အဲဒီ စားကျက်ကွင်းကြီးကို ဘယ်သူ ဘယ်ဝါ ပိုင်တယ် ဆိုင်တယ်ဆိုတာ မရှိဘူးဗျ။ စားကျက်ကွင်းပြင်ကျယ်ရဲ့ နေရာ တစ်နေရာမှာ ဖျောက်ဆိတ်ပင်ကြီး တစ်ပင်ဟာ ထီးထီးကြီး တည်ရှိပါတယ်။ အဲဒါကို အစွဲပြုပြီး အဲဒီ စားကျက်ကြီးကို ဖျောက်ဆိတ်ကုန်းလို့ အမည်ပေးထားကြတာပေါ့။
ကျွန်တော်တို့ ရွာကနေ အဲဒီ ဖျောက်ဆိတ်ကုန်းကို ရောက်ဖို့က တစ်နာရီလောက် ကြာအောင် သွားရတယ်။ နွေရာသီမှာ အဲဒီ စားကျက်ကွင်းကြီးဆီ မရောက်ဖြစ်ပေမဲ့လို့ မိုးရာသီနဲ့ ဆောင်းရာသီမှာတော့ အဲဒီ စားကျက်ကွင်းကြီးကိုပဲ အသုံးပြုကြရပါတယ်။
ထူးဆန်းတာ တစ်ခု ပြောပြရမလား?
အဲဒီ ဖျောက်ဆိတ်ကုန်းလို့ အမည်ရတဲ့ စားကျက်ကွင်းကြီးက လူစိမ်းတယ်ဆို အမှားမခံဘူးဗျ။ လူအရင်းကတော့ အကြောင်းမဟုတ်ဘူးပေါ့။ ကျွန်တော်တို့က အမြဲတမ်း ခဏခဏ ရောက်တဲ့သူတွေဆိုတော့ ခွင့်လွှတ်တယ် ထင်ပါတယ်။
တစ်ခါတစ်ရံဆို ကျွန်တော့်ကို အကူအညီတွေ ဘာတွေတောင်မှ ပေးတတ်ပါသေးတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး၊ အဲဒီကို အမြဲလိုလို လာကျောင်းကြတဲ့ လူတွေမှန်သမျှကို အကူအညီ ပေးတတ်တာပါ။ ကျွန်တော့်ကို အကူအညီ ပေးတတ်တာက ဒီလိုဗျ။
နေ့တိုင်း ကျွန်တော်က ဖျောက်ဆိတ်ကုန်းကို ရောက်တာနဲ့ နွားတွေကို ရိုးကန်အတွင်းထဲ မောင်းပြီး လူကတော့ ဖျောက်ဆိတ်ပင်ရှိတဲ့ ကုန်းအမြင့်ပေါ်မှာ နေလေ့ရှိပါတယ်။ ပြီးရင် အဲဒီအပင်နဲ့ မနီးမဝေးမှာရှိတဲ့ ထနောင်းပင်ရဲ့
အရိပ်အောက်မှ အိပ်နေတတ်ပါတယ်။ ညနေစောင်း အိပ်ရာနိုးမှ နွားတွေကို လက်ခေါက်မှုတ်ခေါ်ပြီး ရွာကို ပြန်ရတာပေါ့။
အဲဒီလိုနဲ့ တစ်ရက်မှာ ကျွန်တော်တို့ အိမ်နီးချင်း ရွာတစ်ရွာရဲ့ ဘုရားပွဲမှာ ညလုံးပေါက် ပွဲထိုင်ကြည့်ခဲ့လို့ မနက် နွားကျောင်းထွက်တော့ အိပ်ငိုက်နေတာပေါ့။ အဲဒါနဲ့ ဖျောက်ဆိတ်ကုန်းကို ရောက်တော့ ထုံးစံအတိုင်း ထနောင်းပင်အရိပ်အောက် ရောက်တာနဲ့ ကိုယ့်ခေါင်းရင်းကို ဦးသုံးကြိမ်ချပြီး...
