“ ပျောက်စေ ဟူသောတန်ခိုးကိုယုံပါသလား”
မည်သူမယုံယုံ ဒေါက်တာဟင်နရီကတော့ အသဲစွဲယုံသည်။ ဒေါက်တာဟင်နရီသည် ပစ်စဘတ်မြို့တွင် ၁၉၆၃ ခုနှစ်၌ သူသေသည်အထိ ဆေးခန်းဖွင့်ပြီး ကုသွားသော ဆရာဝန်ဖြစ်သည်။ သူ့တွင် စွဲကပ်နေသော နာတာရှည်ရောဂါဖြစ်သော ထိပ်ကပ်နာ၊ ညာဖက်နားပင်းနေခြင်းနှင့် အရိုးဆက်လွဲရောဂါ သုံးခုကို ပျောက်စေဆရာမကြီး ကက်သရင်းက ကုသပေးသဖြင့် လုံးဝ ပျောက်ကင်းကြောင်းကို လူတွေ့တိုင်း ပြောဆိုခဲ့သည်။
ဒေါက်တာဟင်နရီကို ကုသပေးခဲ့သည်မှာ ၁၉၅၀ ခုနှစ်ကဖြစ်သည်။ ဒေါက်တာဟင်နရီက “ကျုပ်က ဒါတွေကို မယုံပါဘူး၊ မိန်းမက နားပူနားဆာ လုပ်တာနဲ့ ဆရာမကြီးကက်သရင်းဆီ ရောက်သွားတပဲ၊ ကျုပ်က ဆရာဝန်ဆိုတော့ နားလည်တာပေါ့။ ကုလို့ပျောက်လောက်မယ်ဆိုရင် ဆေးသိပ္ပံနဲ့ကုတာ ကြာလှပြီ၊ ဒါပေမဲ့ဗျို့ - ဆရာမကြီး ကက်သရင်းက ကျုပ်ကိုအထိုင်ခိုင်းပြီး ၊ သူကဘုရား တန်ခိုးတော်နဲ့ ပျောက်စေ- ပျောက်စေ လို့လဲ ကုလိုက်ရော ကျွန်တော့်ရဲ့ပင်းနေတဲ့ နားထဲမယ် ပူရှိန်းရှိန်း ဖြစ်လာတာပါဘဲ။ ဒါတောင် ကျုပ်ကဘာမှ ယုံသေးတာ မဟုတ်ပါဘူး။ အိမ်ပြန်ရောက်လို့ သတိရလိုက်တဲ့ အခါကျမှ ပင်းနေတဲ့နားက ပြန်ကောင်း၊ ထိပ်ကပ်နာကလဲ ပျောက်သွားပြီး ၊ လည်ပင်းညှပ်ရိုးက ဖုကြီးဟာလဲ ပျောက်ခြင်းမလှ ပျောက်ကွယ် သွားတာတွေ့ရတယ်” ဟု ပြောပြသည်။
“ကျုပ်ကတော့ ကိုယ်တွေ့မို့ တန်ခိုးဆိုတာ ယုံသဗျာ” ဟုလည်း ထပ်လောင်း အတည်ပြုသည်။
ကာလီဖိုးနီးယားမှ ဆရာဝန်တစ်ဦးက ဒေါက်တာဟင်နရီ၏ အရိုးဖုကြီး ပျောက်သွားသည်ကို မယုံ၊ အရိုးဆက်လွဲ၍ အရိုးဖုသွားသည်ဆိုသည်မှာ ဆရာဝန်၏ ဆုံးဖြတ်ချက် အမှားဖြစ်သည်။ ဆက်သော နေရာမှ အရိုးရောင် ခြင်းသာဖြစ်ရမည်ဆိုသည်။ ထိုအခါ ဒေါက်တာရော့စ်က ဟင်နရီ၏ အရိုးကို ရိုက်ကူးထားသော ဓာတ်မှန်ပုံကိုပြသည်။ ဓာတ်မှန်ထဲတွင် အရိုး နှစ်ခုသည် ပြေပြစ်ညီညာစွာ ဆက်နေသောပုံဖြစ်သည်။ ထိုအခါကျမှ မယုံနိုင်သူ ဆရာဝန်၏ စောဒကငြိမ်သွားလေသည်။
ပင်ဆီလ်ဗေနီးယားမှ မစ္စတာ ဂျော့ခန်သည် ၁၉၂၇ ခု တွင်သံရည်ကြိုစက်တွင် အလုပ်လုပ်ရင်း သံပူရည် မျက်စိထဲသို့ ဝင်သွားလေရာ မျက်စိတစ်ဖက် ကွယ်သွားလေသည်။ မျက်စိကွယ်ကြောင်း ဆေးလက်မှတ် တင်ပြပြီး အလုပ်ရုံမှ လျော်ကြေးရခဲ့သည်။ ၁၉၈၄ ခုနှစ် မေလတွင် ပစ်စဘတ်မြို့၌ ဆရာမကြီး ကက်သရင်းက ဂျော့ခန်အား ပျောက်စေနည်းဖြင့်ကုသည်။ ဂျော့ခန်၏မျက်စိထဲတွင် လျှပ်စစ်များ ဝင်လာလိုက်သကဲ့သို့ဖြစ်ပြီး မျက်ရည်များ ကျလာသည်။ သူ့မျက်ရည်တွေကြားထဲမှ ကွယ်နေသော မျက်လုံးသည် ရှေ့ရှိအရာဝတ္ထုများ၊ လူများအားလုံးကို တဖြေးဖြေးခြင်း ပြန်မြင်လာသည်ကို ဂျော့ခန်သည် တအံ့တသြတွေ့ရသည်။
