ခုမှတော့ မထူးပါဘူးလေ ... ကျွန်တော် ဗမာပြည်မှာ သိုက်ဆရာ ဖြစ်ခဲ့တဲ့အကြောင်း ရေးရမှာပေါ့လေ...
ကျွန်တော်တို့ ဗမာတွေကလဲ မိရိုးဖလာ ယုံကြည်မှု အစွဲအလန်းတွေနဲ့ ဘာသိုက် ညာသိုက်နဲ့ စုံစီနဖာပါပဲ၊ ကျွန်တော်တို့ ငယ်ငယ်က သိုက်သမိုင်း ရုပ်ရှင်ကား တွေထဲမှာ
တာတေကြီး၊ ဒေါ်မြလေး တို့ရဲ့ ဒွေးစွန်ပါသိုက်၊ ကျီးကန်းပါးစပ်သိုက်၊ မြစိမ်းသိုက် စတဲ့ သိုက်သမိုင်း ဇတ်ကားတွေ ကြည့်ခဲ့ရတာတော့ မှတ်မိပါသေးတယ်... ရုပ်ရှင်ထဲမှာ ဒေါ်မြလေးက စုန်းမကြီးဆိုတော့ ထမိန်ခြုံလိုက် လဒဖြစ် ပျံသွားလိုက်... တာတေကြီးက သိုက်စောင့် ဘီလူး သရဲ၊ မင်းသား မင်းသမီးတွေက ခင်မောင်ညွန့်တို့ ကြည်ကြည်ဌေးတို့.. သိုက်ဆရာက ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွှေး ကားကားနဲ့ သိုက်ဖွင့်မယ် ဆိုတော့ သိုက်ကြိုးချုပ်ပြီး.. မြေကြီးကို ကြိမ်နဲ့ ရိုက်လိုက်.. ဥစ္စာစောင့် မင်းသား မင်းသမီးတွေခမြာ နာလို့ဆို အော်လိုက်ကြ.... ဟော..... သိုက်ဆရာလည်း မနိုင်ရော.. သိုက်ဆရာနဲ့ တပည့်တို့ မြေပြင် ရေထင်ပြီး ကူးနေကြရတာ ကလေးတုန်းက ကြည့်ပြီး အလွန်ကြိုက်ပေါ့ဗျာ....
ကြည့်ပြီးပြန်လာရင် .. တယောက်ထဲ အဲဒီဇတ်ထုပ်ကို အိမ်မှာ ပြန်ခင်းနေတာ..... ဘွားအေကြီး ထမိန်ကို ယူခြုံပြီး ပျံကြည့်လိုက်... အဲ.. လဒတော့ မဖြစ်ဘူး ထမိန်ခြုံထားတော့ မမြင်မစမ်းနဲ့ ကွပ်ပျစ်ပေါ်က လိမ့်ကျပါရောလား..... တယောက်ထည်း character အမျိုးမျိုး လုပ်ရတာ ဆိုတော့... တခါ သိုက်ဆရာ ဆိုပြီး.. ကြိမ်လုံးနဲ့ မြေကြီးကို တဗျမ်းဗျမ်း ရိုက်လိုက်တာ... ဘေးနား ၀ပ်နေတဲ့ ကြောင်လေးလဲ လန့်ပြီး ထွက်ပြေးသွားပါလေရော..... အို..... ကိုယ်ကတော့ .. သိုက်စောင့် တာတေကြီး ပြေးပြီဆိုပြီး သဘောတွေကျလို့.....
