သူ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်မသိပါ.. ကျွန်တော့်ရဲ့ အနီးအနား ဝန်းကျင်မှာတော့ သူဟာ အရိပ်တစ်ခုအနေနဲ့ ရှိနေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေပါတယ်… တစ်ခါတလေ အသံပေး အရိပ်ပြတတ်တဲ့ သူ့ကို ကျွန်တော် ရုတ်တရက် တွေ့လိုက် ကြားလိုက်ရရင် ကြောက်စိတ်ဝင်မိပေမယ့် ဒီထက်ပိုပြီး ထူးခြားမှု မပြတဲ့သူ့ကို တစ်ခါတရံ သတိရနေမိသလိုလို… ဒီလိုအတွေး စိတ်ထဲဝင်လာရင် သူ့အတွက် ဆုတောင်းပေးမိ ပါတယ်…
ဒါပေမယ့် သူဒီနေရာဝန်းကျင်ကနေ စွန့်ခွာသွားမှာကိုတော့ကျွန်တော် တစ်ကယ်မလိုလားပါဘူး.. နှစ်ပေါင်းများစွာ နေခဲ့တဲ့ဒီနေရာလေးကို စွန့်ခွာသွားဖို့ အတွက်သူလဲဝန်လေးမှာပေါ့.. ဒီနေရာကိုသူပိုင်ပါတယ်… သူကကျွန်တော့်ရဲ့ အမည်လဲမသိ လူကောင်မပေါ်တဲ့ ခုလက်ရှိ ကျနော်နေနေတဲ့ အခန်းရဲ့ အိမ်ရှင်လေးလို့ ထင်ပါတယ်…
ဘာကြောင့်လဲ မေးရင် ကျွန်တော် အခုလက်ရှိနေတဲ့ အခန်းလေးက အရင်က လူသူ မနေတဲ့ ဂိုဒေါင် အဟောင်းလေး တစ်ခုပါ.. ဂိုဒေါင်သက်တမ်းကလည်း ကျွန်တော့် အသက်ထက် ထက်ဝက် မက ကြီးတယ်လို့ အိမ်ရှင်အဖွားကြီး ကပြောပါတယ်.. ကျွန်တော်နဲ့ ရေစက်ပါတဲ့ဒီဂိုဒေါင်လေးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျနော် စရောက် ကတည်းက အလုပ်ရှာရင်း လစဉ် ပုံမှန် လာရှင်းဖြစ်ခဲ့တယ်… ဟောင်းအို နေတဲ့ဂိုဒေါင်ဘေးမှာလဲ လေးထပ်တိုက် အမြင့်သာသာ ရှိတဲ့ယူကလစ်ပင် တစ်ပင် ရှိတယ်လေ… မနှစ်က အိမ်ရှင်အဖွားက အပင်ကြီး မြင့်လာလို့ ခုတ်ပေးပါဆိုလာတယ်…
ဒါနဲ့ ကျွန်တော်လဲ အပင်ကို ဂိုဒေါင် အပေါ်ကနေ တက်ပြီး စခုတ်ပါတယ်.. စိတ်ထဲမှာ ထစ်နေလို့ အပင်ကို မတက်ခင် တောင်းပန်ရှိခိုးပြီး ခုတ်ပေမယ့် ကျွန်တော် ခုတ်နေတုန်းမှာ ရုတ်တရက် တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး မထင်မှတ် ပဲ အပင်ပေါ်ကနေ ပြုတ်ကျတယ်… လေးထပ်အမြင့်ဆိုတော့ အောက်မှာ သွေးမထွက် မလှုပ်နိုင်တဲ့ ကျနော့်ကို အားလုံးကသေပြီးလို့ကို ထင်ခဲ့တယ်… ဒါပေမယ့် အမြင့်ပေါ်ကနေ အတားအဆီး မရှိ ကျလာတဲ့ကျနော် သွေးတစ်စက်မှ မထွက်ပဲ ခြေထောက် သာကျိုးသွားတယ်… အကုန်လုံးက အံ့သြကြတယ်…