ဂျော့ခန်သည် သူ့အား လွန်ခဲ့သော အနှစ် (၂၀) ကမျက်စိကွယ်သွားပြီဟု ဆုံးဖြတ်ချက်ချခဲ့သော ဆရာဝန်ထံပြန်သွားပြီး ပြသရာ ဆရာဝန်က တစ်ခါက ကန်းခဲ့သော မျက်လုံးကို အသေအချာ စမ်းသပ်ကြည့်သည်။ ပြီးတော့မှ ဆရာဝန်သည် လန့်ဖြန့်သွားသကဲ့သို့ဖြစ်ပြီး “ ဒါကတော့ တစ်ခုခုဘဲဗျ ဆန်းတယ်” ဟု မှတ်ချက်ချသည်။
ဤသို့ရောဂါများကို ဘုရားကု၊ မနောကုနည်းဖြင့် ကုသလိုက်ရာ ပစ်စဘတ်မြို့တွင် ၁၉၄၈ ခု ဂျူလိုင်လမှစ၍ ကက်သရင်း၏ သတင်းသည် တောမီးလောင်သည့်ပမာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ “ဆရာမကြီး ကက်သရင်းဆီ ပို့ပေးပါ” ဆိုလျှင် ပစ်စဘတ်မြို့တက္ကစီသမားတိုင်းက နောက်တစ်ခွန်း ထပ်မမေးတော့ဘဲ ဝေါကနဲ လိုက်ပို့ပေးနိုင်အောင် ကျော်ကြားထင်ရှားသည်။ သောကြာနေ့တွင် ရောဂါကုပေးရာ လူနာ (၂၀၀၀) ခန့် စောင့်နေတတ်သည်။ တနင်္ဂနွေ ဘုရားဝတ်ပြုနေ့ဆိုလျှင် လူ (၅၀၀၀) ခန့်ရှိသည်။ ထို့နောက် လော့စ်အိန်းဂျလီစ် သို့ သွားပြီးကုရာ လူတွေကြိတ်ကြိတ်တိုး နေသည်။ ဆန်ဖရန်စစ္စကို သွားလျှင်လည်း ပရိတ်သတ်က အသင့်စောင့်နေကြသည်ပင်။
ကလီဗီလင်းစိန့်လု ဆေးရုံကြီး ခွဲစိတ်ကုဌာနမှုး ဒေါက်တာစီဆီဆိုလျှင် ကက်သရင်း၏ အံ့ဖွယ် ပျောက်စေတန်ခိုးကို ချီးမွမ်း၍ မကုန်နိုင်ဖြစ်သည်။ ခြေခွင်နေသော ကလေးကို တစ်ခဏချင်း ခြေဖြောင့်သွားစေရာ အကြိတ်လုံးကြီးကို မျက်စိရှေ့တွင် ပျောက်သွားအောင် ကုသပြသည်ကို သူကိုယ်တိုင်ကြည့်ခဲ့ရကြောင်း ထပ်တလဲလဲပြောနေသည်။
ပင်ဆီလ်ဗေးနီးယားမှ ဓာတ်မှန်ဆရာဝန် တစ်ဦးကလည်း အစပထမတွင် ကက်သရင်းကို မယုံကြည်ခဲ့သော်လည်း နောင်အခါတွင် ဆေးကုဝတ်ပြုရာ ဓာတ်ခန်းသို့သွားပြီး ကူညီ ဆုတောင်းဝတ်ပြု နေလေသည်။ “ ကြောရိုးကြီးတစ်ခုလုံး တောင့်တင်း ကိုက်ခဲနေတဲ့ လူနာတစ်ယောက်ဟာ ကျွန်တော်ရှေ့မှာပဲ ပျောက်ကင်းသွားတယ်။ အဲဒီကြောရိုးဟာ ကင်ဆာဖြစ်နေလို့ ကုမရတော့ဘူးလို့ ဆရာဝန်တွေက လက်လျှော့ထားတာ” လို့ သူကပြောတယ်။
“ပျောက်တာတော့ ဟုတ်ပါရဲ့ ဒါက ဟစ်စတီးရီးယားကြောင့် ဖြစ်တာမို့ ယုံကြည်ချက်ရှိလိုက်တာနဲ့ ဟစ်စတီးရီး ယား ပျောက်သွားတာ မဖြစ်နိုင်ဘူးလား” ဟု မယုံကြည်နိုင်သူတစ်ဦးက စောဒကတက်သည်။
“ ဟင်အင်း - မဖြစ်နိုင်ဘူးဗျ ၊ နဖူးနဲ့ ခြေဖျားထိလုမတတ် ခါးကြီး၊ အမြဲကုန်းနေတဲ့ လူနာတစ်ယောက်ဟာ ဆေးပညာသဘောအရ ကြာရင်ပြန်မမတ်နိုင်ဘူး ။ အကြောတွေ ဆိုင်းပြီး ကုန်းဘဲနေရမယ်” ဆရာဝန်က ပြန်ဖြေတယ်။
မစ္စက်ဗစ်ချာသည် သူမ၏ ၁၀လသမီးကလေး ဘီလီကို ပစ်စဘတ်ဆေးရုံကြီး အာရုံကြောဌာနသို့ သွားရောက်ပြသရာ ဦးနှောက်ထဲရေဝင်သော ရောဂါရှိသည်ဟုဆိုသည်။ ဆွံ့အနားမကြား ကျောင်းသို့ သွားပို့ထားပါဟု အကြံပေးသည်။ သို့သော် ကက်သရင်းထံသို့ ခေါ်လာပြီး မနောကု၊ မေတ္တာကုဖြင့် ကုလိုက်ရာ တဖြေးဖြေး သက်သာလာသည်။ နောက်တစ်ပတ်အတွင်းတွင် ကလေး၏ရောဂါမှာ လုံးဝပျောက်ကင်းသွားပြီး အခြားကလေးများကဲ့သို့ လှုပ်ရှားစကားပြော ဆိုနိုင်လာသည်။