ဟော... ဒီသိုက်တွေနဲ့ ရေစက်ဆုံချင်တော့...စစ်ကိုင်းတိုင်း ကောလင်းနယ်က ရှမ်းကလုံး ဒေသမှာ.. field ဆင်းရချိန်မှာ.. ကိုယ်ကိုယ်တိုင် သိုက်ဆရာ ဖြစ်နေတော့တာပါပဲ.... သိုက်သမိုင်း ကားတွေထဲက သိုက်ဆရာလို ဆေးကြိမ်လုံး ကိုင်ပြီး ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွှေးနဲ့ ရုပ်တည်ကြီးနဲ့ မဟုတ်တာတော့ သေချာတယ်.. ကိုယ့်ရုပ်ကို သိုက်ဆရာ လူဆိုးပုံတော့ မပေါက်ဘူး ဆိုပြီး မှတ်ချက်ကလဲ ချရသေးတယ်.. ခေတ်သစ် သိုက်ဆရာ ဆိုတော့... သံလိုက်အိမ်မြှောင်နဲ့ တူနဲ့ ဂျင်းဘောင်းဘီ လက်တို လက်ရှည်တွေ ၀တ်ပြီး ဥပဓိရုပ်ကလဲ ဓါတ်ရှင် မင်းသားလိုလို.. (မယ်ကိတို့ မယ်စင်တို့ ပြောစကားအရဆို... ကျော်ဆွေ နဲ့ ဒွေး နှစ်ယောက်ပေါင်းဆိုပဲ ) ဒါ သူတို့ မှန်တာ ပြောတာ ဖြစ်မှာပါလေ... ဒီကလေးမလေး တွေက အရှိကို အရှိအတိုင်း မြင်တတ်တယ်...
ကျွန်တော် ရှမ်းကလုံးကို ရောက်သွားတော့ ၀ါးခေါက်တောကုန်း စခန်းမှာ သွားနေရတယ်.. ၀ါးခေါက်တောကုန်းကို အရင်ရောက်နှင့်တဲ့ အဖွဲ့သားတွေနဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတွေက ၀ါးခေါက်တောကုန်းရဲ့ ဥစ္စာစောင့် ညီမလေးဖေါ်ဇတ်ကို ပြောကြတော့တာပါပဲ...... အဖြစ်အပျက်လေးက ဒီလိုခင်ဗျ... ညနေ နေ၀င်ရီတယော အချိန်မှာ.. လှည်းဝင်ရိုးသံ တအီအီနဲ့ ၀ါးခေါက်တောကုန်းပေါ်ကို လှည်းတစီး မောင်းတက်လာသံ ကြားရပါသတဲ့ ဒါပေမယ့် လှည်းဝင်ရိုးသံသာ ကြားနေရတယ် လှည်းကိုတော့ မမြင်ရပါဘူးတဲ့ လှည်းသံ ရပ်သွားချိန်မှာတော့.. လှလှပပ ၀တ်စားထားတဲ့ ညီမလေးယောက် ကိုဝါးခေါက်တောကုန်းက ကျွန်းတောကြားမှာ လမ်းသလားနေကြတာ.. မြင်ရပါသတဲ့.. ဒီကောင်မလေးတွေနောက် လိုက်ဖို့ ကြိုးစားကြတဲ့အခါ ကျွန်းပင်ကြို ကျွန်းပင်ကြား ပျောက်ပျောက် သွားကြပါသတဲ့၊ ဒီ ညီမလေးဖေါ်ကို ဘယ်သူမှ ဖမ်း မမိကြလို့ လက်လျော့ ထားရပါသတဲ့... တော်တော်တော့ စိတ်ဝင်စားစရာ ကောင်းသား... ဥစ္စာစောင့်မလေးတွေ နဲ့ ညိလိုက် ရင်တော့ သူတို့ဆီက ရွှေတွေ ငွေတွေတောင်း.... ဘ၀ချင်း မတူလို့ပါ ဆိုပြီံး ဘာညာ သာရကာတွေ ပြောပြီး ရန်ကုန်ကို ရွှေထုပ်ကြီးနဲ့ ပြန်လာယုံပဲ...
