လမ်းပဲ။ ဟွန်ဖန်ဟာ သူ့လုပ်သက် နှစ် ၂၀ ကျော် ကာလမှာ ရင်သွေးပျောက် လာရှာတဲ့ အမေရိကန်ဖခင် ဆယ်ဂဏန်း အတော်များများကို သူတို့သားသမီးတွေ ပြန်တွေ့အောင် ကူညီပေးခဲ့ဖူးတယ်။ ဒါကြောင့်လဲ ဂျယ်ရီကွင်းက ဟွန်ဖန်ကို အားကိုးတကြီး ငှားခဲ့တာ။ သူ့ကိုလဲ ကံကောင်းသူ ဖခင်စာရင်းထဲ ပါအောင် ကူညီနိုင်ကောင်းပါရဲ့။
ဂျယ်ရီကွင်းက အိမ်နံပါတ် ၄၀ ကို ရှာပေးဖို့ ပြောတယ်။ ဒါ သူတို့မောင်နှံ နေခဲ့တဲ့ လိပ်စာ။
အိမ်နံပါတ် ၄၀ လဲ မရှိတော့ဘူး။ အိမ်ပုံစံတွေက ပြောင်းလဲကုန်ပြီမို့ အိမ်ဟောင်းလေးကိုလဲ ရှာမတွေ့ဘူး။
လမ်းထဲကလူတွေ သူတို့အနား ၀ိုင်းလာပြီး အကျိုးအကြောင်း မေးတယ်။ အဘိုးအို တစ်ယောက်က အရင်လိပ်စာဟောင်းတွေ ဘာကြောင့် မရှိတော့သလဲဆိုတာ ရှင်းပြတယ်။
၁၉၇၅ ခုနှစ်မှာ အမေရိကန်တပ်တွေ ဗီယက်နမ်က ဆုတ်ရပြီးတဲ့နောက် ဆိုင်ဂုံကို ဟိုချီမင်းစီးတီးလို့ နာမည်ပြောင်းလိုက်တယ်။ လမ်းနာမည်တွေ၊ အိမ်နံပါတ်တွေပါ ပြောင်းကုန်တယ်။ ဒီတော့ လွန်ခဲ့တဲ့ နှစ် ၄၀ က အိမ်နံပါတ် ၄၀ ကို ရှာမတွေ့နိုင်တော့ဘူး။
ဂျယ်ရီကွင်းက စိတ်မလျှော့ဘဲ ဟွန်ဖန် အကူအညီနဲ့ တစ်ရက်ပြီးတစ်ရက် သားပျောက်ရှာပုံတော် ဖွင့်တယ်။ သူ့ချစ်သူရဲ့ ဓာတ်ပုံတွေကို လက်ထဲ ကိုင်သွားပြီး ဟိုချီမင်းစီးတီးရဲ့ လမ်းပေါ်မှာ တွေ့သမျှ လူတိုင်းကို လိုက်ပြပြီး ဇွဲကောင်းကောင်းနဲ့ လိုက်မေးတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ က အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ပြပြီး အခု ဘယ်ရောက်နေမှန်း မသိရတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ယောက်ကို စုံစမ်းရတာ ဖြစ်နိုင်ခဲတဲ့ အလုပ်ပါ။ အားလုံးက နိုးလို့ပဲ ဖြေတယ်။