တစ်ခါတစ်ရံတွင် ဆုတောင်းမေတ္တာပို့ရင်း ဝေဒနာရှင်များကို ကိုယ်ချင်းစာစိတ်ဖြင့် ဂရုဏာသက်လာရာ မျက်ရည်များပင် ကျလာလေသည်။ အချို့လူနာများကို ရှေ့တွင်ရပ်၍ ဆုတောင်းပေးသည်။ အချို့လူနာများအား ခေါင်းကို လက်နှင့်သပ်၍ ဆုတောင်းပေးသည်။ ဘုရားကိုတိုင်တည်လိုက်၊ လူနာကို မေတ္တာပို့လိုက်ဖြင့် အလွန်စိတ်အား ထက်သန်လာပြီးလျှင် ဘာကိုမှမမြင် ၊ မကြားတော့ဘဲ မေတ္တာဈာန်စိတ်သာ ထားလေသည်။
ကမ္ဘာပေါ်တွင် ယခုအခါ ယုံကြည်မှုဖြင့် ကုခြင်း၊ မနောကုခြင်း၊ ဘုရား၏မေတ္တာဖြင့်ကုခြင်း၊ မေတ္တာပို့ကုခြင်းမှာ တစ်နေရာသာ မဟုတ်။ နေရာအနှံ့အပြားတွင်ရှိသည်။ အထူးသဖြင့် အမေရိကန်တွင် ထွန်းကားသည်။ မကြာသေးမီကလည်း နယူးယောက်ရှိ ဗုဒ္ဓဘာသာရဟန်း မစ္စတာခန်းသည် ဗုဒ္ဓ၏ မဟာဂရုဏာတော်ဖြင့် လူများစွာတို့၏ ရောဂါဝေဒနာကို ကုသခဲ့သည်။ လူများမှာ တစ်နေ့တစ်ခြား များပြားလာသဖြင့် ကုသနိုင်သော လက်ထောက်ဆရာဝန် များပင် မလုံမလောက်ဖြစ်နေသည်။ စေတနာရှင်တစ်ဦး၏ အလှူငွေဖြင့် ဖေါင်ဒေးရှင်း တစ်ခု တည်ထောင်ပြီးလျှင် အကြီးအကျယ် မေတ္တာပို့၍ ကုပေးနေလေသည်။
၁၉ ရာစု နှစ်ကလည်း ဒေါက်တာ မက်စမာကြီးသည် လူများ၏ ဝေဒနာမျိုးစုံကို လက်ဖြင့်သပ်ပေးခြင်းဖြင့် ပျောက်စေကုပေးခဲ့သည်။ စိတ်ညှို့ဆရာကြီး မကိစမာက ကုသပေးသူ၏ထံမှ စွဲငင်မှုအားများက လူနာ၏ ရောဂါကို ပျောက်ကင်းစေသည်။ ဆရာ၏ မမြင်ရသောအားသည် လူနာထံရောက်သွားပြီး ရောဂါပျောက် ကင်းစေသည် ဟုဆိုသည်။ သူ့နောက်တွင် ချာလ်ကော့ ဒေါက်တာ အာစတိုင်းတို့ကလည်း များစွာသော ဝေဒနာရှင်များကို ဆေးဝါးမဖက် ကိရိယာမကူဘဲ လက်ဖြင့်သပ်ရုံ၊ ပျောက်စေဟုဆိုရုံဖြင့် ဝေဒနာအများအပြား ပျောက်ကင်းချမ်းသာကုန်သည်။
သီအိုဆိုဖီအသင်းကို တည်ထောင်သူလည်းဖြစ်၊ သာသနာ့ အလံတော်ကို စတင်ပြုလုပ်ခဲ့သူလည်းဖြစ်သော ကာနယ် အောလ်ကော့သည် သီဟိုဠ်ကျွန်းတစ်ခွင် ပြဲပြဲစင်အောင် ပျောက်စေနည်းဖြင့် ရောဂါစုံကို ကုသပေးခဲ့သည်။ ကာနယ်အောလ်ကော့သည်လည်း မက်စမာကြီးကဲ့သို့ပင် စိတ်ညှို့ပါရဂူ တစ်ဦးဖြစ်သည်။ လူနာများကို နှုတ်မှပျောက်စေဟု ပြော၍လည်းကုသည်။ လက်ဖြင့်သပ်ပေးခြင်းဖြင့် လည်းကုသည်။ နောက်ဆုံးတွင် လူနာတွေ ကြိတ်ကြိတ်တိုးလာပြီး မနိုင်မနင်း ဖြစ်လာသောအခါ ရေစည်တစ်ခုလုံးကို လက်နှင့်သပ်ပြီး ပျောက်စေဟု “မန်း” ၍ ကုသခဲ့ရာ ပျောက်သည်ချည်းဖြစ်သည်။
