ဆရာ ဦးအေးငြိမ်း
ဖွင့်ဟ၀န်ခံချက်
ဤဆောင်းပါးကို
ရေးလိုက်ခြင်းဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် သိလှပြီ၊ တတ်လှပြီ၊
မြန်မာစာကို ကျွမ်းကျင်လှပြီ၊ ကျွန်တော်ရေးသမျှ ခြောက်ပြစ်ကင်း
သဲလဲစင်သည်ဟု ဆိုလိုရာမရောက်ကြောင်း ဦးစွာပထမ ပြောလိုပါသည်။
ကျွန်တော်ရေးရသည့် အဓိကရည်ရွယ်ချက်မှာ မြန်မာများဖြစ်သော ကျွန်တော်တို့သည်
ကိုယ့်စာဖြစ်သော မြန်မာစာကို တန်ဖိုးထားလေးစားကာ ရေးသား၊ ပြောဆိုကြရန်
တိုက်တွန်းလိုရင်းမျှသာ ဖြစ်ပါသည်။
ကျွန်တော်ရေးခဲ့သည်များမှ
အမှားများကိုလည်း ထောက်ပြဝေဖန် အကြံပြုကြရန် မေတ္တာရပ်ခံလိုပါသည်။
အမှားကိုသိမှ အမှန်ပြင်နိုင်မည်။ မှားသည်ကို မှားမှန်းမသိလျှင် တစ်သက်လုံး
အမှားကြီးနှင့် နှစ်ပါးသွားနေရတော့မည်။ တစ်စုံတစ်ယောက်က
ထောက်ပြဝေဖန်လိုက်သဖြင့် ပြင်လိုက်လျှင် လမ်းမှန်ပေါ်ရောက်လာနိုင်သည်။
ဤဆောင်းပါးတွင်
မြန်မာစာ အရေးအသား၊ အပြောအဆို တိုးတက်လာစေရေးအတွက် ကျွန်တော် လေ့လာမိသမျှ၊
တတ်သမျှ၊ မှတ်သမျှကလေးနှင့် တင်ပြပါမည်။ တစ်စုံတစ်ယောက်၏
အမှားကိုထောက်ပြလျှင်လည်း အပြစ်တင်ရန်၊ ရှုတ်ချရန် မဟုတ်ဘဲ
အမှန်ဖြစ်စေလိုသော စေတနာနှင့်သာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။ ..................................
ယခုခေတ်တွင်
ကွန်ပြူတာကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်သည်သာမက အင်တာနက်မှာလည်း
လက်လှမ်းတမီ တွင်ရှိနေသည်ဖြစ်ရာ အင်တာနက်တွင် လူကြီးလူငယ် တော်တော်များများ
စာတွေဖတ်ကြ၊ ရေးကြ၊ ဆွေးနွေးကြ၊ ဝေဖန်ကြ၊ နှီးနှောကြ လုပ်လာတာတွေ့ရသည်မှာ
ဝမ်းသာစရာ ကောင်းပါသည်။ ဤသို့တစ်ဦးအမြင်ကို တစ်ဦးဆွေးနွေး၊ ဝေဖန်ခြင်းမှ
အသိသစ်၊ အမြင်သစ်များ ရလာသည်။ မိမိအားနည်းချက်၊ မိမိအမှားကို သိလာနိုင်သည်။
အမှားကိုသိပြီး အမှန်ပြင်လိုက်ခြင်း ဖြင့် တိုးတက်လာနိုင်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ
ဤကဲ့သို့ မြန်မာဘာသာဖြင့် ရေးသားကြ၊ ပြောဆိုကြရာတွင် မြန်မာစာကို
အမြီးအမောက်တည့်အောင် ကျကျနန ရေးနိုင်သူ ရှားလှသည်ကို တွေ့ရခြင်းပင်
ဖြစ်ပါသည်။ တွေ့ရသော အမှားများတွင် စာလုံးပေါင်းမှားခြင်း၊
