ကောင်းကင်မှာ
သက်တန့်ကြီးတစ်ခုကို မြင်ဖူးပါသလား ။
မိုးရွာပြီးစ
ရှင်းသန့်ပြာလွင်သော ကောင်းကင်မှာ သက်တန့်ကြီးက လေးကိုင်းသဏ္ဍာန် ကွေးညွတ်နေသည် ။
အုံ့မှိုင်းသော
တိမ်ထု ၊ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုက စိတ်ကိုထုံထိုင်းလေးလံစေခဲ့သမျှ … ၊
သက်တန့်ကြီး၏
သင်္ကေတကတော့ ရာသီဥတုသာယာကြည်လင်ခြင်းကို ဖော်ညွှန်းသည် ။
“ဘ၀” မှာ
သက်တန့်ကြီးကို မြင်တွေ့ ကြည်နူးခွင့်ရသော အခိုက်အတန့်တွေက ရှားပါးလှပါသည် ။
လူသားတိုင်း
“ဘ၀” ဟူသော လမ်းမရှည်ကြီးပေါ်မှာ ပစ်ချခံလိုက်ရချိန်မှစ၍ှ အရင်ဦးဆုံး မဖြစ်မနေ သင်ယူခဲ့ရတာက
ကိုယ့်ဘာသာကိုယ် လမ်းလျှောက်တတ်ဖို့ ဖြစ်သည်။
ဘ၀လမ်းမှာ
တွက်ချက်ရမည့်ပုစ္ဆာတွေ စီတန်းပြီး စောင့်ကြိုနေခဲ့သည် ။
သက္ကရာဇ်တွေကို
အချိန်ရေစီးကတိုက်စားပြီး .. “ ဘ၀ ” ဆိုတာ တဖြည်းဖြည်းတော့ ရင့်မှည့်လာရစမြဲ။
ငယ်ဘ၀ စာသင်ခန်းထဲမှာ
ပုစ္ဆာတွေတွက်ချက်ရင်း … အချိန်တန်တော့ လက်တွေ့ဘ၀မှာ ပုစ္ဆာတွေ လက်တွေ့ဖြေရှင်းရပြီ။
ပုစ္ဆာတွေချတွက်ရင်း
ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ဒီလမ်းမထက်မှာပဲ နှလုံးသားတွေခိုနားဖို့ အသည်းပုံကဲန်တင်းက
စောင့်ကြိုလို့ … ။
ရင်ခုန်သံစာမျက်နှာတွေနဲ့
အချစ်အကြောင်းတွေ ဘ၀စာအုပ်ထဲ လက်ရေးလှလှနဲ့ ချရေးကြပြန်တယ်။
ပျော်ရွှင်ကြည်နူးမှု
တဒင်္ဂနဲ့ ဘယ်လိုမှဖမ်းဆုပ်မရတဲ့ သက်တန့်ကြီးဟာ ကိုယ့်ရဲ့ကမ္ဘာမှာ ခဏနဲ့ ပျောက်ကွယ်သွားခဲ့တဲ့အခါ
… အသည်းကွဲပုစ္ဆာဆိုတာ ကိုယ့်မျက်စိရှေ့မှောက် မခေါ်ဘဲ
ရောက်လာခဲ့တယ် ။
အသည်းကွဲပုစ္ဆာကို
ဘယ်လိုဖြေရှင်းကြမလဲ … ။
တစ်ချိန်လုံးငိုယိုပြီး
အသည်းပုံကဲန်တင်းမှာပဲ ဘ၀အဆုံးသတ်ရတော့မလား ။
စိတ်မပါလက်မပါနဲ့
ဘ၀လမ်းမပေါ်ထွက်ပြီး အသည်းကွဲသီချင်းတစ်ပုဒ်နဲ့ ခရီးဆက်ကြမလား ။
မိုးရွာတိုင်း
လွမ်းတယ် ။ နှင်းကျတိုင်း လွမ်းတယ်။
နေရောင်ခပ်ပြင်းပြင်းအောက်မှာရော
… လွမ်းဖို့သတိရရဲ့လား။
“ ဘ၀ ” ဆိုတာ
အမြဲပြောင်းလဲနေတဲ့ ရာသီဥတုလိုပဲ ။
“အနိမ့် အမြင့်