အချို့ကြေးစား မနောကုဆရာများလည်း ရှိသည်။ “ပရီဒစ်ရှင်” ၊ “ဖိတ်” စသော မဂ္ဂဇင်း ကြော်ငြာကဏ္ဍတွင် မနောကုပညာရှင်များ တန်းစီ၍ ကြော်ငြာထားသည်ကို တွေ့ရသည်။ မြန်မာပြည်ကလည်း ပျောက်စေ ကုနည်းတွင် ကမ္ဘာနှင့် ရင်ဘောင်တန်းလိုက်သည်။ မြန်မာပြည်တွင် အနည်းနှင့်အများ ပျောက်စေဆရာများ ပြတ်သည်ဟုမရှိ။ တစ်နေရာမရှိလျှင် တစ်နေရာတွင် ရှိတတ်သည်။ သို့သော် အသေအချာ လေ့လာစူးစမ်းသူများ မရှိသေး၍ အတိအကျကား မသိရချေ။ တိုက်ဆိုင်၍ ပျောက်ကင်းသူများလည်း ရှိကောင်းရှိမည်။ အိန္ဒိယပြည်တွင်ကား သာ၍ပေါသည်။ ဆာဒူး၊ ဖကီးများ ခြေချင်းလိမ်အောင် ပေါများလှပြီး ယုံလွယ်သူ အိန္ဒိယသားတို့ ဌာနေသည် ပျောက်စေဆရာများ၏ ဘူမိနက်သန်ဖြစ်ပေသည်။
တကယ်တန်းမေတ္တာတရားဖြင့် ကျင့်ကြံအားထုတ်ပြီး စေတနာဖြင့်ကုသသော ပျောက်စေ ဆာဒူး၊ ဖကီးများလည်း ပေါများပါသည်။ မိမိအလှူခံသည်ကို မလှူသဖြင့် ကျိန်စာတိုက်သော ဖကီးများ ၊ မြေကြီးထဲ တွင်းအောင်းပြီး ၁ လခန့်နေပြီးမှ လောင်းကြေးအဖြစ်ရသော မြင်းကိုစီးပြီး စီးပွားရှာသော ဆာဒူးများလည်း ရှိကြောင်း ကြားရသည်။ သို့သော်လည်း ဒေါက်တာပေါလ်ဘရင်တန်၊ မုနိဆာဒူး ၊ သီအိုဘာနတ်စသော သုတေသီများကပင် လေးစားရသော မေတ္တာရှင် ပျောက်စေဆရာများသည် အန္ဒိယပြည် ၊ အီဂျစ်ပြည်တို့တွင် မရှားလှပါချေ။ မည်သို့ဖြစ်စေ စိတ်ညှို့ခြင်းဖြင့်လည်းကောင်း ၊ ဘုရားထံ ဆုတောင်းခြင်းဖြင့်လည်းကောင်း ၊ မေတ္တာပို့ခြင်းဖြင့်လည်းကောင်း ရောဂါဝေဒနာကို သက်သာပျောက်ကင်း စေသည်မှာကား မငြင်းနိုင်ချေ။
အာဖရိကတိုက်လူရိုင်းများတွင်လည်း နတ်ဆရာ ၊ စုန်းဆရာတို့ကပင် ပျောက်စေနည်းဖြင့် ရောဂါဝေဒနာတို့ကို ကုသကြသည်။ တကယ့်ကိုယ်တွေ့ အဖြစ်အပျက်များပေါ်တွင် မူတည်၍ ဇာတ်အိမ်ဖွဲ့ရေးလေ့ရှိသော ရိုက်ဒါဟတ်ဂတ်၏ အာဖရိက စွန့်စားခန်းဝတ္ထုများတွင် ဤနတ်ဆရာ၊ စုန်းဆရာ များကို တွေ့ရသည်။ အာရှတိုက်တွင်းရှိ မဖွံ့ဖြိုးသေးသော ဒေသများတွင်လည်း ပျောက်စေ ဆရာများရှိကြောင်း ကြားရသည်။ သြစတြေးလျတိုက်တွင် လူရိုင်းလူမျိုးစုများ ရှိသေးသည်။ ၎င်းတို့သည် ယဉ်ကျေးသော လောကကြီးနှင့် အဆက်ပြတ်ပြီး ကျန်ရစ်ခဲ့သော ကျောက်ခေတ် ကြေးခေတ်လူသားများ ဖြစ်သည်။
အမေရိကန် တက္ကသိုလ်တစ်ခုမှ မနုဿဗေဒ ပညာရှင်များက ယင်းလူရိုင်းအုပ်စုကို သွားရောက် လေ့လာသောအခါ စိတ်တန်ခိုးကို အသုံးပြုခြင်းနှင့် ပျောက်စေရောဂါကိုပါ အသုံးပြုလျက်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ကမ္ဘာက စုန်းဟူသော ဝေါဟာရနှင့် ကုသခြင်းကိုတွဲ၍ နားလည်ထားကြသည်။
ရှေးဟောင်းအစွဲအလန်းတို့ကို မယုံကြည်ဟုဆိုသော ဆိုဗီယက်မှာပင် ပျောက်စေဆရာများ စုန်းများရှိသည်ဟု ကြားရသည်။ ဆိုဗီဝက်မှ နာမည်ကျော် ပျောက်စေဆရာများ၏ အမည်မှာ ရဲဘော်ကင်ချပ်ဇီနှင့် ဗိုလ်မှူးကြီး အလတ်ဇီကရီဗိုရိုတော့ဖ် တို့ဖြစ်သည်။ ဆိုက်ဗေးရီးယား နယ်တစ်ခွင်တွင်ကား ပျောက်စေဆရာများ ပေါများပါသည်။ ရဲဘော်ကင်ချပ်ဇီ နှင့် ဗိုလ်မှူးကြီး အလက်ဇီက ရီဗိုရိုတော့ဖ်မှာ ဂျော်ဂျီယာကိုယ်ပိုင် သမ္မတနိုင်ငံ၏ မြို့တော် ဘီလစ်တွင်နေသည်။
