
လူအများအာရုံကို ချူယူဖို့ တမင်ဖန်တီးခဲ့ကြသည့် အတုများ။ အထူးသဖြင့် လူအများ စိတ်ဝင်စားသည့် သတင်းများနဲ့ ပတ်သက်ပြီး ထွက်လာသော အတုများ။ စာဖတ်သူရော ၂၀၁၅ တစ်နှစ်တာ အတွင်း အောက်တွင် ဖော်ပြမည့် သတင်းတု၊ ဗီဒီယိုတု၊ ဓာတ်ပုံတုများနဲ့ တိုးခဲ့ဖူးပါသလား။
နီပေါ ငလျင် ကာလတုန်းက သနားစဖွယ် ဓာတ်ပုံ
၂၀၁၅ ဧပြီလက နီပေါငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပိုင်း အတွင်းမှာပင် ရင်ကိုထိသော ဓာတ်ပုံလေး တစ်ပုံ ဆိုရှယ် မီဒီယာများပေါ်မှာ ပျံ့ခဲ့သည်။ ဓာတ်ပုံက အတုတော့ မဟုတ်။ သို့သော် နေရာလွဲနေသော အစစ်ဖြစ်နေ၏။
'နီပေါငလျင်တွင် နှစ်နှစ်အရွယ် ညီမငယ်ကို ကာကွယ် ပေးနေသော လေးနှစ်သား အစ်ကို' ဟူ၍ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသဖြင့် ဆိုရှယ် မီဒီယာပေါ်မှာ ပလူပျံနေအောင် ရှယ်ယာ လုပ်ခဲ့ကြသော ပုံလေး ဖြစ်သည်။
သို့သော် ထိုပုံသည် ၂၀၀၇ ခုနှစ်က ဗီယက်နမ် ကျေးလက်ဒေသ တစ်ခုတွင် ရိုက်ထားသောပုံ ဖြစ်နေသည်။
''ကျွန်တော် ရိုက်ခဲ့သမျှ ပုံတွေထဲမှာ ရှယ်ယာ လုပ်ခံရဆုံး ပုံလေးလို့တောင် ဆိုရမယ်။ဆိုးတာက နေရာလွဲနေတာပဲ'' ဟု မူရင်း ဓာတ်ပုံဆရာ နာဆန်ငူယန်က ပြောသည်။
နီပေါငလျင် လှုပ်စဉ် ရေကူးကန် ဗီဒီယို
နီပေါငလျင် လှုပ်ပြီး မကြာခင်မှာပင် ယူကျုနှင့် ဖေ့စ်ဘွတ်ခ်ပေါ် လုံခြုံရေး ကင်မရာ ဗီဒီယိုဖိုင် တက်လာသည်။ ဗီဒီယိုထဲတွင် ခတ္တမန္ဒမြို့ ဟိုတယ် ရေကူးကန် လုံခြုံရေး ကင်မရာက ရိုက်ထားသည် ဟူသော ရုပ်သံမြင်ကွင်းပါသည်။ ငလျင်ကြောင့် ရေကူးကန် အတွင်းရှိရေများ ဘောင်ဘင်ခတ်နေပုံကို မြင်ရသည်။
ထိုဗီဒီယိုကြောင့်လည်း နီပေါငလျင် အားပြင်းလှချည့်ဟု ကမ္ဘာတစ်ဝန်းက ထိတ်လန့်ခဲ့ကြသည်။ သို့သော် တကယ်တမ်းမှာကား ထိုဗီဒီယိုသည် ၂၀၁၀ ပြည့်နှစ်က မက္ကစီကိုတွင် ငလျင်လှုပ်စဉ်က ရိုက်ထားသော ဗီဒီယို ဖြစ်နေသည်။
''ဘယ်နေရာမှာ ဖြစ်ဖြစ် ငလျင် ခပ်ကြီးကြီးလေး လှုပ်လိုက်ပြီ ဆိုမှဖြင့် အဲဒီ ဗီဒီယိုကို ပြန်ဆွဲထုတ်ပြီး လှုပ်တဲ့ ဒေသ နာမည်တပ်ပြီး တင်ကြပြန်တာပဲ'' ဟု ယူကျုသုံးသူ တစ်ယောက်က ပြောသည်။
နောက်ထပ် တိုက်ပြို ဗီဒီယိုများ တက်လာရာတွင်လည်း အချို့သည် အီဂျစ်က မြင်ကွင်းတွေ ဖြစ်နေပြန်သည်။