သုံးရက်မြောက်နေ့မှာတော့ ဂျယ်ရီကွင်းဟာ သူတို့စုံတွဲ နေခဲ့ဖူးတဲ့ လမ်းလေးထဲကို လမ်းပြ ဟွန်ဖန်နဲ့အတူ နောက်တစ်ခေါက် ပြန်ရောက်လာတယ်။ အစစ ပြောင်းလဲသွားပြီဖြစ်တဲ့ သူတို့နေခဲ့တဲ့ အိမ်ကလေးနားက ခေါက်ဆွဲဆိုင်မှာ ထိုင်ကြတယ်။ ရေနစ်နေသူ ကောက်ရိုးမျှင် ဆွဲသလို ဆိုင်ရှင်အမျိုးသမီးကို သူ့လက်ထဲက ဓာတ်ပုံဟောင်းလေးတွေ ပြကြည့်တယ်။ နှစ် ၄၀ လုံးလုံး သူ အပျောက်မခံ သိမ်းဆည်းထားခဲ့တဲ့ ဓာတ်ပုံတွေ။
တစ်ပုံက သူ့ချစ်သူ ဗီယက်နမ်မလေးရဲ့ တစ်ယောက်တည်းပုံ။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် အာရှသူ မိန်းမချောလေးတစ်ယောက်။ တခြားတစ်ပုံက သူတို့တပ်တွေ ဆုတ်ရပြီးမှ မွေးတဲ့ သူ့သားလေးနဲ့ သားအမိ အတူရိုက်ထားတဲ့ပုံ။ နောက်တစ်ပုံက သူ့ချစ်သူနဲ့ ဗီယက်နမ် အမျိုးသမီးတစ်ယောက် အမှတ်တရပုံ။ ဆိုင်ဂုံကနေ သူတို့
ဆုတ်ခွာရပြီး သူ အမေရိကား ပြန်ရောက်တဲ့အချိန်မှာ သူ့ချစ်သူက ပို့ပေးခဲ့တဲ့ ဓာတ်ပုံတွေပါ။
ခေါက်ဆွဲဆိုင်ရှင်မက ဓာတ်ပုံတွေကို ကြည့်နေတယ်။ သူ့ချစ်သူနဲ့ သားငယ်ပုံကို ကြည့်ပြီး ဘာမှ သိပုံ မပြဘူး။ ဒါပေမယ့် နောက်ဆုံးပုံကို မြင်လိုက်ချိန်မှာတော့ လှုပ်ရှားလာတယ်။
”ဒါ သားဖွားဆရာမပဲ”
သူ့ဇနီးနဲ့ တွဲရိုက်ထားတဲ့ ကုတ်အကျီ င်္ဖြူနဲ့ အမျိုးသမီးပုံကို ထောက်ပြီး ဆိုင်ရှင်မက ပြောတယ်။
”သူ အမေရိကားကို ပြောင်းသွားပြီ။ ဒါပေမယ့် ကျွန်မတို့ကို မမေ့ဘူး။ ဒီကို ပြန်လာတိုင်း ကျွန်မတို့ဆီ လာလည်တယ်။ အို… မနေ့ကမှ သူ့သမီးတောင် ကျွန်မတို့ဆိုင်မှာ ခေါက်ဆွဲလာစားသွားသေးတယ်”
မထင်မှတ်တဲ့ သဲလွန်စကြောင့် ၀မ်းအသာကြီး သာသွားတဲ့ အမေရိကန် ဖခင်ဟာ မနေ့ကမှ ခေါက်ဆွဲလာစားသွားတယ်ဆိုတဲ့ ဓာတ်ပုံထဲက ၀မ်းဆွဲဆရာမရဲ့ သမီးကို သူ တွေ့နိုင်အောင် စီစဉ်ပေးဖို့ အလောတကြီး အကူအညီ တောင်းရှာတယ်။ စာနာတတ်တဲ့ ခေါက်ဆွဲဆိုင်ရှင်မက ဖြစ်စေရမယ်ဆိုတာ ကတိပေးလိုက်တယ်။
x x x
အမေရိကန်တပ်တွေ ဗီယက်နမ်က ဆုတ်ခွာရတဲ့ ”ဆိုင်ဂုံရဲ့ နောက်ဆုံးနေ့များ” ဟာ ခါးသီးကြမ်းတမ်းလှပါတယ်။