ဒေါက်တာ (ဗိုလ်မှူးကြီး) ကရိုဗိုရိုတော့ဖ်သည် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် သားဖြစ်သူ ဆရာဝန်နှင့် တွဲဖက်၍ စိတ်တန်ခိုးဖြင့် မနောကု (ဝါ) ပျောက်စေဆရာအဖြစ် လူနာများကို ကုသပေးလျက်ရှိသည်။ ခါးနာ၊ ခါးကိုက်၊ အဆစ်အမြစ် ကိုက်ခဲသောရောဂါ ၊ ကူးစက်တတ်သော ရောဂါနှင့် အာရုံကြောနှင့် ဆိုင်သော ရောဂါများကို အထူးသဖြင့် အောင်မြင်စွာ ကုသပေးနိုင်သည်။
လူနာတစ်ဦးဦးကို သားဆရာဝန်က စစ်ဆေးစမ်းသပ်ပြီး ဘာရောဂါဖြစ်သည်ကို ဆုံးဖြတ်သည်။ ရောဂါတွေ့လျှင် ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်စေကာ ကရိုဗိုရိုတော့ဖ်က နောက်မှရပ်လျက် လူနာခေါင်းပေါ်မှနေ၍ အောက်ကိုလက်ဖြင့် သပ်ချပေးခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး၏လက်သည် လူနာကို မထိငြားသော်လည်း သူ့လက်ထဲမှ အပူငွေ့ဓာတ်များ ထွက်လာသည်ကို ခံစားရသည်ဟု လူနာများက ဆိုသည်။ ကိုယ်အတွင်း၌ရှိသော ဝေဒနာကိုကုသလျှင် အထဲက ခန္ဓာကိုယ် အစိတ်အပိုင်းတို့သည် လှိမ့်လှိမ့်တက်လာသည်။ တစ်ခါတစ်ရံတွင် ဗိုလ်မှူးကြီး လက်မှထွက်လာသော အပူဓာတ်သည် မီးနှင့်ကင်လိုက်သလို ခံစားရသည် ဟု လူနာများက ပြောပြသည်။
သိပ္ပံပညာရှင် ဗိုလ်မှူးကြီးကို စက်ကိရိယာ အမျိုးမျိုးနှင့် စမ်းသပ်စစ်ဆေးကြရာ ကီးအာလီယံ ဓာတ်ပုံ ရိုက်နည်းဖြင့်လည်း စမ်းသပ်ကြသည်။ လူ၏ကိုယ်ရောင် (ဝါ) မမြင်ရသော ခန္ဓာကိုယ်ခွဲကို ဓာတ်ပုံရိုက်နည်းဖြင့် စမ်းသပ်သောအခါ ဗိုလ်မှူးကြီး၏လက်မှ ထူးထူးခြားခြား ရုပ်နုခန္ဓာ (အားစွမ်းများ) ထွက်နေသည်ကို တွေ့ရသည်။ မီးပွင့်မီးလျှံများ ထွက်နေသည်ကို တွေ့ရသည်။ ဆက်လက်၍ စမ်းသပ်ကြရာ လူ၏စိတ်ကိုလိုက်၍ ရုပ်ခန္ဓာက ပြောင်းလဲလာသည်ကို တွေ့ရသည်။ တစ်စုံတစ်ခုခံစားမှုကို ပြင်းပြစွာ ခံစားရလျှင် ကမ္မဇိဒ္ဓိခန္ဓာခေါ် ရုပ်နုတွင် အရောင်အဆင်းနှင့် အလင်းရောင်အနည်းအများ ပြောင်းလဲသွားသည်ကို တွေ့ရသည်။
မွန်ထရီရဲလ်ရှိ မတ်ဂီတက္ကသိုလ်မှ ဒေါက်တာဘာနတ်က ပျောက်စေတစ်ယောက်၏ လက်ကို ရေစိမ်ပြီ ယင်းရေဖြင့် ဘာလီစေ့များကို သွန်းလောင်း စိုက်ပျိုးကြည့်ရာ အခြားအစေ့ရိုးရိုးထက် အပေါက်မြန်ပြီး အကြီး သန်သည်ကို တွေ့ရသည်။ တစ်ဖန် စိတ်ရောဂါရပြီး ညှိုးမှိုင်တွေနေသောလူနာ၏ လက်ဆေးရေကိုလောင်း၍ စိုက်ပျိုးကြည့်ရာ အပင်ပေါက်နှေးပြီး ကြုံလှီသေးကွေးသည်ကို တွေ့ရသည်။ ဆိုဗီယက် သိပ္ပံပညာရှင်များက အမျိုးမျိုး စမ်းသပ် လေ့လာပြီးနောက် ပျောက်စေ (ခေါ်) စိတ်တန်ခိုးဖြင့် ကုသခြင်းနှင့် ပတ်သက်၍ စိတ်ချလက်ခံ နိုင်ဖွယ် အချက်အလက်များကို တွေ့ရှိကြရသည်။
