လက်ထပ်ပြီးလည်း သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း….
တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်ကထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးကဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကိုသူလှည့်ပြန်လာခဲ့တယ်။
တစ်ခါမှ သူစိတ်ဆိုးတာကိုမခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားခဲ့တယ်။
ည(၁၁)နာရီ သူမအိမ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံးအမှောင်ချထားဆဲပါ။
သူ အိပ်ပျော်နေပြီလား… သူ ပြန်မလာသေးဘူးလား…
လူခေါ်ဘဲလ်ကိုမနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့သူမပြင်တော့ တံခါးရွက်မှာ စာရွက်တစ်ရွက်ကပ်ထားတာကို တွေ့လိုက်တယ်။
“နင် ငါ့ကို တောင်းပန်သင့်တယ်..” လို့ စာရွက်ပေါ်ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။
အိမ်ထဲဝင်ပြီးမီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို သူမတွေ့ပြန်တယ်။ “မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင် တိုက်ပေးလည်းရတယ်” လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး “တိုက်စရာလား”လို့ အော်မိတယ်။
ဖိနပ်ချွတ်ပြီး ဖိနပ်ကိုစင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။ “တိုက်စရာလား” လို့ ရေးထားတဲ့ စာတိုလေးကိုကြည့်ပြီး သူမပြုံးမိတယ်။ စိတ်ထဲမှာလည်း “တောင်းပန်ရမယ် ဟုတ်လား၊ တစ်ပတ်လောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ…” လို့ တစ်ဆက်တည်းတွေးလိုက်မိတယ်။
ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲသူမဝင်တော့ မှန်ပေါ်မှာကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ “ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် စာအုပ်စင်ပေါ်က စာအုပ်မှာ သဲလွန်စရှိတယ်” လို့ ရေးထားတဲ့ စာကိုတွေ့ပြန်တယ်။
သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမယူကြည့်လိုက်တယ်။ “နောက်ကျောက စာနှစ်ကြောင်းကို အသံထွက်ပြီးရွတ်ပြပါ” လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။
“လတိုင်း စိတ်ညစ်ရတဲ့ရက်တွေရှိတာ မိန်းမသားတို့သဘာဝပါ”
ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။
ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်တယ်။ တစ်ဖက်လှည့်ပြီး အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင် စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။ စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။
“နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ ချင့်ချိန်သင့်တယ်။ ငါ့ကို နင်အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကိုမယားကြောက်ဆိုပြီး စဖို့ သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။ ယောက်ျားပဲကွာ… အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ”
စာဖတ်ပြီး သူမ မှားသွားမှန်းသိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကိုဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်ပြန်တယ်။
စာရွက်ပေါ်မှာက “ငါ့ကို နမ်းပါ” တဲ့……
Credit: ဖိုးသူတော် (www.phothutaw.com)
Credit: 99 Sanay
No comments:
Post a Comment