"တပည့်တော်၏ အသက် ခန္ဓာအား မြတ်စွာဘုရားအား လှူဒါန်းပါ၏..." လို့ ရွတ်ဆိုပြီးမှ စီးလာတဲ့ ကားဖိနပ်လေးကို ခေါင်းခုပြီး အိပ်တော့တာပဲ။
ကိုယ်စီးတဲ့ ဖိနပ်ကို ခေါင်းခုပြီး အိပ်ရင် သရဲတစ္ဆေ နာနာဘာဝတွေ ဘာတွေ မနှောင့်ယှက်နိုင်ဘူးလို့ ရှေးလူကြီးတွေက ပြောကြ ဆိုကြလို့ အဲဒီလို ခေါင်းအမြဲခုပြီး အိပ်တာပါ။ အဲဒီနေ့က ကျွန်တော် ဘယ်လောက်အထိတောင် အိပ်ပျော်သွားသလဲဆိုရင် ရွာကလူတွေ ကျွန်တော် ပြန်မလာသေးလို့ ဓါတ်မီးတွေထိုးပြီး လိုက်ရှာတော့မှ ကျွန်တော် နိုးပါတယ်။
သူတို့ မလာခင် ကျွန်တော် ဖြစ်ပျက်ခဲ့တာတွေကတော့ ကျွန်တော့်နံဘေး ပါတ်ဝန်းကျင်တစ်ဝိုက်မှာ အိပ်မက်လိုလို တကယ်လိုလိုဗျာ။ တစ္ဆေသရဲတွေပဲ ပြောရမလား၊ မကျွတ်မလွတ်သေးတဲ့ နာနာဘာဝတွေပဲ ပြောရမလား မသိတော့ဘူး။ ပိန်လှီ ခြောက်ကပ်နေတဲ့ လူတွေဆိုတာ အများကြီးဗျာ။ ဟိုဒီ သွားလာ လှုပ်ရှားနေကြတာများ အားကြီးပဲ။
အဲဒီအထဲမှာမှ ဆံပင်ဖားလျား ရှေ့ချထားတဲ့ ကြောက်စရာကောင်းတဲ့ သရဲမ သုံးယောက်က...
"ဒီကောင်လေးကို ငါတို့တွေ လိပ်ပြာ နှုတ်ကြရအောင်..." လို့ ပြောနေကြတာ ကြားလိုက်ရတော့ ကျွန်တော်ဖြင့် ကြောက်လိုက်တာဗျာ၊ ပြောမပြတတ်အောင်ပါပဲ။
အဲဒီလို ပြောပြီး သူတို့တွေ ကျွန်တော့်နားကို တဖြည်းဖြည်းနဲ့ ရွေ့လာကြတယ်။ ကျွန်တော်ကတော့ ခန္ဓာကိုယ်တစ်ခုလုံး ဘီလူး စီးထားသလို လုံးဝ လှုပ်လို့ ပြုလို့ကို မရတာပါ။ ကျွန်တော် ဘယ်လောက်တောင် ကြောက်နေ လန့်နေမလဲဆိုတာကို ခင်ဗျားတို့တတွေ စဉ်းစားကြည့်ပေါ့ဗျာ။ သရဲမ သုံးကောင်လည်း ကျွန်တော့်အနားကို ရောက်လာပါပြီ။
အဲဒီအချိန်မှာ...
ဖျောက်ဆိတ်ပင် အပေါ်ကနေ ဘိုးတော်လိုလို ဘာလိုလို ပုံစံမျိုး ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ဦး ကျွန်တော့်အနားကို ရောက်ရှိလာပြီး...
"နင်တို့ သူ့ကို ဘာမှ မလုပ်ကြနဲ့။ ဒါဟာ ငါ့ပိုင်နက်။ ငါ့ပိုင်နက်ထဲမှာ နင်တို့တွေ ဒါမျိုး ဘယ်တော့မှ လာမလုပ်ကြနဲ့..." လို့ ပြောလိုက်တော့ အဲဒီ သရဲမ သုံးယောက်လည်း မကျေမနပ်နဲ့ ပြန်ထွက်သွားကြတယ်ဗျ။
ပြီးတော့မှ ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးအိုက ကျွန်တော့်ဆီ လှည့်ကြည့်ပြီးတော့...