ကီအာလီယံ၏ ဓာတ်ပုံအရ စိတ်တန်ခိုးဖြင့်ကုသရာတွင် ကုသပေးသောဆရာထံသို့ တောက်ပြောင်သော အားအစွမ်းများ ထွက်ခွာသွားသည်။ ယင်းအားစွမ်းများမှာ ဘိုင်အိုပလပ်စမာခေါ် ကမ္မဇိဒ္ဓိရုပ်နုမှုန်များပေါ်သို့ ကျရောက်သောအခါ အားကောင်းသော ရုပ်နုမှုန်က အားနည်းသော ရုပ်နုမှုန်၏ ဖောက်ပြန်မှုဖြစ်သော ရောဂါဝေဒနာကို ကုသခြင်းသာဖြစ်သည်။ တရုတ် အပ်စိုက်ကုသနည်းသည်လည်း ပျောက်စေ (ဝါ) စိတ်ကု ၊ မနောကုနည်းကဲ့သို့ပင် လူ၏ခန္ဓာကိုယ်ခွဲ ရုပ်နုဖြစ်သော ကမ္မဇိဒ္ဓိရုပ်ကို အခြေပြု၍ ကုခြင်းဖြစ်သည်။
ကီအာလီယံဓာတ်ပုံဖြင့် လူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်ကြည့်သောအခါ လူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်လာသော အလင်းရောင်များအနက် အချို့သောနေရာများမှ ထွက်လာသော အလင်းရောင်သည် ပိုမို တောက်ပ အားကောင်းသည်ကို တွေ့ရသည်။ တရုတ်အပ်စိုက်က လူခန္ဓာကိုယ်တွင် အပ်စိုက်ရန်အတွက် ကမ္မအသက် စွမ်းအားကို ထိရောက်နိုင် အချက်အချာ နေရာများနှင့် ကီအာလီယံ၏ ဓာတ်ပုံမှ ထွက်လာသော နေရာချင်း အတူတူပင်ဖြစ်သည်ကို တွေ့ရသည်။
အကျင့်ပါနေသော လူ၏စိတ်သည်သူ၏ သက်စောင့်ဓာတ်ကမ္မဇီဝိတ ရုပ်ကိုထိခိုက် ပြောင်းလဲစေသည်ဟု တရုတ်ဆေးကျမ်းများတွင် ဆိုထားသည်။ ထို့အပြင် အိန္ဒိယ ယောဂကျမ်းများတွင် ဖော်ပြထားသော ကုန္တလီနီ ထွက်ပေါ်ရာ “စက္ကရ” ပေါက်များနှင့် အပ်စိုက်နေရာများ တစ်ထပ်တည်း ကျနေသည်ကိုလည်း တွေ့ရပြန်သည်။ ဆိုဗီယက်တို့သည် တရုတ် ၊ အိန္ဒိယ ၊ ရှေးပညာရပ်များနှင့် ကီအာလီယံ၏နည်းကို ပူးပေါင်း၍ အကြီးအကျယ် သုတေသန ပြုလျက်ရှိသည်။ ယခုအခါ ဆံချည်မျှင်တစ်မျှင်မျှမလွဲ အပ်စိုက်ရန်နေရာကို ရှာပြနိုင်သော “ တိုဗီစကုတ် ” ခေါ် ကိရိယာကို တီထွင်ထားသည်။ ဤကိရိယာကို အိပ်စ်ပို ၆၇ ပွဲတော်တွင် ဆိုဗီယက်တို့က ထုတ်ပြ ထုတ်ပြထားလေသည်။
ဤသို့ ရုပ်ကြမ်းခန္ဓာ၊ ရုပ်နုခန္ဓာ ၊ကမ္မဇိဒ္ဓိရုပ် ၊အပ်စိုက်ပညာ ၊ စက္ကရ စိတ်တန်ခိုးတို့ကို ပူးပေါင်းလိုက်ပြီးနောက် ရောဂါကို ကုရုံသာမက လူ့လက်မောင်း အိုးပေါ်ရှိ စက္ကရကို အပ်စိုက်ပညာဖြင့် နိုးပေးခြင်းအားဖြင့် စိတ်တန်ခိုးသိဒ္ဓိ အမျိုးမျိုးကို ရစေနိုင်သည်ဟု ဆိုသည်။ သို့သော် မကျွမ်းကျင်သူများ မစမ်းသင့် ။ နည်းလမ်းမမှန်ပါက အသက်ကို ရန်ရှာတတ်ပြီး အနည်းဆုံးကုမရအောင် ရူးသွားနိုင်ပေသည်။
