ယခင်အပတ်က
ယနေ့လူကြီး၊ လူငယ်များ မြန်မာစာ အဘယ်ကြောင့် အားနည်းနေရသည်ကို အကျဉ်းချုပ်
ပြောပြခဲ့ ပါသည်။ ဤသည်မှာ ကျွန်တော်တွေးမိတာလေးကို တင်ပြခြင်းဖြစ်ပါ၏။
သို့သော်လည်း ထစ်ကနဲရှိတိုင်း ခေတ်နှင့်စနစ်အပေါ် လက်ညှိုးထိုးနေမည့်အစား
ကာယကံရှင်များကိုယ်နှိုက်ကရော ကြိုးစားပမ်းစား လေ့လာလိုက်စားကြပါသလား ဟု
ဆန်းစစ် ကြည့်ပါ။ လက်တစ်ဆုပ်စာ လူနည်းစုမှလွဲ၍ အများစုမှာ နေသာသလို
နေသွားကြတာ ဖြစ်ပါသည်။ အို - ဒါတွေမတတ်လို့လဲ ဘာမှမဖြစ်ပါဘူး။ အချိန်တန်ရင်
ဘွဲ့တစ်ခုတော့ရမှာပဲ ဟုသာ ခပ်ပေါ့ပေါ့တွေးကြပါသည်။ ငါတို့ မြန်မာတွေပဲ၊
မြန်မာလို မရေး တတ်စရာ ဘာရှိသလဲ ဟုလည်း ထင်ကြပါမည်။
အနာသိလျှင် ဆေးရှိရမည် ဖြစ်၍ ဆေးကိုရှာရန် ဦးစွာ အနာကိုသိမှ ဖြစ်ပေမည်။
အနာကား
ပထမပိုင်းတွင် ပြောခဲ့သကဲ့သို့ ပညာရေးစနစ်နှင့် ကျောင်းသားများ
ပညာရေးအပေါ်ထားရှိသည့် သဘောထားပင် ဖြစ်ပါသည်။ ဤအနာကို
မကုစားနိုင်သရွေ့ကာလပတ်လုံးသည်အတိုင်းဆက်သွားမည်သာဖြစ်ပါ၏။ ယခု မြန်မာစာအကြောင်း ဆက်ပါမည်။
အများဆုံးတွေ့ရသော အမှားများမှာ စာလုံးပေါင်းအမှား၊ သဒ္ဒါအမှား၊ အသုံးအနှုံးအမှားများ ဖြစ်ပါသည်။
ပထမဦးစွာ
စာလုံးပေါင်းအမှား ကို လေ့လာကြည့်ပါမည်။ စာလုံးပေါင်းအမှားများတွင်
တွေ့ရသည်များမှာ မည်သည့် အက္ခရာကို မည်သည့်နေရာတွင် သုံးရမည်ကို မသိခြင်း၊
ယရစ်၊ ယပင့်၊ ရေးချ၊ အသတ် များမှားခြင်း၊ ပါဠိသက် ဝေါဟာရများ ကို နားမလည်ဘဲ
သုံးခြင်း စသည်တို့ပါဝင်ပါသည်။ ထို့ပြင် ကွန်ပြူတာနှင့်ရေးခြင်း
ဖြစ်သည့်အတွက် စာလုံးလက်ကွက်အားလုံး ကို မသိသဖြင့် မှားခြင်းလည်း
တစ်ခုအပါအ၀င် ဖြစ်ပါသည်။
မြန်မာစာသည်ကား
အင်္ဂလိပ်စာကဲ့သို့ အက္ခရာ ၂၆ လုံးသိရုံမျှနှင့် ရိုက်လို့မရ။ သဝေထိုး၊
ယပင့်၊ ယရစ်၊ ရေးချ၊ ရှေ့ထိုး၊ နောက်ပစ်၊ အသတ်၊ ပါဠ်ဆင့် စသည်
များစွာရှိပေရာ ထိုအသေးအဖွဲကလေးများအားလုံးကို မသိဘဲ မြန်မာစာကို
သေသေချာချာ ရိုက်တတ်ဖို့ရာ မလွယ်ပါ။ သို့သော်လည်း ဤစာလုံးကလေးများကို
သိရန်မခက်ပါ။ မည်သည့်စာလုံးမဆို လက်ကွက်များရှိသည်။ မိမိက
ထိုလက်ကွက်ဇယားကို print ထုတ်ကာ စာကြည့်စားပွဲရှေ့တွင် ကပ်ထားလျှက်
စာရိုက်သည့် အခါတိုင်း ရည်ညွှန်းရန်သာ လိုပါသည်။ ဤသို့မဟုတ်ဘဲ
လက်ကွက်ဇယားကို မကြည့်၊ ဖြစ်ကတတ်ဆန်းရိုက်မည် ဆိုလျှင်တော့