၁၉၇၅၊ မတ်လမှာ အမေရိကန် စစ်သည်နဲ့ ၀န်ထမ်းတွေ အစုလိုက်အပြုံလိုက် လေကြောင်းက ဆုတ်ခွာစေတော့ ဗီယက်နမ်ဇနီးနဲ့ ရင်သွေး ရှိတဲ့ ဖခင် တော်တော်များများက သူတို့ မိန်းမနဲ့ ကလေးတွေ မပါဘဲ မလိုက်နိုင်ဘူးလို့ ငြင်းတဲ့အတွက် တာဝန်ရှိသူတွေ အကျပ်ရိုက်ခဲ့ရတယ်။ ကိုယ့်နိုင်ငံသား မဟုတ်၊ ပတ်စပို့တွေ ဗီဇာတွေလဲ ဘာမှ မရှိသူတွေကို အမေရိကန်မြေပေါ် တစ်ပြုံတစ်မကြီး သယ်သွားဖို့ဆိုတာ ဥပဒေအရ လုပ်ခွင့်မရှိဘူး။ စစ်သည်တော် အမေရိကန် ခင်ပွန်းနဲ့ ဖခင်တွေကလဲ ကျန်ရစ်ခဲ့မယ့် ဇနီးသားသမီးတွေကို ရန်သူ့ဘက်သားဆိုပြီး ဗီယက်ကောင်း တပ်တွေက လက်စားချေမှာ စိုးတဲ့အတွက် သူတို့ကိုပါ မခေါ်ရရင် မလိုက်ဘူးဆိုပြီး ခေါင်းမာတင်းခံကြတယ်။
နောက်ဆုံးတော့ ဒီ စာရွက်စာတမ်းမဲ့ ဗီယက်နမ်တွေကို ဖိလစ်ပိုင်က ကလပ်လေတပ်စခန်းကို လေယာဉ်နဲ့ ရွှေ့ပေးလိုက်တယ်။ သမ္မတ ဂျရယ်ဖို့ဒ်ကလဲ ”ကလေးသယ် စစ်ဆင်ရေး” ‘(Operation Babylift) ကို ကြေညာပြီး အမေရိကန်ကပြား မိဘမဲ့ ကလေးငယ် ၂၀၀၀ ကို အမေရိကန်ကို လေကြောင်းနဲ့ အရေးပေါ် သယ်စေတယ်။ ဗီယက်ကောင်းတွေလက်ထဲ ကျန်ခဲ့ရင် အန္တရာယ်ရှိတဲ့ ဗီယက်နမ်သူ ဇနီးတွေနဲ့ မိသားစုဝင်တွေ၊ ရိုမန်ကက်သလစ်ခရစ်ယာန်တွေ အပါအ၀င် ဒုက္ခသည် တစ်သိန်းတစ်သောင်းကိုလဲ အမေရိကန်ကို ရွှေ့ပြောင်းပေးတယ်။
ဒီအချိန်မတိုင်ခင်ကတည်းက ဗျာများနေရသူက စစ်သားကလေး ဂျယ်ရီကွင်းပါ။ သားလားသမီးလား မသိရသေးတဲ့ သူ့ရင်သွေး မိခင်ဝမ်းထဲ ရောက်လာတဲ့ ၁၉၇၃ ခုနှစ်မှာ အမေရိကန် အစိုးရက ဗီယက်ကောင်းတပ်တွေနဲ့ စေ့စပ်ညှိနှိုင်းပြီး အမေရိကန်တပ်တွေ ဗီယက်နမ်ကနေ ချက်ချင်း ဆုတ်ခွာပေးဖို့ သဘောတူလိုက်တယ်။ ဒါဆို တပ်ပြန်ဆုတ်ချိန်မှာ သူ့ချစ်သူဟာ အမေရိကန် စစ်သားရဲ့ ဇနီးအဖြစ် အမေရိကန်မြေကို လိုက်လို့ရအောင် သူ့ချစ်သူကို အမြန်ဆုံး လက်ထပ်မှ ဖြစ်မယ်။