ဥရောပသွား ခရီးစဉ်ကို ဓာတ်ပုံ မှတ်တမ်းတင်ပြီး ဆိုရှယ် မီဒီယာတင်သူ ဒုက္ခသည်
၂၀၁၅ နွေကာလက ဆီနီဂေါကနေ စပိန်ကို ပြောင်းရွှေ့ခိုလှုံသူ အမျိုးသား တစ်ဦးက သူ့ခရီးစဉ် တောက်လျှောက် မြင်ကွင်းများကို ဓာတ်ပုံရိုက်ကာ အင်စတာဂရမ် ဆိုရှယ်မီဒီယာသို့ တင်ခဲ့ရာ ကမ္ဘာတစ်ဝန်းက သဘောကျခဲ့ကြသည်။
အဒူဒီယော့ဖ်သည် ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် နေထိုင်သူဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သိရသည်မှာ အဒူဒီယော့ဖ်ဟူသည် တကယ့်ဒုက္ခသည် မဟုတ်ဘဲ စပိန်မြောက်ပိုင်းတွင် ကျင်းပမည့် ဓာတ်ပုံပွဲတော် အတွက် ဆွဲဆောင်ရေး အစီအစဉ် တစ်ရပ်အဖြစ် ဖန်တီးထားကြခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
အကြမ်းဖက်သမား ခိုလှုံသူတဲ့လား
၂၀၁၅ နှောင်းပိုင်း ဥရောပ ခိုလှုံသူ အကျပ်အတည်း ကာလအတွင်း ခိုလှုံသူများ၏ နောက်ခံ ရာဇ၀င်ဆိုင်ရာ 'ယခင်နှင့် ယခု' ဓာတ်ပုံများလည်း ဖေ့စ်ဘွတ်ခ်မှာ ပလူပျံခဲ့သည်။
''ဒီလူကို မှတ်မိလား။ မနှစ်က IS အကြမ်းဖက်သမား ၀တ်စုံနဲ့ပေါ့။ ခုတော့ ခိုလှုံသူဆိုပြီး ဥရောပ ရောက်နေတယ်လေ'' ဟု အမျိုးသား တစ်ယောက်၏ 'ယခင်နှင့် ယခု' ဓာတ်ပုံကို ဆိုရှယ် မီဒီယာပေါ်မှာ တွေ့ရသည်။
ဓာတ်ပုံထဲတွင် ပါသူမှာ လိုက်အယ်လ်-ဆာလက်ဟ် ဆိုသူဖြစ်ပြီး၊ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-
အာဆဒ်ကို ဆန့်ကျင် တိုက်ခိုက်နေသည့် သဘောထား သင့်တင့်သော သူပုန်အဖွဲ့မှ တပ်မူးဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်က ဆီးရီးယားကနေ မက်ဆီဒိုးနီယားကို ထွက်ပြေး ခိုလှုံလာသူ ဖြစ်သည်။ ဖြစ်ရပ်မှန် ပေါ်လာပြီးနောက် မူရင်းပို့စ်တင်သူက ပြန်တောင်းပန်ခဲ့သည်။
Eagle of Death Metal အဖွဲ့ ဖျော်ဖြေပွဲ ဓာတ်ပုံ
နိုဝင်ဘာတွင် ပါရီမြို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ညက Eagle of Death Metal ဂီတအဖွဲ့သည် ဘာတာကလန် ဇာတ်ရုံတွင် သီဆိုဖျော်ဖြေနေစဉ် အကြမ်းဖက်သမားများ ၀င့်စ်သည်။ ပါရီတွင် စည်းဝါးကိုက် အကြမ်းဖက်သည့် ထိုညက ထိုဇာတ်ရုံသည် လူအများဆုံး သေဆုံးခဲ့ရသည်။ ဂီတအဖွဲ့သားများကား အသက်ရှင် လွတ်မြောက်ခဲ့သည်။