စာလုံးပေါင်းအမှန်ကိုသိသည့်တိုင် မှားမြဲ မှားနေဦးမည်သာ ဖြစ်သည်။
အောက်ပါနမူနာများကို ကြည့်ပါ။
အဘယ်ကြောင့်
ဤကဲ့သို့ရေးသည်ကို ကျွန်တော်မသိပါ။ ရေးသူသည် တက္ကသိုလ်ကို စာလုံး
မပေါင်းတတ်၍လား။ သို့မဟုတ် က္က နှင့် ဣ ကို တူသည်ဟု ယူဆ၍ပဲလား။ သို့မဟုတ်
ပါဠ်ဆင့် -္က ကိုပဲ မရေးတတ်၍လား။
တစ်ခုခု ဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ရေးထားသည်ကို (စိုက်ပျိုးရေး တက်ကသိုလ်)
ဟု ဖတ်လို့မရပါ။ (စိုက်ပျိုးရေး တအိသိုလ်) ဟုသာ ဖတ်ရပါမည်။ (ဣ) ကို (အိ) ဟု
အသံထွက်သည်။ တက္ကသိုလ် သည် အဆင့်မြင့်ပညာများကို သင်ကြားပေးရာ နေရာဌာန ဟု
အဓိပ္ပါယ်ရသော်လည်း တဣသိုလ် (တအိသိုလ်) တွင် ဘာအဓိပ္ပါယ်မှ မရှိပါ။
နောက်တစ်ခု
ကြည့်ပါဦး။ မဟာဇနက္ကဇာတ်တော်ကို ရေးထားခြင်းဖြစ်ပါသည်။ သင်္ဘောပျက်တော့
ဘုရားအလောင်း မင်းသား မည်ကဲ့သို့လုပ်ကိုင်သည်ကို ဖော်ပြထားခြင်း ဖြစ်၏။
ဤစာပိုဒ်ကို ဖတ်ကြည့်ပါ။ ဘုရားလောင်း မင်းသားသည် ထိုင်ခုံတစ်ခုကို သယ်သွားကာ ရွက်တိုင်ထိပ်မှ ပစ်ချလိုက်သည်ဟု အဓိပ္ပါယ်ရ၏။
မည်မျှ
လွဲပါသနည်း။ အဖြစ်မှန်မှာ အလောင်းတော်မင်းသားသည် ရွက်တိုင်ထိပ်ပေါ်တက်ကာ
သင်္ဘောနှင့်ဝေးနိုင် သမျှ ဝေးဝေးသို့ ခုန်ချလိုက်ခြင်း ဖြစ်၏။ အဘယ်ကြောင့်
ထိုင်ခုံကို ရွက်တိုင်ထိပ်မှ ပစ်ချရပါမည်နည်း။
နောက်တစ်ခုကတော့
ကဗျာအကြောင်း ဆွေးနွေးထားတာ ဖြစ်ပါသည်။ မြန်မာကဗျာကို ချစ်မြတ်နိုးပါလျှက်
မြန်မာစာကို သေသေချာချာ မသင်ယူခြင်းအပေါ် အတော်စိတ်ပျက်မိပါသည်။
ယခုခေတ်
လူငယ်များမှာ (လုပ်တတ်တယ်၊ ပြောတတ်တယ်၊ သီချင်းဆိုတတ်တယ်) စသဖြင့်
ပြောကြရာတွင် အဘယ်ကြောင့် (လုပ်တက်တယ်၊ ပြောတက်တယ်၊ သီချင်းဆိုတက်တယ်) ဟု
ရေးကြမှန်း ကျွန်တော် နားမလည်ပါ။ ဖြစ်နိုင်သည်မှာ တရုတ်များစကားပြောတာကို
အတုခိုးကာ စကားမပီတော့ခြင်း ဖြစ်မည်။ အင်တာနက် စာမျက်နှာအများအပြား ၌ပင်
ဤကဲ့သို့ သုံးနေကြတာ တွေ့ရပါသည်။ ဤအထဲတွင် ပညာတတ်ဆိုသူများပါ ပါနေခြင်းကို
ကျွန်တော် အံ့သြလို့မဆုံးပါ။
တက်တယ် ဆိုသည်မှာ အပေါ်သို့တက်ခြင်း၊ သတိမေ့မျောသွားခြင်း၊ လက်ရှိအခြေအနေထက် ပိုမြင့်လာခြင်း စသည့် အဓိပ္ပါယ်ရှိသည်။
တတ်တယ်
ဆိုခြင်းမှာ တစ်ခုခုကို လုပ်တတ်ကိုင်တတ်ခြင်း၊ အတတ်ပညာတစ်ခုကို