ဝါကျတည်ဆောက်ပုံမှားခြင်း၊ အသုံးအနှုံးမှားခြင်း၊ မည်သည့်နေရာ၌
မည်သည့်စာလုံးသုံးရမည်မသိခြင်း စသည်တို့ ပါပါသည်။ အချို့စာများကို
ဖတ်ခြင်းအားဖြင့် ထိုသူသည် မြန်မာစကားကိုပင် သေသေချာချာ မပြောတတ်
သေးကြောင်း ခန့်မှန်းလို့ရပါသည်။
ကျွန်တော်
မြန်မာစာဆရာတစ်ဦးမဟုတ်ပါ။ မြန်မာစာပေ ပညာရှင်တစ်ဦးလည်း မဟုတ်ပါ။ သို့သော်
မြန်မာစာကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်ပါသည်။ အင်တာနက်
စာမျက်နှာပေါင်းများစွာတွင် မြန်မာလို ဖြစ်ကတတ်ဆန်း ရေးထားသည်များကို
တွေ့ရသောအခါ ကျွန်တော်စိတ်မချမ်းသာပါ။ သည်အကြောင်း မကြာခဏ
ကျွန်တော်တွေးမိပါသည်။ မြန်မာ website ပေါင်း များစွာကို
မွှေနှောက်ဖတ်ရှုတိုင်းလိုလိုပင် ဖြစ်ပါ၏။
မြန်မာစာ အားနည်းနေရခြင်းအပေါ် ကျွန်တော်တွေးမိသည့် အချက်အချို့ကို တင်ပြပါမည်။
ပထမဦးဆုံးနှင့်
အဓိကအကျဆုံး တရားခံမှာ မြန်မာနိုင်ငံ ပညာရေးစနစ်ဖြစ်ဖို့ များပါသည်။
အများသူငါအသိ ဖြစ်သဖြင့် အကျယ်မချဲ့လိုတော့ပါ။ လိုရင်းကိုသာ ဆိုပါမည်။
ယခုပညာရေးစနစ်တွင် ဆယ်တန်းမှလွဲ၍ အတန်းတိုင်းကို အကျမရှိ၊
ရာနှုံးပြည့်အောင်စနစ် သတ်မှတ်ထားပါသည်။ မည်သည့်ရည်ရွယ်ချက်နှင့် ဤမူကို
ချမှတ်ထားမှန်း ကျွန်တော် နားမလည်ပါ။ ရလဒ်မှာ ကျောင်းသားများ
ဆယ်တန်းထိရောက်လာသည့်တိုင် မြန်မာ၊ အင်္ဂလိပ်၊ ပထ၀ီ၊ သမိုင်း၊ သိပံ္ပ၊ သင်္ချာ။
မည်သည့်ဘာသာရပ်ကိုမှ မယ်မယ်ရရ မတတ်တော့ခြင်း ဖြစ်ပါသည်။
လက်ရှိရန်ကုန်တွင်
ဆယ်တန်းတက်နေသူ တူမလေးပြောပြသဖြင့် ဆရာဆရာမများမှာ ကျောင်းတွင် စာကို
သေသေချာချာ မသင်ဟု သိရပါသည်။ သို့သော် ကျွန်တော်တို့ဒေသဖြစ်သည့်
လေးမျက်နှာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများမှာမူ နေ့မအား၊ ညမအား၊
အားကြိုးမာန်တက် သင်ကြားပို့ချနေသည်ကို တွေ့ခဲ့ရပါသည်။ မြန်မာပြည်မှ ဆရာ၊
ဆရာမများ စာကိုကောင်းကောင်းမသင်ဟု ၀ါးလုံးရှည်နှင့် သိမ်းရမ်းဘို့တော့
မသင့်ပါ။ ကောင်းကောင်း မသင်သည့် ကျောင်းများရှိသလို၊ သေသေချာချာ သင်ပေးသော
ကျောင်းများလည်း ရှိပါသည်။
မအောင်မနေရ
ပညာရေးစနစ်ကြောင့် ကျောင်းသားများမှာ စာကြိုးစားသည်ဖြစ်စေ၊