တိုက်ခိုက်မှု မဖြစ်ခင် မိနစ်ပိုင်း အလိုမှာ ရိုက်ထားသော ဖျော်ဖြေပွဲ ဓာတ်ပုံဟု ဆိုကာ ဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်ပေါ် တက်လာသည်။ လူအများကလည်း ယုံမှတ်ခဲ့ကြသည်။ တကယ်တမ်းတွင်ကား ထိုပုံများသည် အစောပိုင်း ဒဗ္ဗလင်မြို့ ဖျော်ဖြေပွဲညပုံများ ဖြစ်နေကြောင်း နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည်။
လူသူကင်းမဲ့ ခြောက်ကပ်နေသော ပါရီလမ်းမများ
နိုဝင်ဘာလ (၁၃) ရက်နေ့ ပါရီ အကြမ်းဖက်ခံရပြီး နောက်တစ်နေ့တွင် လူသူကင်းမဲ့ ခြောက်ကပ်နေသော ပါရီလမ်းမများပုံ ဖေ့စ်ဘွတ်ခ်ပေါ် တက်လာသည်။ ထိုလမ်းမများကို ကြည့်ပြီး အမြဲလိုလို လူစည်ကားနေတတ်သော ပါရီမြို့ကြီးအတွက် ကမ္ဘာတစ်ဝန်းက ကြေကွဲဝမ်းနည်းခဲ့ရသည်။
တကယ်တမ်းတွင်ကား ထိုပုံများသည် Silent Wor (အသံတိတ်ကမ္ဘာ) ဓာတ်ပုံ ပရောဂျက်အဖွဲ့က အနုပညာ လှုပ်ရှားမှု တစ်ခုအတွက် ကွန်ပျူတာနည်းဖြင့် လူတွေကို ဖျောက်ကာ ဖန်တီးထားသော ပုံများသာ ဖြစ်သည်။ ထိုပုံများကို အင်တာနက်သုံးသူ အချို့ကယူကာ အဓိပ္ပာယ်တစ်မျိုး သက်ရောက်အောင် တင်လိုက်ကြခြင်းသာ ဖြစ်ကြောင်း နောက်ပိုင်းတွင် ပေါ်ပေါက်လာသည်။
ပိုင်ဆိုင်သမျှ လွှနဲ့နှစ်ခြမ်းခွဲသည့် လင်မယား
ဂျာမနီက ခင်ပွန်းသည်သည် မိန်းမနဲ့ ကွာရှင်းပြတ်စဲပြီးနောက် ပိုင်ဆိုင်သမျှကို တစ်ဝက်စီခွဲ၊ တစ်ခုတည်း ရှိတာကို လွှနဲ့ထက်ခြမ်း တိုက်ခွဲပြီး eBay ပေါ် တင်ရောင်းခဲ့သည့် သတင်းသည် ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ နိုင်ငံတကာ မီဒီယာများကို အရူးလုပ်ခဲ့သည်။ eBay မှာ တင်ရောင်းတာလည်း အမှန်ဖြစ်သည်။ သို့သော် နောက်ခံဇာတ်လမ်းက လုပ်ဇာတ်ဖြစ်နေသည်။
ပိုင်ဆိုင်သမျှကို လွှနဲ့ထက်ပိုင်းခြမ်းနေပုံ ဗီဒီယိုကို ကြည့်ရှုသူ လေးသန်းခွဲလောက်ထိ ရှိခဲ့သည်။ နိုင်ငံတကာ မီဒီယာများတွင်လည်း အကျယ်တ၀င့် ပါလာပြီးနောက် ဂျာမနီရှေ့နေများ အသင်းက ထိုအစီအစဉ်ကို သူတို့ဖန်တီးခဲ့ကြခြင်းသာ ဖြစ်ကြောင်း၊ လင်မယား ကွာရှင်းပြတ်စဲ ၀န်ဆောင်မှု လုပ်ငန်းများ အတွက် ကြော်ငြာ သဘောသုံးရန် ရည်ရွယ်ထားခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ရသည်။
Ref: How the internet lied to you in 2015 By Diana Rusk (BBC)
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=50664
No comments:
Post a Comment