
၁၉၄၀ ခုနှစ်က အမေရိကန် နိုင်ငံမှာ လေပြင်း တိုက်တဲ့ အတွက် ကြိုးဆိုင်း တံတားတစင်း ပျက်ကျ ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး လေထဲမှာ ယိမ်းနွဲ့ပြီး အမြင်ဆန်း သလောက် အသံ ဆူညံမူ မရှိတဲ့ လေအားသုံး လျှပ်စစ်ထုတ် စက်ကို စပိန်နိုင်ငံမှာ တီထွင် လိုက်ပါတယ်။
လေဒလက်မပါတဲ့ ဒီတာဘိုင်ဟာ လုံးချွန် သဏ္ဌာန်ရှိပြီး လေထဲမှာယိမ်းနွဲ့ရင်းနဲ့ လျှပ်စစ်ထုတ်ပေးနိုင်ပါတယ်။
အော်ပရာအဆိုတော်တယောက် အမြင့်ဆုံးအသံထိတင်ဆိုချိန်မှာ ဖန်ခွက်ကွဲသွားတဲ့ အဖြစ်မျိုးနဲ့တူတယ်လို့ တီထွင်သူက ပြောပါတယ်။ ဒေးဗစ်ယန်နဲ့ဇ် ဟာ စပိန်က ကုမ္ပဏီသစ်ဖြစ်တဲ့ Vortex Bladeless ကို တွဲဖက်တည်ထောင်သူ ဖြစ်ပါတယ်။
“ခုနှစ်သံချီ ဟစ်နိုင်တဲ့ အဆိုရှင်တယောက်က ဖန်ခွက်နားကပ်ပြီးသီချင်းဆိုမယ်။ ဖန်ခွက်မှာ တုန်ခါနေတဲ့အသံနဲ့အပြိုင် ဆိုတဲ့အခါ ဒီအသံက ဖန်ခွက်ကို ခွဲပစ်နိုင်တာကို ကျနော်အားလုံး မြင်ဖူး ကြပြီးသားပါ။ ဒီလိုဟိန်းသံမျိုးဟာ စွမ်းအင်ထုတ်ဖို့ အကောင်းဆုံးနည်းပဲ။ အသံလှိုင်းကို သုံးမယ့်အစား ကျနော်တို့က လေ၀ဲကတော့ကို သုံးတာပါ။ ဒီတိုင်ကို လေတိုက်လိုက်တဲ့အခါ ဖြစ်လာတဲ့ လေ၀ဲပါ” လို့ ဒေးဗစ်ယန်နဲ့ဇ်က ပြောပါတယ်။
ဒီလေအားလျှပ်စစ်ထုတ်စက်ကို ၆ မီတာမြင့်ပြီး ဖိုင်ဘာမှန်တွေ၊ ကာဗွန်ဖိုင်ဘာတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီတိုင်က လေ၀ဲကတော့တွေကိုသုံးပြီး စွမ်းအင်အဖြစ်ပြောင်းနိုင်တဲ့ လှုပ်ရှားမှုပုံစံ အမျိုးမျိုး ဖြစ်လာပါတယ်။ ထုလုံးချွန်သဏ္ဌာန်လေဒလက်ရဲ့အောက်ခြေက သံလိုက်တွေဟာ လေတိုက်နှုန်းအလိုက် ဒလက်ရဲ့လှုပ်ရှားမှုကို ချိန်ညှိပေးပါတယ်။
“ဒါကတော့ တိုင်ပေါ့။ သူ့မှာပါတဲ့ ထိပ်ပိုင်းတစ်ခုက ဒလက်အဖြစ်အလုပ်လုပ်ပေးတယ်။ သာမန် ဂျင်နရေတာတစ်လုံးမှာပါတဲ့ ပစ္စည်းမျိုးတွေနဲ့ပဲ တည်ဆောက်ထားတယ်။ သူက တုန်ခါမယ်။ ပြီးရင် အဲဒီတုန်ခါမှုကို သမားရိုးကျပြန်လှန်လျှပ်ထုတ်စက်ဆီကိုပို့လွှတ်တယ်။ သူကိုယ်တိုင်တုန်ခါမှုကနေမှ လေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးတာပါ” လို့ ဒေးဗစ်ယန်နဲ့ဇ် ဆိုပါတယ်။
Vortex ကုမ္ပဏီကတော့ ဒီတာဘိုင်ဟာ ဒလက် ၃ ခုပါ သမားရိုးကျ လေအားလျှပ်စစ်ထုတ်စက်တွေရဲ့ ကုန်ကျစရိတ်ထက် ၄၀ ရာနှုန်းလောက်ပဲ ကုန်ကျမှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသလို ပြုပြင် ထိန်းသိမ်းမှုစရိတ်လည်းကျဉ်းတယ်လို့ ဆိုပါတယ်။ သူ့နားက ဖြတ်ပျံတဲ့ငှက်တွေအတွက်လည်း အန္တရာယ် ပိုကင်းမှာဖြစ်ပါတယ်။ လက်ရှိရလဒ်တွေက အားရစရာမို့ Vortex က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိမ်တွင်းသုံးနိုင်မယ့် ရှေ့ပြေးပုံစံငယ်တခုကို စမ်းသပ်နေပါပြီ။
“အခုကျနော်တို့လုပ်နေတာက ၃ မီတာအမြင့်ထက်နိမ့်ပြီး အိမ်အမိုးတွေပေါ်မှာ တပ်ဆင်နိုင်သလို စွမ်းအင်နည်းနည်းပဲထုတ်ပေးနိုင်တဲ့ နမူနာပုံစံတစ်ခုကို တိုးတက်တီထွင်နေတာပါ” လို့ ဒေးဗစ်ယန်နဲ့ဇ်က ပြောပါတယ်။
Vortex ကုမ္ပဏီထုတ် တာဘိုင်အသစ်ဟာ စပိန်နိုင်ငံရဲ့ ငွေကြေးအကျပ်အတည်းပြီးတဲ့နောက် ပြည့်မြဲ စွမ်းအင်အသုံးချမှုကို မြှင့်တင်နိုင်တဲ့ ကိရိယာဖြစ်လာခဲ့ပါတယ်။ ရင်းနှီးမတည်ငွေပြည့်စုံပြီမို့ လေကနေ စွမ်းအင်ကို အလွယ်တကူ ထုတ်နိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။






DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/101130
No comments:
Post a Comment