ကျွန်တော်ကိုယ်တိုင်အံ့သြတယ်.. အပင်ပေါ်ကနေ တစ်ယောက်ယောက်က တွန်းချသလိုခံစားရတယ်.. အောက်ရောက်တော့လဲ အင်းဂတေကိုင်ထားတဲ့ ကြမ်းပြင် နေရာက ကျွန်တော့်အတွက် တစ်ယောက်ယောက်က တစ်ခုခုခံပေးထားသလို ခံစားရတာကိုပါ… မှောက်လဲ ကျတာ ခြေကားလက်ကားနဲ့ ကျပြီးတော့ ညာဘက်ခြေထောက်က ကျိုးသွားခဲ့တယ်.. တစ်ခုသိလိုက်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဒီအပင်ကို ခုတ်တာ မကြိုက်ဖူး ဆိုတာကို သိလိုက်ရတယ်… ဒါကြောင့် သုံးလလောက် နားပြီး ခြေထောက် ပြန်ကောင်းလာတော့လဲ ဒီအပင်ကို ထပ်ခုတ်ဖို့ စိတ်မကူးတော့ပဲ လာရှင်းပေးနေကြ အလုပ်ကိုတောင် နားလိုက်မိတယ်…
ရေစက်ကမကုန်ဘူးထင်ပါတယ်… ကျွန်တော်လည်း နောက်ပိုင်းကျတော့ တစ်ယောက်တည်း နေချင်စိတ်ကပေါ်တယ်… (အရင်ကတော့ စုပြီးနေတာ ပြဿနာ အမျိုးမျိုးကြောင့်ပါ)… ဒါကြောင့် တစ်ယောက်တည်း နေလို့ရနိုင်မယ့် တိုက်ခန်းကျဉ်းကျဉ်းလေး ကိုလိုက်ရှာတယ်လေ.. ဈေးသက်သက်သာသာနဲ့ တစ်ယောက်တည်း တစ်ခန်းနေရမယ့် နေရာမျိုး.. ဒီလို နိုင်ငံမှာ တစ်ယောက်တည်း နေဖို့က မဖြစ်နိုင်ပေမယ့် ရလိုရညားတော့ အားလုံးကိုမေးထား ပြောထားတယ်… တစ်နေ့တော့ အဖွားက စကားမစပ်ပဲ ဖုန်းဆက်ပြီး ခုဘာတွေလုပ်နေလဲ သူဆီလာတွေပါဦးဆိုတော့ ကျနော် သွားတွေ့ခဲ့ပြီး ကျနော် အခန်းရှာနေကြောင်းပါ ပြောဖြစ်လိုက်တယ်… အဲဒီမှာ အိမ်ရှင်အဖွားက ကျွန်တော်နေချင်တယ် ဆိုရင် ဒီဂိုဒေါင်လေးကို ပြင်ပြီးလာနေလို့ ရကြောင်း.. ပြင်စရိတ်ကို ကျွန်တော်ပေးရမှာ ဖြစ်ကြောင်း.. အခန်းခကိုတော့ သူယူမှာမဟုတ်ကြောင်း… တစ်ခုရှိတာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေကြောင်း..မကြောက်တတ်ရင်နေလို့ ရကြောင်း ပြောလာတယ်လေ…
နဂိုကလည်း တစ်ယောက်ထည်း နေချင်သူ ဆိုတော့ အချိန်မဆိုင်းချင်ပဲ အဖွားကို နေမယ်ပြောပြီး တစ်လအတွင်း အခန်းဖြစ်အောင် ပြင်လိုက်တယ်လေ.. မကြောက်ဖူးဆိုပေမယ့် အိမ်ရှင်အဖွားကိုယ်တိုင် ပြောထားဖူးတဲ့အခံလဲရှိ ကိုယ်တိုင်လဲ တွေ့ကြုံခံစားဖူးထားတော့ နည်းနည်းလန့် တာပေါ့လေ… ဒါပေမယ့် နောက်ဆုံးတော့ အခန်းလေးကို စိတ်ကြိုက်ပြင်ပြီး အိမ်ပြောင်းလာခဲ့တော့တယ်…
ကျနော် အခန်းပြောင်းတဲ့ ညမှာပဲ သူ့ကို စတွေ့ တယ်… ကြိုတင် ဆုံးဖြတ်ပြီးသားဆိုတော့ ကြိုဆိုတဲ့သဘောလို့ စိတ်ထဲမှတ်ထားလိုက်မိတယ်… သူ ကလူလိုပါပဲ… အရိပ်လိုလို ဘာလိုလို စိတ်ထဲက သိတာပဲရှိတယ်… ကိုယ်လုံးကိုယ်ထည်မမြင်ရတဲ့ မဲမဲကြီးပါ..အထီးအမ မသဲကွဲပေမယ့် ဟန်ပန်က အသက်(၅၀) သာသာ လူကြီးတစ်ယောက် ပုံစံမျိုးပါ… ညဘက်အလုပ်က ပြန်လာတာမို့ မှောင်မှောင်မဲမဲ မှာ ဆိုင်ကယ်မီးထိုးပြီး ဝင်လာတဲ့အချိန်မှာ မည်းမည်းအရိပ်ကြီးကိုတွေ့ လိုက်ရတဲ့ကျနော့်ရဲ့ ပထမဆုံးညက တော်တော်ကို တုန်လှုပ်မိတယ်… အဲဒီ ပထမဆုံးညက ဆိုအိပ်လို့ လဲမရဘူး.. အခန်းထဲ ကြောက်ကြောက်နဲ့ ဝင်ပြီးတော့ အပြင်လည်းမထွက်ရဲဖူး.. ဒါပေမယ့် သူရှိနေလား တကယ်များလား ဆိုတဲ့ အတွေးနဲ့လဲ ထွက်ကြည့်ချင် နေတယ်လေ.. ဘာမှမလှုပ်ရှားပေမဲ့ သူဒီအနီး အနားမှာရှိနေမှာ သေချာတာကိုတော့ ခံစားမိတယ်…
ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျနော် အခန်းမှာ ပရိတ်ကြီး(၁၁)သုတ် တရားခွေကိုဖွင့်ပြီး မေတ္တာပို့ အမျှဝေပါတယ်… သူကြားအောင်လည်း အင်္ဂလိပ်လို တစ်မျိုး မြန်မာလို တစ်ဖုံ ဂရိလို တတ်သလောက် မှတ်သလောက်လေးနဲ့… “ဒါကနင့်နေရာပါ.. ငါ့ကိုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. နင့်ကိုလဲ ငါမမောင်းထုတ်ပါဘူး.. ငါကို လဲကြောက်အောင်လန့် အောင်မလုပ်ပါနဲ့ နင်နေသာသလိုနေပါ” ဆိုပြီးအမြဲပြောတယ်လေ… သူကြားအောင်လဲ မေတ္တာပို့ အမျှဝေတဲ့ အလုပ်ကို ပိုလုပ်ဖြစ်ပါတယ်…
နောက်ပိုင်းတွေမှာ ကျနော် အိမ်အပြန် နောက်ကျတဲ့ နေတွေမှာဆို သူ့ကို ကျွန်တော့် တံခါးဝမှာရပ်စောင့်နေတာမျိုးကို ကျွန်တော့်ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရလေ့ရှိတယ်.. ကျနော်က ခပ်တည်တည်နဲ့ (စိတ်ထဲကတော့ ကြောက်မိတာပေါ့) “စောင့်နေတာလား… ကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ရင် အရိပ်ကပြောက်သွားတယ်…
တစ်ခါတုန်းကဆို ညဘက် ကျနော် အလုပ်လုပ်တာကို သိတဲ့သူခိုးက ကျနော့် အခန်းကို ဝင်မယ်ကြံတော့ ငယ်သံပါအောင် အော်ပြေးတာ အိမ်ရှင်အဖွားက ပြန်ပြောပြလို့ သိရတယ်… ဘာကြောင့် အော်ပြေးသွားမှန်း မသိပေမယ့် ကျနော်ကတော့ သူကြောင့်လို့ ထင်မိပါတယ်…
ညနက်မှ အိပ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့ အရိပ်လိုလို စိတ်ထဲက တွေ့ရင် ကြောက်ကြောက်နဲ့ စကား လှမ်းပြောတတ်လာတယ်.. တစ်ခါတစ်လေ အခန်းဝမှာ ရစ်သီရစ်သီ လုပ်နေတတ်တယ် လို့ထင်မိပြန်တယ်… ဒါပေမယ့် စည်းကျော်ပြီးတော့ အိမ်ထဲထိ ဝင်လာနှောက်ယှက် တာမျိုးတော့မကြုံဖူးဘူး…
တစ်ခါတစ်ရံ သူပျင်းလို့ရှိရင် ကျနော်ရဲ့ စာကြည့်မီးချောင်း ကိုစသလိုလို နဲ့ မှိတ်တာမျိုး လုပ်တတ်တယ်လေ.. ပထမတော့ မီးချောင်းကဖြစ်တာပါလို့ ထင်ပေမယ့် နောက်ကျတော့ မရည်ရွယ်ပဲနဲ့ “မလုပ်ပါနဲ့ ကွာ..စာလုပ်နေလို့ ပါ..ပြန်ဖွင့်ပေးပါ” လို့ ညင်ညင်သာသာ ပြောလိုက်ရင်တော့မီးက အလိုလို ပြန်ပွင့်လာတယ်… အမြဲမဟုတ်ပေမယ့် လာလာစတတ်တယ်လို့ ထင်မိတယ်…