"ဟေ့ကောင်လေး... ထတော့ဟေ့ ထတော့... မင်းနွားတွေလည်း ငါလိုက်ပို့ပြီးပြီ။ မင်း တော်တော်လေး ကံကောင်းတယ်။ မင်းက ဘုရားစာရွတ်ရင်း မင်းအသက်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏လို့ ရွတ်ဆိုလိုက်လို့ ကံကောင်းသွားတာပဲ..." လို့ ပြောဆိုပြီး ဖျောက်ဆိတ်ပင်ကြီးဆီ လျှောက်သွားပြီးတော့ ကျွန်တော့် မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတယ်။
ခဏနေတော့ ရွာထဲက လူကြီးသူမတွေနဲ့ အဖေတို့ လူစုတွေ ကျွန်တော်ရှိရာ ဖျောက်ဆိတ်ကုန်းဆီကို ဓါတ်မီးတွေ ကိုင်ဆောင်ပြီး ရောက်ရှိလာကြပါတယ်။ အနားရောက်လို့ ကျွန်တော့်ကို သူတို့ လှုပ်နှိုးကြတော့ ချက်ချင်းပဲ လန့်နိုးသွားတယ်ဗျ။ ဖြစ်ပျက်ခဲ့တာတွေ ပြန်တွေးပြီးတော့ အိပ်မက်လား တကယ်လားဆိုတာ ကျွန်တော်လည်း ဝေမခွဲတတ်တော့ဘူးရယ်။
"နွားတွေကျ အိမ်ကို ပြန်ရောက်လာပြီး နွားကျောင်းသွားတဲ့ မင်းက ပါမလာလို့ ငါတို့မှာ စိတ်ပူပြီး လိုက်ရှာလိုက်ရတာ ငါ့သားရာ..." လို့ အဖေက စိုးရိမ်တကြီး ပြောရှာပါတယ်။
တော်တော် အံ့သြဖို့ ကောင်းပါတယ်။ ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးအို ပြောသွားတဲ့အတိုင်း ကျွန်တော်ကျောင်းနေတဲ့ နွားတွေအားလုံး အိမ်ကို လူမပါပဲ ပြန်ရောက်နေပြီတဲ့။ ကျွန်တော့် စိတ်ထဲကနေ ထိုအဖိုးအိုကို ကျေးဇူးတင်စကား ပြောကြားပြီး အမျှအတန်း ဝေပေးလိုက်မိပါတယ်။
ကျွန်တော်တို့ ရွာပြန်ရောက်တော့ အမေ့ခမျာလည်း စိုးရိမ်ပူပန်နေတာပေါ့။ အိမ်ရောက်လို့ ဖျောက်ဆိတ်ကုန်းမှာ ဖြစ်ပျက်ခဲ့သမျှက အိပ်မက်လိုလို တကယ်လိုလို ဝေခွဲမရလို့ အကုန်လုံးကို ဖွင့်ဟ ပြောပြလိုက်တော့ အားလုံးပဲ ထိတ်လန့်တကြား အံ့အားသင့်ကုန်ကြပါတယ်။
ရွာဦးကျောင်း ဦးဇင်းကို ပင့်ဖိတ်ပြီး ကျွန်တော့်ကို ပရိတ်ရေတွေ တိုက်လည်း တိုက်၊ ဖြန်းလည်း ဖြန်းနဲ့ အလုပ်ရှုပ်သွားကြတော့တာပဲ။
"ကျွန်တော်က ဘာမှ မဖြစ်ပါဘူး အမေတို့ရယ်။ အပတွေ ပယောဂတွေလည်း မမှီပါဘူး..." လို့ ပြောပြလိုက်တော့မှ အမေလည်း စိတ်အေးသွားပါတော့တယ်။
* - * - * - * - * - *
တစ်ခါက အဲဒီလိုပဲ။ ဖျောက်ဆိတ်ကုန်းမှာ နွားသွားကျောင်းတော့ ဂန့်ဂေါ်ရွာက "နွေးနွေး" ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း ကောင်မလေးတစ်ယောက် ကျွန်တော်နဲ့ လိုက်လာခဲ့တယ်။ "နွေးနွေး" က သူတို့ ရွာကနေ ကျွန်တော်တို့ ရွာဘက်ကို ခဏ အလည်လာတာပေါ့။
ကျွန်တော်ကတော့ "နွေးနွေး" ကို ဖျောက်ဆိတ်ကုန်းရောက်ရင် စကားပြော မကြမ်းဖို့ရာ မှာထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက နှုတ်နည်းနည်းကြမ်းတယ်ဗျ။ ဆက်ကနဲရှိ စိတ်မထင်လို့က ကောက်ကောက် ဆဲတတ်တဲ့ အကျင့်ရှိတယ်လေ။ အဲဒါကြောင့်ပါ။
ဒီလိုနဲ့ ဖျောက်ဆိတ်ကုန်းလည်း ရောက်ရော တခြားရွာက နွားကျောင်းသားတွေက သူ့ကို ဝိုင်းစလို့ဆိုပြီး အဲဒီကောင်တွေနဲ့ သူတို့ နွားတွေကိုပါ အကုန်သိမ်းကျုံးပြီး ပိုးစိုး ပက်စက် အော်ဟစ် ဆဲဆိုတော့တာပဲ။ ဝင်တားတဲ့ ကျွန်တော်တောင်မှ အဆဲခံထိတယ်။ အဲဒီတော့ ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲလေ။
ညနေစောင်းရောက်တော့ နွားတွေသိမ်းပြီး သူနဲ့အတူ ရွာကို ပြန်လာခဲ့တာပေါ့။
အိမ်ပြန်ရောက်တာနဲ့ ကျွန်တော်လည်း ရေမိုးချိုးပြီး ထမင်းစားမလို့ ကြံကာရှိသေး "နွေးနွေး" နေတဲ့ အိမ်က အဒေါ်ကြီးက ကျွန်တော့်ကို လာခေါ်တယ်။ "နွေးနွေး" တစ်ယောက် အိမ်ပြန်ရောက်တော့ ဘာဖြစ်တယ် မသိဘူးတဲ့။ ဘာဖြစ်မှန်းမသိတော့ ကျွန်တော်လည်း အဲဒီအိမ်ကို လိုက်သွားရတာပေါ့။ တစ်နေ့လုံး "နွေးနွေး" က ကျွန်တော်နဲ့အတူတူ ရှိနေတာကိုး။ အဲဒီတော့ ကျွန်တော့်မှာ တာဝန်ရှိတာပေါ့။
ကျွန်တော် ရောက်သွားတဲ့အချိန်မှာ "နွေးနွေး" တစ်ယောက် အသားတွေ တဆက်ဆက်တုန်ပြီး မူမမှန်တော့ပဲ ဝူးဝူးဝါးဝါးနဲ့ အော်မြည် ညည်းတွားနေပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပဲ ရွာဦးကျောင်းက ဦးဇင်းကို ပြေးပင့်ရပါတယ်။
ဦးဇင်းလည်း ကျွန်တော်ပင့်တာ ကြွလာပြီး "နွေးနွေး" တို့ နေတဲ့ အိမ်ကို ရောက်လာတာပေါ့။ ရောက်တာနဲ့ ဦးဇင်းက...