စစ်သားလေး ဂျယ်ရီကွင်းဟာ လိုအပ်တဲ့ အထောက်အထားတွေ၊ စာရွက်စာတမ်းတွေ တင်ပြပြီး လက်ထပ်ခွင့်ရဖို့ ကြိုးစားတယ်။ နှေးကွေးကြန့်ကြာပြီး အဆင့်ဆင့် များလှတဲ့ ဗျူရိုကရေစီ ရုံးလုပ်ငန်းဆောင်တာတွေဟာ သေရေးရှင်ရေး စစ်ဆုတ်ရတဲ့ ကာလမှာ သူနဲ့ သူ့ချစ်သူ အရေးပေါ် လက်ထပ်ခွင့်ရအောင် မစွမ်းနိုင်ခဲ့ဘူး။ လက်ထပ်ခွင့် မကျသေးခင် သူနဲ့ သူ့တပ်ဟာ ဆိုင်ဂုံကနေ အမေရိကန်ကို ဆုတ်ခွာခဲ့ရတယ်။
စစ်သားလေးဟာ ဘရန်ဒီလို့ သူခေါ်တဲ့ သူ့ချစ်သူဆီ အမေရိကန်ကနေ စာတွေ လတိုင်း ရေးပို့ပြီး အဆက်အသွယ်ရဖို့ ကြိုးစားတယ်။ ဘယ်လောက် များသလဲဆိုရင် တစ်နှစ်အတွင်း စာအစောင်ရေ ရာကျော်တဲ့အထိပဲ။ ဒါပေမယ့် ဒီစာတွေ သူ့ချစ်သူဆီ ရောက်မရောက် သူ မသိရဘူး။
သူ့ချစ်သူဆီက ဓာတ်ပုံလေးတွေ ရောက်လာတယ်။ သူ့ရင်သွေးလေး မွေးပြီ၊ သားယောက်ျားလေးဆိုတာ သိလိုက်ရတယ်။ ဒါ နောက်ဆုံးပဲ။ ဘာမှ ထပ်မဆက်သွယ်တော့ဘူး။ စစ်သားကလေးဟာ သူရေးသမျှ စာအစောင်ပေါင်း ရာကျော်ကို တစ်စောင်မှ ပြန်စာ မရတဲ့အဆုံး လက်လျှော့လိုက်ရတယ်။
ဒီအချိန်မှာ သူ့ချစ်သူဟာ သူတို့နေခဲ့တဲ့ အိမ်လေးမှာ မရှိတော့ဘူး။ အောင်နိုင်သူ မြောက်ဗီယက်နမ် တပ်တွေက ရန်သူ့ဇနီးတွေ၊ ကလေးတွေကို လိုက်ရှာနေကြလို့ အသက်လုပြီး ထွက်ပြေးရပြီ။ သားကလေးကိုလဲ ဒီလူဖမ်းပွဲကြီး မပြီးမချင်း ကလေးဘေးကင်းအောင် ဆိုင်ဂုံမြို့ပြင်မှာ ၀ှက်ထားပေးမယ့် မိတ်ဆွေတွေဆီ ပေးပစ်ခဲ့ရပြီ။ ဒီအဖြစ်တွေကို အမေရိကန်စစ်သားလေး မသိရှာဘူး။
x x x
ခေါက်ဆွဲဆိုင်ရှင်မ ဆက်သွယ်ပေးတဲ့အတွက် ”ဓာတ်ပုံထဲက ၀မ်းဆွဲဆရာမရဲ့ သမီး” ဟာ နောက်တစ်နေ့မှာ ခေါက်ဆွဲဆိုင်ကို ရောက်လာပါတယ်။
ချောမောတဲ့ သက်လတ်ပိုင်း အမျိုးသမီး ကင်မ်ဟာ သူ့ခင်ပွန်း အမေရိကန် ဆရာဝန်နဲ့အတူ မွေးရပ်မြေ ဆိုင်ဂုံကို အလည်ပြန်ရောက်နေတာပါ။ ဂျယ်ရီကွင်း ပြတဲ့ ဓာတ်ပုံသုံးပုံကို ကြည့်တယ်။ တစ်ပုံမှာက သူ့အမေပါလား။ ဂျယ်ရီကွင်းရဲ့ချစ်သူ ဗီယက်နမ်မလေးပုံကို သူ့လက်သည်းရှည်တွေနဲ့ ထောက်လိုက်တယ်။