မကြိုးစားသည်ဖြစ်စေ၊ အချိန်တန်ရင် အောင်မှာပဲ ဟု စိတ်ထဲတွင်စွဲထားလေရာ
စာကိုစိတ်မ၀င်စားတော့ပဲ၊ စာမေးပွဲအောင်ရုံလောက်သာ ကျက်မှတ်ကြပါတော့သည်။
ကျက်မှတ်သည်ဆို တော်သေး။ ခိုးချသည်က ပိုဆိုးပါသည်။ ဆရာ၊ ဆရာမဟူသည်
ကျောင်းသားကို စာကြိုးစားလာစေရန် အတင်းချုပ်ချယ်၊ ကြိမ်းမောင်း မာန်မဲ၍မရ။
ကျောင်းသားကိုယ်နှိုက်က ကြိုးစားချင်စိတ်ရှိရန် လိုပေသည်။
ဤတွင်စကားစပ်မိ၍
ကျောင်းသားကို ရိုက်မိသဖြင့် အတိုင်ခံရကာ အလုပ်ပြုတ်သွားသော
ဆရာမတစ်ဦးအကြောင်း အနည်းငယ်ပြောလိုပါသည်။ ထိုဆရာမမှာ အခြားသူမဟုတ်။
ကျွန်တော်နှင့် အလွန်ခင်မင်ရင်းနှီးသော အတန်းဖော်တစ်ဦး ဖြစ်ပါသည်။
ငယ်စဉ်ကတည်းက စာတော်သည်။ စာသင်ရတာကိုလည်း အလွန်ဝါသနာပါသည်။ ဖြစ်ပုံမှာ
သူသင်သည်ကို ကြိုးစားပမ်းစား မသင်ယူ၊ မလေ့လာသော ကျောင်းသားတစ်ဦးအား
စေတနာလွန်ကာ ရိုက်နှက်ဆုံးမမိခြင်း ဖြစ်၏။ ဤသည်ကို ကျောင်းသားမိဘများက တိုင်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်ပါသည်။ သည်သတင်းကြားတော့ ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိပါသည်။
ကျောင်းသားများ
အကျများလျှင် ဆရာ၊ ဆရာမများမှာ ထုချေလွှာတင်ရမည်။ ကျောင်းအုပ်ကြီး
အထောင်းခံရမည်။ သည်တော့ မည်သူသည် အမိုက်ခံကာ စာမေးပွဲကို အကျများအောင်
လုပ်ပါမည်နည်း။ မ,ပေါင်းတစ်ထောင် သားသမီးများ အားလုံးကို မည်ကဲ့သို့ အောင်,
အောင် သင်ပါမည်နည်း။ သည်ကြားထဲ ကျောင်းသားများကလည်း
စာမကြိုးစားပြန်ဆိုတော့ နောက်ဆုံး ဆရာ၊ ဆရာမများ လုပ်စရာ
တစ်နည်းသာရှိပါသည်။ စာမသင်ဘဲ မေးခွန်းပေး၊ အလွတ်ကျက်ခိုင်းကာ ဖြေသည့်နည်း
ဖြစ်ပါလိမ့်မည်။ ကျွန်တော် မသိပါ။ မေးခွန်းပေး အလွတ်ကျက်ပြီး
ဖြေခိုင်းတာတောင် ရာနှုံးပြည့် အောင်မည်ဟု အာမ, မခံနိုင်။
ကျသူများရှိပါလိမ့်မည်။ ထိုကျသူများကိုတော့ မဖြစ်ဖြစ်သည့်နည်းနှင့်
အောင်စေရန် နောက်တစ်ခါ ပြန်ဖြေခိုင်းပြီး အအောင်ပေးလိုက်ရသည်။
ကျွန်တော်ပြီးခဲ့သည့်အခေါက် ၂၀၁၁ ခုနှစ် ဇန္န၀ါရီလက မွေးရပ်မြေသို့ပြန်စဉ် ကျွန်တော်တို့ဒေသမှ အထက်တန်း ကျောင်းအုပ်ဆရာကြီးက ဆယ်တန်းရောက်လာတာတောင် A ကနေ Z အထိ အစအဆုံးမသိတဲ့သူရှိတယ် ဟု ကျွန်တော့်ကို ပြောပြပါသည်။ ဤသည်မှာ အထက်ပါ ပညာရေးစနစ်၏ နောက်ဆက်တွဲ ရလဒ်များ ဖြစ်ပါသည်။