"နင်ဘယ်သူလဲ... ဒီကလေးမလေးကို အခုလိုမျိုး ဘာလို့ လုပ်ရတာလဲ..." ဆိုပြီး မေးမြန်းလိုက်ပါတယ်။
အဲဒီလို ဦးဇင်းက မေးလိုက်တဲ့ အခါမှာတော့ သူက ဒီလို ပြန်ဖြေပါတယ်။
"တပည့်တော်က ဖျောက်ဆိတ်ကုန်းကပါ အရှင်ဘုရား။ သူက ဖျောက်ဆိတ်ကုန်းမှာ ညစ်ညမ်း ကြမ်းတမ်းစွာ ဆဲဆိုခဲ့လို့ အခုလို ပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်ဘုရား..." တဲ့။
ဦးဇင်းကလည်း နောက်နောင် ဒီလိုမဖြစ်စေဖို့ ပြောဆို ဆုံးမပေးပါ့မယ်ပြောဆိုပြီး ကတိပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဝင်ကပ်တဲ့ ပုဂ္ဂိုလ်က "နွေးနွေး" ကို မကျေနပ်တာကြောင့် သူ့အတွက် ငှက်ပျောပွဲ အုန်းပွဲနဲ့ "နွေးနွေး" တို့ကိုယ်တိုင်က လာတောင်းပန်မှ ကျေနပ်ပါ့မယ်ဘုရားလို့ ပြောဆို ကန်တော့ပြီးတော့ ပြန်ထွက်သွားပါတယ်။ ဦးဇင်းကလည်း ဖြစ်စေရမယ်လို့ ကတိကဝတ် ပြုလိုက်ပါတယ်။
နောက်တစ်နေ့ကျတော့ "နွေးနွေး" တို့လည်း ကတိပြုထားတဲ့အတိုင်း သူတို့ စိတ်ကျေနပ်အောင် သွားတောင်းပန်လိုက်ရတာပေါ့။
ထူးဆန်းတာတစ်ခုက ကျွန်တော်တို့လို ဖျောက်ဆိတ်ကုန်းမှာ နွားကျောင်းတဲ့သူတွေဆို အများကြီးပဲ။ သူတို့ ကျွန်တော်တို့လည်း တစ်ခါတစ်လေ စရယ် နောက်ရယ်ပြုပြီး တစ်ယောက်နဲ့ တစ်ယောက် ဆဲနေ ဆိုနေကျပါ။ ကျွန်တော်တို့ကျတော့ ဘာမှ မဖြစ်ပဲ "နွေးနွေး" တို့လို သူစိမ်းတွေကျမှ ဘာလို့ ဖြစ်ရတာလဲ။ ကျွန်တော့်အထင် လူရင်းတွေတော့ ဒုက္ခမပေးပဲ၊ လူစိမ်းတွေကျ စကားပြော မဆင်ခြင်ရင် ဒုက္ခပေးတတ်တယ်ဆိုတဲ့ သဘောပေါ့နော်။
အခုပြောပြတဲ့ အဖြစ်အပျက်တွေက ကျွန်တော်ကိုယ်တိုင် တကယ်ကြုံတွေ့ခဲ့ရတဲ့ ဖျောက်ဆိတ်ကုန်း စားကျက်ကွင်းက_ကွင်းပိုင်ကြီး
Credit : https://www.facebook.com/permalink.php?story_fbid=969569406458572&id=966201476795365&substory_index=0
No comments:
Post a Comment