၊ အတက် အကျ” နဲ့ “ တိုက်ပွဲ ” ဆိုတာ ရောက်လာခဲ့ရင်
“ အလွမ်း၊ အဆွေး ” ဆိုတာ အလိုလိုခေါင်းထဲက ထုတ်ပစ်ထားခဲ့ရတဲ့ အရာပါ။
ဒီနေ့ သင်
အသည်းကွဲနေတယ်ဆိုပါစို့ ။
နှလုံးသားတွေ
အက်ကွဲပြီး ဘ၀ဆိုတာ ဘယ်လိုမှ မနေပျော်တော့ဘူး ။
ဒါပေမယ့်
သင့်မှာလည်း စာမေးပွဲရှိနေတယ် ။ စာမေးပွဲအကျခံပြီး မနေပျော်တဲ့ဘ၀မှာ ထိုင်ငိုနေတော့မလား။
ဒါဆို သင်နှစ်ခါရှုံးရတာပါပဲ
။
သင်ဟာ သင့်ချစ်သူရဲ့
မျက်နှာကိုပဲ အချိန်တိုင်းလိုက်ဖတ်ပြီး .. သူပျော်ရင် လိုက်ပျော်၊ သူငိုရင် ဘေးနားမှာ
တူတူထိုင်ပြီး အားပေး၊ သူ့အရေးကိစ္စတိုင်းဟာ သင့်ကိစ္စ ။
ဒီလိုနဲ့ သင်ဟာ သူနဲ့အတူ တစ်သားတည်း ၀င်ခံစားပေးနေခဲ့တယ်
။ ဒါဟာ သူ့ကို သင် ချစ်လို့ပါ။
ဒါဆို သင်ဟာ
သင့်ကိုယ် သင်ရော မချစ်တတ်ခဲ့သူများလား ။
လုံးဝမဟုတ်ပါဘူး
။ သင်ဟာ သင့်ကိုယ်သင် အချစ်မြတ်နိုးဆုံးဖြစ်ပါတယ်။ သင့်ချစ်သူကိုလည်း သင်နဲ့ထပ်တူ သင်ဟာ
ချစ်မြတ်နိုးခဲ့တာပေါ့ ။
အသည်းနှလုံးဆိုတာ
ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါ။
ဦးနှောက်ကတော့
ဘ၀ကို ထိန်းကျောင်းတဲ့ ရီမုတ်ကွန်ထရိုးကြီးပါပဲ ။
ဦးနှောက်ရဲ့
လမ်းညွှန်ချက်ကို ကျိတ်မှိတ်နာခံခဲ့ရတဲ့အချိန်မှာ နှလုံးသားဟာ နာနာကျင်ကျင် ခုန်လှုပ်နေရပြီး
ပင်ပန်းနေမှာ အသေအချာပေါ့ ။
ဒါပေမယ့်
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု မဖြစ်မနေဖန်တီးပေးတတ်တဲ့ လောကကြီးမှာ .. သင်ဘာတွေကို
တွေဝေနေဦးမှာလဲ ။
ထိုင်ပြီး
ငိုနေမယ့်အစား တစ်ဖက်ဖက်ကို အာရုံလွှဲပစ်ရမှာဖြစ်ပါတယ်။
ဒုံးပျံထက်တောင် မြန်နေမယ့် အိုင်တီခေတ်ကြီးထဲမှာ
… အသည်းကွဲဝေဒနာနဲ့ အိပ်ရာထက်က သင့်ကို လူနာလာမေးရုံလောက်ထက်ပိုပြီး ဘယ်သူမှ ဂရုစိုက်ဖြေလျော့ပေးနိုင်မှာမဟုတ်ပါဘူး
။
အဲဒီအချိန်မှာ
ကိုယ့်ဘ၀တိုးတက်အောင်မြင်ရေးအတွက် သူ့ထက်ငါ မြင့်တက်သာလွန်အောင် ရုန်းကန် လှုပ်ရှား
ထိုးတက်ကြိုးစားနေကြမှာ ဖြစ်ပါတယ်။
ဒါဆို သင့်