တစ်ခုရှိတာက ကျွန်တော်ညနက် အိပ်တာကိုတော့သဘောကျပုံမပေါ်ဘူး.. မီးရောင်ကြောင့် လို့ထင်ပါတယ်… မီးလင်းတာမျိုးတွေ့ ရင်အပြင်ကနေ အသံတစ်မျိုးမဟုတ် တစ်မျိုးကြားရတတ်တယ်.. မီးပိတ်ပြီးသာ ငြိမ်နေလိုက်ရင်တော့ အသံလဲအလိုလို ပျောက်သွားတတ်တယ်… နောက်ပိုင်း ကျနော်လဲ နေသားကျသွားတယ် ထင်ပါတယ်… သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ကျွန်တော်လဲလုံခြုံနေသလို ခံစားမိတယ်… (ကျနော်ညဘက် အလုပ်သွားတုန်း ကျနော်ဆီမှာ လာအိပ်လာစားကြတဲ့ ဧည့်သည် သဘောင်္သားနှစ်ယောက်က တော့ တစ်ညမှာ ကောင်းကောင်း ပညာပြခံလိုက်ရပါတယ်… နောက်နေ့ကစလို့ ကျနော့်အခန်းကို ကျနော်မရှိပဲ အလည်မလာကျသလို ညဘက်ကို လုံးဝ အိပ်ဖို့ ငြင်းဆန်သွားပါတယ်)…
ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့ကိုလဲ မမောင်းထုတ်ရက်ဘူး… ကျွန်တော့်ကြောင့် သူထွက်သွားမှာ ကိုလည်းမလိုလားဖူး… နှစ်နှစ်နီးပါးနေလာတဲ့ ဒီနေလေးကို ကျွန်တော်ချစ်တယ်ဆိုရင် နှစ်ပေါင်းများစွာနေလာတဲ့သူ့ အတွက်ကိုယ်ချင်းစာမိပါတယ်… ဒါပေမယ့် သူ့ကို ကျွတ်လွတ်တဲ့ ဘဝကိုလဲရစေချင်ပါတယ်… သူကြားနိုင်အောင်လို့ မေတ္တာပို့ အမျှဝေဆဲပါ… စိတ်အနှောက်အယှက် တစ်စုံတစ်ရာမှမပေးပဲ ကျွန်တော့်ကို နေခွင့်ပေးထားတဲ့အတွက် ကိုလည်းကျေးဇူးတင်မိတယ်…
အခုတော့သူဟာ ကျွန်တော့်အတွက်အဖော်ကောင်းလေးပါ… သူ ရှိနေတဲ့အတွက်လည်း ကျွန်တော်ဘယ်လို မှမခံစားရပါဘူး.. အရင်ဘဝက ပါလာတဲ့ရေစက်လို့ ပဲသတ်မှတ်လိုက်ပါတယ်… သူ့ကို ကျွတ်ရာ လွတ်ရာကိုလဲ ရောက်စေချင်ပါတယ်… အခုတစ်လော အလုပ်နဲ့ နေ့နေ့ ညည နပန်းလုံးနေတဲ့ကျွန်တော်ဟာ ဒီည အလုပ်နောက်ကျလို့ ညဥ့်နက်မှပြန်ရောက်လာတော့ သူကြိုနေတာကို တွေလိုက်ရတယ်…
အိမ်ရှင် အဖွားပြောပုံ အရဆိုရင် ဒီတစ်ယောက်က အိမ်ရှင်အဖွားရဲ့ အဖေဖြစ်နိုင်တယ်… ကျနော်နေတဲ့ ဂိုဒေါင်မှာပဲ သူအမြဲနေတယ်… ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ ပြန်တက်လာပြီး ဒီဂိုဒေါင်မှာ ရေဒီယိုတစ်လုံး နဲ့ အလုပ်ရှုတ်နေတတ်သလို နွေမှာ အရိပ်ရအောင် ဂိုဒေါင်ဘေးမှာ အပင်စိုက်ခဲ့တယ် ဆိုပါတယ်… ဘာကိုစွဲလမ်းပြီး ဘယ်လိုဆုံးတယ်ဆိုတာတော့ မသိပါဘူး… ဘဝမှာ သူ့ နဲ့ ကျနော်အတွက် အမှတ်တရဖြစ်သလို ဒီဂိုဒေါင် အခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတဲ့ အတွက်လဲ ကျေနပ်ပီတိဖြစ်ပါတယ်…..။ ။ ။
( စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်း မဟုတ်ပါ )
Credit : newmyanmarpyi
Credit : http://www.searchmyanmar.com/link/comment/cid/53276/domain/myanmarlatestnews.com
No comments:
Post a Comment