သင်ယူတတ်မြောက်ခြင်း ဖြစ်၏။ စကားပြောတတ်သည်၊ စာရေးတတ်သည်၊ သွားတတ်သည်
စသဖြင့် ဖြစ်ပါသည်။
အထက်ပါစာပိုဒ်၌ပင်
(ကျတော်) (သာမာန် စကားများကို) ဟုလည်း မှားထားပါသည်။ ဤတွင်လည်း
အဘယ်ကြောင့် (ကျတော်) ဟု သုံးထားမှန်း မသိပါ။ ထွင်တာလား။ ကျွန်တော် ဟု
သုံးရမှာ ကျွန်စော်နံသည် ဟု ထင်လို့ပဲ လား၊ သူမှသိပါမည်။ (သာမာန်)
ဆိုသည်မှာလည်း မှားလေ့မှားထရှိသော စာလုံးတစ်ခု ဖြစ်၏။ (သာမန်) ဟု ရေးမှ
မှန်ပါမည်။
အောက်ဆုံးစာကြောင်းကိုလည်း ကြည့်လိုက်ပါဦး။ (အနည်းဆုံးဖတ်သူတစ်၇ှိပါတယ်၊ကဗျာဆရာပါ၊ကဗျာဆရာကကဗျာပျောက်တာကို အမှုမထားပါဘူး.)
ဤစာပိုဒ်ကို ဖတ်ပြီး အသင်မည်ကဲ့သို့ နားလည်ပါသနည်း။ ကျွန်တော့်အနေနှင့်မူ သူဘာပြောချင်မှန်း မသိပါ။
ဤတွင်
မှားနေတာတစ်ခု ရှိပါသေးသည်။ (၇ နှင့် ရ) ကို မကွဲခြင်း ဖြစ်၏။ ဤသည်မှာလည်း
တော်တော်များများ တွေ့ရ သော အမှားများအနက် တစ်ခုဖြစ်ပါသည်။ (၇) သည် ဂဏန်း
(ခုနစ်) ဖြစ်၏။ (ရ) သည် (ရကောက်) ဖြစ်၏။
၁၉၄၇၊
ပြောင်းကြွ တမလွန် - တွင် (၇) ကို သုံးပါသည်။ ရွှေငွေလက်ဝတ်လက်စား တွင် (ရ)
ကို သုံးရပါမည်။ (ရေ) သည် သောက်စရာ၊ ဆေးကြောစရာအရည် ဟု အဓိပ္ပါယ်ရသော်လည်း
(ေ၇) တွင် ဘာအဓိပ္ပါယ်မှ မရှိပါ။ သတိထားကြရန် ဖြစ်ပါသည်။ ၇ ကို key board မှ
ဂဏန်း 7 ကို သည်အတိုင်း နှိပ်ရသည်။ ရ ကိုလိုချင်လျှင် ထို key ကိုပင်
shift ခံကာ နှိပ်ရ ပါသည်။ ထို့ကြောင့် (ရေ၊ ရထား၊ ရွှေ၊ ရန်ကုန်၊ မရဘူး၊
မရှိဘူး) စသည်တို့ရေးသည့်အခါတိုင်း shift ခံနှိပ်ဖို့ မမေ့ပါနှင့်။
နောက်တစ်ခုပြောလိုသည်မှာ
တရားတော်များကို ပြန်လည်ရေးသူများ၊ ရှင်းပြသူများ ဖြစ်ပါသည်။
ရှင်းပြသူများအား အထူးပြောလိုသည်မှာ မိမိရှင်းပြမည့် တရားတော်ကို မိမိရရ၊
သေသေချာချာ သိသည်ဆိုလျှင် မပြောလို။ ကိုယ်လည်း သေချာ ဂဏမသိဘဲ မရေးပါနှင့်ဟု
ပြောလိုပါသည်။ မြန်မာပြည်တွင် ဗုဒ္ဓစာပေများကို သင်ယူလေ့လာ၊ စာပေများလည်း
ရေးသားနေသူ ရဟန်းရှင်လူ သိန်းပေါင်းများစွာရှိပါသည်။
သိသူများရေးပါလိမ့်မည်။ မိမိမသိသော အကြောင်းအရာဖြစ်လျှင် အနည်းငယ်မျှပင်
ဖြစ်စေ၊ မရေးပါနှင့်ဟု ပြောလိုပါသည်။
ထို့ပြင် ထိုတရားတော်များကို ပြန်လည်ကူးရေးသောအခါ၌လည်း မူရင်းစာလုံးပေါင်းများကို မှန်မှန်ကန်ကန် ကူးရေးဘို့လိုပါလိမ့်မည်။ မိမိမသိလျှင်၊ မသေချာလျှင် သိသူကိုမေးပါ။ အရမ်းကာရော မရေးပါနှင့်။ အောက်ပါစာပိုဒ်ကလေး ကို ဖတ်ကြည့်ပါ။