သုံးခါတောင်ရှုံးသွားပါပြီ ။ တစ်ခါအရှုံးကနေ ဆက်တိုက်ရှုံးရခြင်းဟာ ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ်
။
တစ်ခါတောင် ရှုံးရဲရင် ဘာကြောင့် လဲကျမှာကြောက်လို့ အနိုင်ဆီ ပြန်ထမလျှောက်ရဲရမှာလဲ
။
“ ဘ၀ ” ဆိုတာ
ကိုယ်စီမံဖန်တီးသလိုပဲ ဖြစ်ရတဲ့အတွက် ဖြစ်ပျက်သမျှအရာအားလုံးဟာ ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ်
။ အရာရာတိုင်းဟာ ကိုယ်လက်ခံယူလို့ ကိုယ့်ဆီရောက်လာတာပါပဲ။
ဘေးစကား ၊
ထင်မြင်ချက် ဆိုတာ သူများတွေနဲ့သက်ဆိုင်တဲ့အရာပါ။
ကိုယ့်အပေါ်
သူတို့ရဲ့ အထင်အမြင်တွေ ၊ အတွေးအခေါ်တွေ ၊ သတ်မှတ်မှုတွေ၊ စပ်စုလေကန်အတင်းချမှုတွေကို နားနှစ်ဖက်က ကြားရတိုင်း
နှလုံးသားမှာ လက်ခံယူထားမှာလား ။
ကိုယ့်ယုံကြည်ချက်
၊ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ဘ၀ပုစ္ဆာကို ကိုယ်လိုချင်တဲ့အဖြေရအောင် ကိုယ့်ဘာသာကိုယ်ပဲ
တွက်ယူရမယ် မဟုတ်ဘူးလား ။
ဒီနေ့ သင်ဟာ
အသည်းကွဲနေတယ် ။ ဒါပေမယ့် ဒီနေ့သင်ဟာ သင့်ဘ၀မှာ အောင်မြင်တယ် ။
ဒါဟာ သင့်ရဲ့ဘ၀တန်ဖိုးပါ။
သင်ကိုယ်တိုင် သတ်မှတ်တဲ့ သင့်ရဲ့အရည်အသွေး အဆင့်အတန်းတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီအခါ သင့်ကိုဝေဖန်ခဲ့တဲ့သူတွေ
၊ ပြစ်တင်ကဲ့ရဲ့ ရှုံ့ချအထင်သေးခဲ့တဲ့သူတွေ သင့်ရှေ့မှာ ခေါင်းငိုက်စိုက်ချ ထွက်ပြေးကြရတော့မှာပါ
။
အဲဒီအချိန်
အခိုက်အတန့်မှာ ဘ၀ဆိုတာ … အင်မတန်နေပျော်ကျေနပ်စရာကောင်းတယ်ဆိုတာ လက်တွေ့သဘောပေါက်လာပါလိမ့်မယ်
။
သင်ဟာ နောက်ဆို
ဘယ်တော့မှ ဘာအကြောင်းကိစ္စနဲ့မှ ထိုင်ပြီးတွေဝေနေမှာ မဟုတ်တော့ပါဘူး ။
ဘာလို့လဲဆိုတော့
လမ်းထလျှောက်ပြီး ခရီးရောက်တဲ့ အောင်မြင်မှုအရသာကို လက်တွေ့ခံစားလိုက်ရပြီကိုး ။
တကယ်တော့
အသည်းကွဲတယ် ၊ စိတ်ဓါတ်ကျတယ်ဆိုတာ တကူးတကဆေးရှာကုနေဖို့မှ မလိုအပ်တာလေ ။
ကဲ … အခုရော
သင် ထိုင်ပြီး တွေဝေနေဦးမှာလား ။
သင်ကိုယ်တိုင်က
သင့်ရဲ့အသည်းကွဲအထူးကုဆရာဝန်ပဲဆိုတာတော့
မမေ့နဲ့နော်
… ။
"လေပြည်ချမ်းချမ်း "
Credit: laypyaychanchan.blog
No comments:
Post a Comment