ပျောက်စေရောဂါကု ပါရမီပါလာသူဖြစ်စေ၊ စိတ်ညှို့ဆရာဖြစ်စေ ၊ ဘာသာတရားကို ယုံကြည်ကိုးကွယ်မှု သဒ္ဓါတရား အလွန်ထက်သန်သူဖြစ်စေ၊ (သဘာဝ လျှို့ဝှက်ချက်များဖြစ်သော တုန်လှိုင်းရိုက်ခတ်မှုကို သိလျက်နှင့်ဖြစ်စေ ၊ မသိဘဲနှင့်ဖြစ်စေ အခြေခံထားသော ) အောက်လမ်းဆရာဖြစ်စေ ၊၎င်းတို့အားလုံး၏ တစ်ခုတည်းသော တူညီချက်မှာ စိတ်စွမ်းအား ( ဝါ ) စိတ်တန်ခိုး ကောင်းခြင်းဖြစ်သည်။ စိတ်တန်ခိုးအနေဖြင့် အထက်လမ်းနှင့် အောက်လမ်း ၊ ပယောဂ နှင့် စိတ်ညှို့ဟု ခွဲခြားခြင်းမပြုချေ။
ကမ္မဇီဒ္ဓိရုပ်နုသည် မီးညွန့်မီးတောက်သည် လေယူရာတိမ်းရသကဲ့သို့ စိတ်၏ စေစားရာကို တိမ်းယိမ်းရသည်ဖြစ်ရာ စိတ်စွမ်းအား (ဝါ) စိတ်တန်ခိုး ရှိနေသူတစ်ဦး၏ ကမ္မဇီဒ္ဓိရုပ်နုခန္ဓာသည် သူ့စိတ်စေစား လိုက်သည်နှင့် တပြိုင်နက် စိတ်၏ စေစားရာကိုလိုက်၍ ပြုလုပ်ပေးသည်။ ဆောင်ရွက်ပေးရသည်။ပျောက်စေ မနောကုဆရာတစ်ဦးသည် ခေါင်းကိုက်နေသော လူနာတစ်ဦး၏ ခေါင်းကိုက်ဝေဒနာကို ပျောက်စေရန် ကုသည်ဆိုပါစို့။
သူ၏လက်ဖြင့် လူနာ၏ ခေါင်းပေါ်ကို မထိစေဘဲ သပ်လိုက်သည်ဆိုပါစို့။ မနောကုဆရာ၏ ခေါင်းကိုက်ပျောက်စေလိုသော စိတ်ဆန္ဒ၏ စေခိုင်းမှုကြောင့် ရုပ်နုကမ္မဇိဒ္ဓိ ခန္ဓာသည်သူမသိဘဲ သူ့ကိုယ်ထဲမှ ထွက်ခွာသွားသည်။ သူ့ရူပခန္ဓာမှနေ၍ မီးပွားသဖွယ်ဖြာထွက်သွား၍ လူနာ၏ ဦးခေါင်းသို့ ရောက်သွားမည်။ လူနာ၏ ဦးခေါင်းတွင် ကိုက်ခဲနေသော ဝေဒနာ၏ ဇစ်မြစ်မှာ သူ၏ရုပ်ခန္ဓာတွင်တည်သည်။ ယင်းရုပ်နုခန္ဓာမှတဆင့် ရုပ်ကြမ်းဦးခေါင်းကို ဆက်ပြီး ဝေဒနာ ခံစားရခြင်းဖြစ်သည်။
ထို့ကြောင့်လူနာ၏ ဦးခေါင်းရှိ ဝေဒနာစွဲကပ်နေသော ရုပ်နုခန္ဓာခေါ် ကမ္မဇိဒ္ဓိခန္ဓာပေါ်သို့ ပျောက်စေဆရာ၏ အားကောင်းသော အရှိန်ပြင်းထန်သည့် ကမ္မဇိဒ္ဓိရုပ်နုမှုန် (ရောဂါရှိသော)သည် လွင့်ပျောက်သွားသည်။ ရုပ်နုတွင် ရောဂါပျောက်သွား (သို့မဟုတ်) အင်အားနည်းနေသောလူနာ၏ ခန္ဓာကမ္မဇိဒ္ဓိ ရုပ်နုမှုန်များသည် အင်အားကောင်းဆရာထံမှ ကမ္မဇိဒ္ဓိရုပ်နုမှုန်များ၏ ဖြည့်တင်းပေးမှုကြောင့် အားကောင်းလာမည်။ ရုပ်နုခန္ဓာတွင် ဝေဒနာ ပျောက်ကင်းသွားပါက ရုပ်နုခန္ဓာမှတဆင့် ရုပ်ကြမ်းခန္ဓာကို ရောဂါဝေဒနာ ပျောက်ကင်းစေမည် ဖြစ်လေသည်။
ရောဂါဖြစ်မှကုသခြင်းသည် သမားကောင်းမဟုတ်။ ရောဂါမဖြစ်မီကတည်းက တားနိုင်ရမည်ဟု တရုတ်ဆေးကျမ်းများက ဆိုသည်။ အနောက်နိုင်ငံစကားများတွင်လည်း ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟုဆိုသည်။ ဤစကားမှာ အဓိပ္ပါယ်လေးနက်လှသည်။ တရုတ်၏ မိသားစုတစ်စုသည် မိမိတို့ ကျန်းမာရေးအတွက် သမားတော်တစ်ဦးအား ကြိုတင်၍ အပ်နှံထားရမည်။ သမားတော်က ယင်းမိသားစုကို ကြိုတင်ကာကွယ်၍ ဆေးကုထားရသည်။ ဤအထဲက ရောဂါတစ်ခု ဖြစ်ပေါ်လာလျှင် သမားတော်က သူတာဝန်ရှိ၍ မိသားစုကို ငွေပြန်ရော်ရသည်။ ဆိုလိုသည်မှာ ရုပ်ကြမ်းခန္ဓာတွင် ရောဂါမဖြစ်မီ ရုပ်နုခန္ဓာ ကမ္မဇိဒ္ဓိရုပ်တွင် ရောဂါဖြစ်ပေါ်နေခိုက် ယင်းရုပ်နုခန္ဓာ ကမ္မဇိဒ္ဓိခန္ဓာရှိ ရောဂါကို အပ်စိုက်ဖြင့်၊ ပျောက်အောင် ကုသသဖြင့် ရုပ်ကြမ်းခန္ဓာသို့ ရောဂါမဖြစ် ပေါ်စေရန်ဖြစ်သည်။