”ကျွန်မ မှတ်မိပြီ။ သူနဲ့ အရမ်းခင်တယ်။ သူ့ကလေး မီးဖွားတော့တောင် ကျွန်မပါ ကူရသေးတယ်”
သူ့မိခင် သားဖွားဆရာမဟာ ဒီ ”ရန်သူ့ရင်သွေး”ကို မီးဖွားပေးခဲ့သူပါ။ ဆယ်ကျော်သက် ကလေးမလေးသာဖြစ်တဲ့ ကင်မ်လဲ မီးဖွားရာမှာ ၀င်ကူခဲ့ရတယ်။ အမိဝမ်းကကျွတ်စ သားကလေးဟာ အမေရိကန်မှာဆိုရင်တော့ ဆရာဝန်တွေ စုံစုံလင်လင်နဲ့ သားဖွားခန်းထဲမှာ အတူရှိနေတဲ့ ဖခင်က ချက်ကြိုးဖြတ်ပေးရမှာ။ ခုတော့ သားဖွားဆရာမကပဲ ချက်ကြိုးကိုဖြတ်၊ သားဖွားဆရာမသမီး ကလေးမလေးက အမိဝမ်းကကျွတ်စ ကလေးကို ပွေ့ထားခဲ့ရတယ်။
အမေရိကန် စစ်ပြန်ကြီး မျက်ရည်မဆည်နိုင်တော့ဘူး။ တုန်လှုပ်နေတဲ့ အသံနဲ့ ”ခင်ဗျားလက်ကို ကျွန်တော် ကိုင်လို့ ရမလား ”လို့ မေးရှာတယ်။ ဒါ သူ မမြင်လိုက်ရတဲ့ သူ့သားလေးကို ထွေးပွေ့ခဲ့တဲ့ လက်တွေ။ ဒီလက်တွေကို ထိတွေ့ခွင့်ရရင် သူ့သားလေးနဲ့ သူ ထိတွေ့ခွင့်ရသလို ခံစားရမှာမို့လို့ပါ။
ကင်မ်က ရှောရှောရှူရှူ ခွင့်ပြုခဲ့ပါတယ်။ ခေါက်ဆွဲဆိုင်ထဲက လူတွေဟာ ဗီယက်နမ် အမျိုးသမီးတစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်ရင်း မျက်ရည်ပေါက်ပေါက်ကျ၊ အသံတိတ် ငိုကြွေးနေတဲ့ အနောက်တိုင်းသား အဘိုးကြီးကို ပဟေဠိမျက်ဝန်းတွေနဲ့ ငေးကြည့်နေကြတယ်။
x x x
”သားကလေးရဲ့ နာမည်နဲ့ မွေးနေ့ သိရမလား”။ ဒီမေးခွန်းကို ကင်မ် မဖြေနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဗီယက်ကောင်းတပ်တွေ ဆိုင်ဂုံကို သိမ်းလိုက်ချိန်မှာ ရန်သူနဲ့ ပတ်သက်ခဲ့သမျှ လူတွေကို သေရွာပို့ပစ်မယ်လို့ ကြိမ်းတဲ့အတွက် သူ့မိခင် သားဖွားဆရာမဟာ မီးပုံကြီးတစ်ပုံ မွှေးပြီး သူမွေးဖွားပေးခဲ့သမျှ ”ရန်သူ့ကလေး”တွေရဲ့ မွေးစာရင်းတွေအပါအ၀င် အမေရိကန်တွေနဲ့ ပတ်သက်သမျှ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့ရတယ်။ နောက်ပိုင်း သူတို့သားအမိ ဘယ်ရောက်သွားလဲ၊ ဘာဖြစ်သွားလဲ ကင်မ် မသိတော့ဘူး။ သဲလွန်စတွေအားလုံး ပျောက်သွားပြန်ပြီ။