ဒါပေမယ့် ကျွန်တော် ၀ါးခေါက်တောကုန်းမှာ ၄ လနေခဲ့ပေမယ့် ဥစ္စာစောင့်မလေးတွေနဲ့ မကြုံခဲ့ရပါဘူး .. သို့ပေမယ့် ၀ါးခေါက်တောကုန်းမှာ ထူးခြားချက် တခုတော့ရှိတယ်.. ရှမ်းကလုံးရွာ ပင်မစခန်း နဲ့ တခြား စခန်းတွေမှာ အရက် ဘယ်လိုသောက်သောက် ဘာမှ မဖြစ်ပေမယ့်.. ၀ါးခေါက်တောကုန်းပေါ်မှာ အရက်သောက်လို့ မရဘူး သောက်ရင် အမြဲ ပြဿနာ ဖြစ်တယ် .. မှတ်မှတ်ရရ ကျွန်တော်ဖြစ်တဲ့ ပြဿနာက.. အဲဒိနေ့က ငှက်ဖျား ထချင်သလိုလို ချမ်းစိမ့်စိမ့် ဖြစ်တာနဲ့ ငှက်ဖျားဆေးနဲ့ အရက်တ ခွက်ပဲ သောက်ပြီး အိပ်ယာထဲမှာ ကွေးနေတာပါ.. သောက်တာကလဲ သွေးနွေးယုံ နဲနဲပါပဲ.. တခြားမူးနေတဲ့ သူငယ်ချင်းကို ဘာလို့မှန်း မသိ ကျွန်တော်က သေနတ်နဲ့ ပစ်ဖို့ ကြိုးစားတာပါပဲ.. အားလုံးက ၀ိုင်း ဆွဲကြတော့ မူးနေတဲ့ သူငယ်ချင်းက ဧရာမ ထင်းတုံးကြီးနဲ့ ကျွန်တော့ခေါင်းကို ရိုက်ထည့်ပစ်လိုက်တာတောင် ခေါင်းမကွဲ ခေါင်းမပေါက် ဘာမှမဖြစ်... ခေါင်းမာတယ်ဆိုတာ.. အဲသလိုမျိုးကို ခေါ်တာနဲ့တူပါရဲ့......
.အဲသည် ၀ါးခေါက်တောကုန်းသိုက်မှာ ကျွန်တော်တို့ သိုက်ဆရာတွေေ၇ွှတွေ ငွေတွေတော့ ရကြပါတယ်... ရှမ်းကလုံး ရွာသားတွေက ၀ါးခေါက်တောကုန်းမှာ ရွှေတူးချင်ကြတော့ ကျွန်တော်တို့ အဖွဲ့နဲ့ လာရောက် ညှိနှိုင်းပြီး ရွှေတွေတူးပြီး ဝေစုခွဲကြတာပါပဲ... တကယ်တော့.. ဒါတွေဟာ တိုင်းပြည် ဘဏ္ဍာကို ကျွန်တော်တို့ ကိုယ်ကျိုး ရှာခဲ့ကြတာ မဟုတ်ပါလား.... ခု ..ပြန်စဉ်းစား မိတိုင်း ကိုယ့်ကိုယ်ကို အလီဘာဘာ ဂိုဏ်းဝင် တယောက် ဖြစ်ခဲ့ရသလို စိတ်မသက်သာ ဖြစ်မိတာ အမှန်ပါပဲ.... အဲဒီတော့.. ကိုယ့်လုပ်အားနဲ့ ရတဲ့ငွေ မဟုတ်လေတော့... မသန့်ရှင်းတဲ့ငွေဟာ .. မသန့်သလိုပါပဲ.... ကျွန်တော်တို့ ဝေပုံကြရတဲ့ ငွေတွေဟာ ၇၅ိ တန် ၃၅ိ တန်တွေ တရားမ၀င် ကြေငြာချိန်မှာ... စက္ကူတွေ ဖြစ်သွားတာပါပဲ..... ပါနီထဲကငွေ ပါနီထဲ ပြန်ရောက်တယ်ပဲ ပြောရမလား... သိုက်ဆရာတွေ.. သိုက်ပစ္စည်း မစားထိုက်ဖူးပဲပြောရမလား.....
တော်ပါသေးရဲ့ ... သိုက်သမိုင်းကားထဲ သိုက်ဆရာတွေလို... မြေပြင်မှာ ရေထင်မကူးခဲ့ရလို့..........
Credit : penai22.blogspot
No comments:
Post a Comment