လူ၏ရောဂါကင်းမှု ၊ကျန်းမာမှုတို့သည် ကမ္မဇိဒ္ဓိခန္ဓာပေါ်တွင် တည်သည်။ ထို့ကြောင့် ကမ္မဇိဒ္ဓိ ခန္ဓာကိုပင် ရှေးကသက်စောင့်ဓာတ် ပရာဏဓာတ် စသည်ဖြင့် ခေါ်ကြခြင်း ဖြစ်သည်။ ဤကမ္မဇိဒ္ဓိ ရုပ်ခန္ဓာ သေသွားသောအခါ (သို့မဟုတ်) ဤရုပ်ခန္ဓာသည် လူ့ခန္ဓာကိုယ်မှ အပြီးအပိုင် ထွက်ခွာသွားသော အခါတွင် သေသည်ဟု ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့်လူသေခါနီးတွင် အလွန်ကောင်းမွန်၍ တိကျသော ချိန်ခွင်ဖြင့် ချိန်ကြည့်ရာ သေသောအခါ ၃ အောင်စခန့် လျော့သွားကြောင်း သိပ္ပံပညာဖြင့် သိရလေသည်။
လူ၏ခန္ဓာကိုယ်မှ ခွာသွားသော ကမ္မဇိဒ္ဓိခန္ဓာသည် ရုတ်တရက် တစ်ခုတစ်ခြားစီ ပျက်စီးမသွားဘဲ အတန်ကြာရှိနေသေးသည်။ အထိုက်အလျောက် အသိဥာဏ်လည်းရှိသေးသည်။ ဤကမ္မဇိဒ္ဓိ ခန္ဓာကိုပင် မတော်တဆ တွေ့မြင်သွားသူများက တစ္ဆေခြောက်သည်ဟု ယူဆကြခြင်းဖြစ်သည်။ အချို့သော တစ္ဆေသရဲစသော ဝိဥာဏ်များသည် ဤကမ္မဇိဒ္ဓိ ခန္ဓာရုပ်ရှိ ရုပ်နုခန္ဓာဖြင့် လည်းရှိကြသည်။ တစ္ဆေသရဲစသော ပရလောကရှိ နာနာဘာဝ ဝိနာဘာဝတို့သည် လေတွင်ပါသော အောက်ဆီဂျင်ဖြင့် ရုပ်ကြမ်းခန္ဓာကို သွေးသစ်လောင်းရန် အတွက်လည်း လေကိုပင်မှီခို နေရလေသည်။
လေထဲတွင် လျှပ်စစ်ဓာတ် အဖိုနှင့် အမရှိသည့်အနက် အီယွန်သည် အမဓာတ်ဖြစ်သည်။ လျှပ်စစ်အမဓာတ်ရလျှင်ကျန်းမာသည်။ လူ၏ခန္ဓာကိုယ် ကျန်းမာသည်။ လူ၏ ရုပ်နုခန္ဓာကိုယ် ကျန်းမာရေးအတွက် အီယွန်သည် မရှိမဖြစ်သော ပစ္စည်းဖြစ်သည်။ ထို့ကြောင့် ရှေးယောဂကျမ်းများက လေထဲရှိ ပရာဏဓာတ်များကို ရှူရှိုက်ပေးရမည်ဟု ဆိုခြင်းဖြစ်သည်။ အမှန်အားဖြင့် ရုပ်နုခန္ဓာအတွက် လိုအပ်သော လျှပ်စစ်အမဓာတ် အီယွန်ကို ရှူခိုင်းခြင်းဖြစ်သည်။ ဤအချက်ကို သိပ္ပံပညာက နားမလည်မီက ယောဂကျမ်းများကို ယုတ္တိမရှိဟု နှာခေါင်းရှုံ့ကြခြင်းဖြစ်သည်။
လူပေါ်လာပြီးနောက် ကမ္ဘာ့စွဲငင်အားကိုတွေ့သည်။ နောက် မက္ကနစ်အား၊ နောက်လျှပ်စစ်ဓာတ်အား၊ နောက်အနုမြူအား စသည်တို့တွေ့လျှင် လူ့ယဉ်ကျေးမှုအသစ်ထွန်းကားသည်။ ယခုလည်း ဘိုင်အိုပလပ်စမာခေါ် ကမ္မဇိဒ္ဓိရုပ်နုခန္ဓာအားကို တွေ့ရနေပြီဖြစ်ရာ ပျောက်စေ မနောကုသာမက ရှေးက မဖြေရှင်းနိုင်ခဲ့သော အခြားစွမ်းအား တန်ခိုးများကိုလည်း လူသားတစ်ရပ်လုံးက မကြာမီ ပိုင်ပိုင်နိုင်နိုင် ရရှိတော့မည် ဖြစ်ပေသည်။ ဆရာကြီးမောင်ကျောက်တိုင် (စိတ်တန်ခိုးကိုလေ့လာခြင်းစာအုပ်မှ)

Credit : heintinzaw.com
No comments:
Post a Comment