ဖွဲကောင်းကောင်းနဲ့ လိုက်ရှာတဲ့ ဂျယ်ရီကွင်းဟာ ၂၀၁၄ ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာ သူ့ချစ်သူ ဘရန်ဒီကိုရှာလို့ တွေ့သွားတယ်။ ကွဲသွားတဲ့ နှစ် ၄၀ ကာလမှာ သူလဲ အမေရိကန်မှာ အိမ်ထောင်ရက်သားနဲ့ သားတစ်ယောက်တောင် ရနေပြီဆိုတော့ ပြန်ပေါင်းထုပ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။
သားကလေး ဘယ်မှာလဲ။ ဒါ သူ့မိခင် ကိုယ်တိုင်လဲ မသိတော့ပါဘူး။ သားလေးကို မိတ်ဆွေတွေဆီ ပေးခဲ့ပြီး အသက်လု ပြေးခဲ့ရတယ်။ အဲဒီကတည်းက ပြန်ကို မတွေ့တော့ဘူး။
အမေရိကန်တပ်တွေ ဗီယက်နမ်က ဆုတ်ခွာသွားပြီးနောက်ပိုင်း နှစ်တွေမှာ ဗီယက်နမ်နိုင်ငံရဲ့ လမ်းကြိုလမ်းကြားတွေမှာ စားစရာလေး တစ်လုပ်တစ်ဆုပ် ရဖို့ လိုက်တောင်းနေတဲ့ အာမရေးရှန်း (အာရှ အမေရိကန် ကပြား) ကလေးငယ်တွေကို တွေ့နိုင်တယ်။ ဗီယက်နမ် လူ့အဖွဲ့အစည်းကလဲ ဒီမျိုးစပ် ကပြားလေးတွေကို ပစ်ပယ်ကြတယ်။ ဒီကလေးတွေဟာ အပယ်ခံ အနှိမ်ခံလေးတွေအဖြစ် ကြီးပြင်းခဲ့ရတယ်။
သူ့သားလေးကို ပေးပစ်ခဲ့တယ်ဆိုတဲ့ ဘရန်ဒီရဲ့ မိတ်ဆွေတွေကိုလဲ ရှာမတွေ့တော့ဘူး။ ကလေး ဘယ်ရောက်လို့ ဘာဖြစ်သွားလဲ။ ဇွဲမလျှော့တဲ့ ဖခင်ဟာ အသက် ၄၀ အရွယ် ဗွိုင် (Bui) အမည်ရှိ သားဖြစ်သူကို ဖခင်က လိုက်ရှာနေတဲ့အကြောင်း ဘရန်ဒီနဲ့ သူ့သားလေး ဓာတ်ပုံနဲ့အတူ ဖေ့စ်ဘုတ်မှာ တင်လိုက်တယ်။
x x x
ဂျယ်ရီကွင်း ရောက်နေတဲ့ ဗီယက်နမ်နဲ့ မိုင်ပေါင်း ၈၅၀၀ ဝေးကွာတဲ့ အမေရိကန်နိုင်ငံ နယူးမက်ဆီကို ပြည်နယ်က အသက် ၄၀ အရွယ် ကလေးနှစ်ယောက်အဖေ ဂယ်ရီဗွိုင် (Gerry Bui) ဟာ သူ တစ်ခါမှ မမြင်ဖူးတဲ့ အမေရိကန်ကြီး တင်ထားတဲ့ သားပျောက်ကြော်ငြာက ဓာတ်ပုံကို တုန်လှုပ်အံ့အားသင့်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။