ယနေ့ခေတ်
ကလေးသူငယ်များ၏ ပညာရေးအပေါ် အားမရ၍ ကျွန်တော်
ကျောင်းသင်ပြဌာန်းစာအုပ်များကို လေ့လာကြည့်ပါသည်။ ရန်ကုန်မှ
ကျွန်တော်တို့အိမ်တွင် အတန်းပေါင်းစုံမှ ပြဌာန်းစာအုပ်
အားလုံးလိုလိုရှိပါသည်။ ၀ါသနာအရ ကျွန်တော် စုဆောင်းထားခြင်း ဖြစ်၏။
ဆရာကြီးများမှ ရွေးချယ်ပြဌာန်းထားသည်ဖြစ်ရာ ပြဌာန်းထားချက်များမှာ
မဆိုးလှဟု ဆိုရပါမည်။ သို့သော် ဤပြဌာန်းစာအုပ်များကို ကျောင်းသူ၊
ကျောင်းသားများသည် သေသေချာချာရော လှန်ကြည့်ကြရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ
ဖြစ်ပါသည်။ ကျောင်းမှ ပေးလိုက်သော စာမေးပွဲတွင်မေးမည့် မေးခွန်းနှင့် အဖြေကို ကျက်လျှင် စာမေးပွဲအတွက် လုံလောက်နေပြီဖြစ်ရာ ဤစာအုပ်များကို အပင်ပန်းခံ လေ့လာရန် လိုပါဦးမည်လား။
ထို့ထက်
ကျောင်းသားဦးရေရှိသလောက် ပြဌာန်းစာအုပ်များကို ရောင်းချပေးနိုင်ပါသလား။
ရောင်းချပေးနိုင်သည့်တိုင် ကျောင်းသား၊ ကျောင်းသူများသည်
ပြဌာန်းစာအုပ်ဝယ်ရန် တတ်နိုင်ကြပါသလား။ သို့ဆိုလျှင် ဆယ်တန်းသာရောက်လာသည်၊
အချို့ကျောင်းသား၊ ကျောင်းသူများမှာ ပြဌာန်းစာအုပ်ကိုပင် မမြင်ဖူးလိုက်သူ၊
မည်သည့်စာများကို သင်လို့သင်လိုက်ရမှန်းမသိ သူ အတော်များစရာ
အကြောင်းရှိပါသည်။
အတန်းငယ်များကိုထားလျှက်
၅ တန်းမှ ၉ တန်းထိ ကျောင်းသားများကို မင်းတို့ အင်္ဂလိပ်စာမှာ ဘာတွေသင်ရသလဲ၊
ပထ၀ီမှာ ဘာတွေသင်ရသလဲ၊ သမိုင်း၊ သိပ္ပံ၊ မြန်မာစာ ဘာသာရပ်များမှာ
ဘာတွေသင်ရသလဲ ဟု လိုက်လံ မေးမြန်းစူးစမ်း၊ စာရင်းကောက်ကြည့်ရန်
သင့်လှပါသည်။ စိတ်ဝင်စားစရာ ရလဒ်များ ထွက်ပေါ်လာပါလိမ့်မည်။ မေးခွန်းကို
ကျက်ဖြေသော ကလေးငယ်တစ်ဦးအနေနှင့် ၎င်းဘာတွေကျက်လို့ ဘာတွေသင်နေရမှန်း
မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။
ဤသည်မှာ ယနေ့တက်သစ်စ လူငယ်များ မြန်မာစာ အားနည်းရခြင်း အဓိကအကြောင်း ဖြစ်ပါလိမ့်မည်။
ဆရာ ဦးအေးငြိမ်း။
မြန်မာစာသည် တို့စာ (၂) ကို မျှော်ပါ ........
No comments:
Post a Comment