(အဘိဓမ္မာတရား၌
ရေတွက်ထားသော ဖြစ်နိုင်သောစိတ် (၈၉) မျိုးအားလုံး အဓိပ္ပတိ
တက်နိုင်ခြင်းတော့ မဟုတ်ပါ။ ဥပမာ မောဟခေါင်းဆောင်သော ၀ိစိကစ္ဆ
စေတသိက်ချုပ်ချယ်ခံရထားသော စိတ်(သို့လောသို့လောစိတ်))
ပထမ (အဘိဓမ္မာတရား၌ ရေတွက်ထားသော ဖြစ်နိုင်သောစိတ် (၈၉) မျိုးအားလုံး) ဟု ဖော်ပြထားတာ မှားသည်။ ရေးသင့်သည်မှာ (စိတ် (၈၉) မျိုးစလုံး) ဟု ရေးရမည် ဖြစ်ပါသည်။
နောက်တစ်ခု (အဓိပ္ပတိ) ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်ရပါသနည်း။ (အဓိပတိ) ဖြစ်ရပါမည်။ (အဓိပ္ပတိ တက်နိုင်ခြင်းတော့) ကို မည်ကဲ့သို့ နားလည်ရပါမည်နည်း။
နောက်တစ်ခု (မောဟခေါင်းဆောင်သော ၀ိစိကိစ္ဆ စေတသိက်) တွင်လည်း (၀ိစိကိစ္ဆာ) ဖြစ်ရပါမည်။
စာနှစ်ကြောင်းမျှ၌ပင် ဤမျှမှားနေလျှင် တရားတစ်ပုဒ်လုံးဆိုပါက မည်သို့ရှိချိမ့်မည်နည်း။
သက္ကရာဇ်
၁၁၄၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ဘိုးတော်မင်းတရားကြီးက
မြန်မာစာရေးထုံးနှင့် ပတ်သက်၍ အမိန့်ပြန်တမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။
အမိန့်ပြန်တမ်းမှာ -
“ရှေးထုံးတမ်းနှင့်
မညီဘဲ ရေးထုံးပျက်လျှင် အမှတ်သညာပျက်မည်။ အမှတ်သညာပျက်လျှင် အနက် အဓိပ္ပါယ်
ပျက်မည်။ အနက်အဓိပ္ပါယ် ကွဲလွဲဖောက်ပြန်လျှင် တရားကျမ်းဂန် တိမ်းယိမ်းမည်။
တရားကျမ်းဂန် တိမ်းယိမ်းလျှင် သာသနာတော်၏ အရင်းခံဖြစ်သော စာပေပရိယတ္တိ
ဆုတ်ယုတ်မည်။ စာပေပရိယတ္တိ ဆုတ်ယုတ်လျှင် ရဟန်း၊ ပြည်သူတို့ အကျင့်ပျက်
ဆင်းရဲကြီးစွာရောက်မည်။
ပုဒ်၊
အက္ခရာ၊ အသတ်၊ အပင့်၊ အရစ်၊ ရှေးရိုးရေးထုံးမကျ၊ ကွဲလွဲ၊ ထူးခြား
ချို့ယွင်း တိမ်းယိမ်းအောင် ပြင်ဆင်သူတို့ကို လွှတ်တော်က အပြစ်အလျောက်
ထိုက်သင့်ရာ စီရင်စေ။” - - ဟူ၍ ဖြစ်ပါသည်။
ယခုဖြစ်ပျက်နေသည်များကိုသာ ဘိုးတော်မင်းတရားကြီး ကြားသိရပါက မည်သို့ရှိလိမ့်မည်နည်း ဟုသာ သိလိုလှပါတော့သည်။
ဆရာ ဦးအေးငြိမ်း
မြန်မာစာသည် တို့စာ (၃) (ကိုမျှော်)
Credit : http://shwenyein.blogspot.co.uk/2011/12/blog-post.html?m=1
Credit : http://shwenyein.blogspot.co.uk/2011/12/blog-post.html?m=1
No comments:
Post a Comment