ဒီဓာတ်ပုံ သူ့မှာလဲ ရှိတယ်။ ဗီယက်နမ် မိဘမဲ့ဂေဟာမှာရော၊ ရှစ်နှစ်သားအရွယ်မှာ တခြား အမေရိကန်ကပြား ကလေးငယ်တွေနဲ့အတူ အမေရိကားကို ရွှေ့ပြောင်းလာရတော့ရော ဒီဓာတ်ပုံကလေးဟာ သူ့ဘ၀အစကို ပြောနိုင်တဲ့ သဲလွန်စအဖြစ် သူနဲ့ ပါလာခဲ့တာ။
အဖေပျောက် ရှာနေတဲ့ သူနဲ့ဘ၀တူ အာမရေးရှန်း တစ်ယောက်ကို ဖေ့စ်ဘုတ်မှာ တွေ့သွားပြီး မိတ်ဆွေအဖြစ် သူ Add လုပ်လိုက်တယ်။ အဲဒီကနေ ဒီလူ လိုက်ခ် လုပ်ထားတဲ့ ပို့စ်တစ်ခုကို ဖတ်မိသွားတယ်။ သားပျောက်ရှာနေတဲ့ အမေရိကန် ဖခင်တစ်ယောက်၊ ဂျယ်ရီကွင်းတဲ့။ အသက် ၄၀ အရွယ် သူ့သားကို သူ လိုက်ရှာနေတယ် ဆိုပါလား။
”ဆက်ရှာပါ” (Keep searching.) လို့ ပို့စ်အောက်မှာ သူ မှတ်ချက်ဝင်ရေးလိုက်တယ်။ ပြီးတော့ သူ သိမ်းထားတဲ့ ဓာတ်ပုံကလေးကို ထုတ်တယ်။ ဟုတ်နေမှန်း သိပါရက်နဲ့ ပို့စ်ထဲကပုံနဲ့ ယှဉ်ပြီး နှစ်ပုံ တိုက်စစ်တယ်။ သေချာပါတယ်။ ဒါ ဓာတ်ပုံ တစ်ခုတည်းမှ တစ်ခုတည်းပဲ။
ဂယ်ရီဘူဟာ သူ့အဖေဆီကို လှမ်းဆက်သွယ်လိုက်တော့တယ်။
x x x
သားကိုတွေ့ဖို့ အမေရိကန် ပြန်လာတဲ့ ဂျယ်ရီကွင်းဟာ သူ့သား ဂယ်ရီဗွိုင် ဇနီးမောင်နှံနဲ့ ကလေးနှစ်ယောက် နေထိုင်ရာ မြို့ကလေးကို ခရီးဆက်လာခဲ့တယ်။
လေဆိပ်ကနေ တက္ကစီတစ်စီးငှားပြီး သားအိမ်ကို လာရာလမ်းမှာ ဂျယ်ရီကွင်းဟာ အတွေးပေါင်းစုံနဲ့ ဗျာများနေတယ်။ သားက ဖိတ်ခေါ်လို့ လာတဲ့ကြားက ”သူ ငါ့ကို လက်မှ ခံပါ့မလား”လို့လဲ ကြံဖန်တွေးပြီး စိတ်ပူနေမိတယ်။ ဖုန်းထဲမှာ စကားပြောကြတော့ သားလုပ်တဲ့သူက သူဟာ စိတ်လှုပ်ရှားမှုကို မျက်နှာမှာ မပေါ်အောင် ထိန်းချုပ်ဖို့ သူ့ကိုယ်သူ သင်ထားတယ်လို့ ပြောတယ်။ ဒါဆို ငါ သူ့ကို ဖက်ပြီး နှုတ်ဆက်မိရင် သူ ကြိုက်မှ ကြိုက်ပါ့မလား။
