
ထိုင်းနိုင်ငံမှာ ထုတ်ပြန်လိုက်တဲ့ တိရစ္ဆာန် စောင့်ရှောက်ရေး ဥပဒေသစ်ကြောင့် ထိုင်း မြောက်ပိုင်းရှိ အူတရတ်ဒစ် ခရိုင်က မြွေ မွေးမြူရေးစခန်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။
အူတရတ်ဒစ် ခရိုင်မှာ ကမ္ဘာ့အကြီးဆုံး မြွေ မွေးမြူရေးစခန်း ဆောက်လုပ်နေတယ်လို့ နေရှင်း သတင်းမှာ ပါရှိပါတယ်။
ဒီစခန်းအတွက် ဘတ်ငွေ သန်း ၃၀၀ အကုန်ကျခံပြီး မြွေအကောင် ၁ ထောင်လောက် မွေးမြူမှာကို ဒေသခံတွေက မစိုးရိမ်ကြပေမယ့် ကြွက်အကောင်ပေါင်း ၁ သောင်း လောက်ကို မွေးပြီး မြွေ အစာအဖြစ် ကြွေးမယ့်ကိစ္စကိုတော့ ပူပန်နေကြတယ်လို့ ခရိုင်အရာရှိတဦး ဖြစ်တဲ့ Pisit Wongthong က ပြောပါတယ်။
မြွေတွေ ကျွေးဖို့ ကြွက်တွေကို မွေးတာဟာ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်ရာ မကျဘူးလားလို့ မစ္စတာ Pisit က ပြောဆိုပြီး ဒီလိုအစာအဖြစ် မွေးမြူမယ့်ကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဒေသခံတွေကို
ရှင်းပြဖို့ လိုတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ တိရစ္ဆာန် စောင့်ရှောက်ရေး ဥပဒေကို ၂၀၁၄ နိုဝင်ဘာမှာ ထုတ်ပြန်ခဲ့ပြီး တိရစ္ဆာန်တွေကို စနစ်တကျ မစောင့်ရှောက်ဘဲ မွေးမြူခဲ့ရင် ဥပဒေ ချိုးဖောက်မှုနဲ့ အပြစ်ပေးမှာ ဖြစ်ပြီး ငွေဒဏ်နဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချနိုင်တယ်လို့ ပြဌာန်းထားကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
ဒေသဆိုင်ရာ တိရစ္ဆာန် မွေးမြူရေးရုံးက အရာရှိတဦးကတော့ မြွေတွေကို ကြွက်အရှင်လတ်လတ်တွေ ကြွေးရတာ စိတ်မချမ်းမြေ့စရာ ကောင်းတယ်လို့ ဆိုပါတယ်။
မွေးမြူရေးစခန်း ပိုင်ရှင်တွေထံကတော့ သဘောထားမှတ်ချက် တစုံတရာ ပြောကြားတာ မရှိဘူးလို့ သိရပါတယ်။
ဘီဘီစီ သတင်းထောက်ကတော့ ထိုင်းက တချို့မြွေမွေးမြူရေး စခန်းတွေမှာ မြွေဆိပ်ထုတ်ပြီး သုတေသန လုပ်တာတွေ ရှိပေမယ့် တွားသွားသတ္တ၀ါ မွေးမြူတဲ့ စခန်းတွေကို ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဆွဲဆောင်မှု တခုအနေနဲ့ ပြသနေကြတယ်လို့ ဆိုပါတယ်။
BBC Burmese
Credit : http://dpakyaw.blogspot.co.uk/2015/03/blog-post_306.html?m=0
No comments:
Post a Comment