သားရဲ့ အိမ်ရှေ့ကို ရောက်တော့ သူ့သား၊ ဗီယက်နမ်သူ ဇနီးနဲ့ မြေးလေးနှစ်ယောက်က အိမ်ဝက ထွက်ကြိုနေကြတယ်။ သူဟာ ကားပေါ်မှာ တွေးလာတဲ့ စိုးရိမ်ကြောင့်ကြ အတွေးတွေကို မေ့သွားပြီး သားကို ပွေ့ဖက်လိုက်မိတယ်။ ”စိတ်မလှုပ်ရှားတတ်ပါဘူး”ဆိုတဲ့ သားကလဲ သူ့ကို ပြန်ဖက်ထားပြီး မျက်ရည်တွေနဲ့ ငိုကြွေးနေပါလား။
x x x
”ဒီထက် နည်းနည်းလေးများ ပိုတူလို့ကတော့ မင်းဟာ အဖေ့ရုပ် လုံးလုံး ဖြစ်သွားပြီ”
သူ့သားမျက်နှာကို ကြည့်ပြီး အဖေလုပ်သူက မှတ်ချက်ချတယ်။ ဆိုဖာပေါ်မှာ မိသားစု ၀ိုင်းဖွဲ့ထိုင်ကြတယ်။ အဖေနဲ့သားကတော့ နှစ်ယောက်ထိုင် ဆိုဖာပေါ်မှာ အတူကပ်ထိုင်တယ်။
သူ့အမေနဲ့ကွဲပြီး ဘာတွေ ကြုံခဲ့ရတယ်ဆိုတဲ့ ခါးသီးတဲ့ ဇာတ်လမ်းကို သူ့အဖေကို ဂယ်ရီ ပြောပြတယ်။ သူ့ကို ၀ှက်ထားပေးတဲ့ လူကြီးတွေနဲ့အတူ တောထဲက တဲစုလေးတွေမှာ နေခဲ့ရတယ်။ ဆင်းရဲလွန်းလို့ ထမင်း ၀အောင်ကို မစားခဲ့ရဘူး။ တခြားကလေးတွေက အမေရိကန်ကို ယူတဲ့ သူ့အမေဟာ ”မိန်းမပျက်” လို့ ပြောကြတယ်။ သူ့ကို အနိုင်ကျင့်ကြတယ်။
လေးနှစ်သားမှာ မိဘမဲ့ ဂေဟာကို ရောက်ခဲ့တယ်။ ရှစ်နှစ်သားမှာတော့ ဗီယက်နမ်မှာ အပယ်ခံ အနှိမ်ခံ ဖြစ်နေတဲ့ အာမရေးရှန်း ကလေးငယ်တွေကို အမေရိကကို ခေါ်ယူတဲ့ ယူအက်စ် ကုသိုလ်ဖြစ်အဖွဲ့တစ်ခုရဲ့အစီအစဉ်နဲ့ ဘ၀တူ အမေရီးရှန်း ကလေးငယ်တွေနဲ့အတူ အမေရိကန်ကို ရောက်လာခဲ့တယ်။
သားရဲ့ ကလေးဘ၀ အဖြစ်ဆိုးကို ကြားတော့ ဂျယ်ရီကွင်းဟာ စိတ်ထိခိုက်ပြီး သူ့အပြစ်လို ခံစားလိုက်ရတယ်။
”မင်း မိဘမဲ့ ဖြစ်သွားတာ အဖေ မသိခဲ့ဘူး။ မင်းအမေနဲ့ မင်းအတူနေတယ်လို့ပဲ ငါ ထင်ထားတာ”
”စိတ်မလှုပ်ရှားတတ်ပါဘူး”ဆိုတဲ့ အသက် ၄၀ အရွယ် ကျားကျားယားယား သားဖြစ်သူ ဂယ်ရီဟာ ဇနီးသည်နဲ့ ကလေးနှစ်ယောက်ရှေ့မှာ၊ ပြီးတော့ ဘ၀မှာ ပထမဆုံးအကြိမ် တွေ့ရတဲ့ အဖေ့ရှေ့မှာ မျက်ရည်တွေ ကျလာတယ်။
ဂျယ်ရီကွင်းက သူ့သားနား တိုးကပ်ရင်း ငိုကြွေးနေတဲ့ သားကို သူ့ညာလက်နဲ့ ပွေ့ဖက်ထားလိုက်တော့တယ်။
Crd : Mya Kyay Mon
No comments:
Post a Comment