သူရေးပုံအရ
သူတော်တွေစဉ်ကုန်ပြီး မသူတော်တွေပဲ ကျန်တော့သည်။ ကောင်းမြတ်သောသူကို
(သူတော်စင်) ဟု ခေါ်သည်။ (စဉ်) ကို (လွင့်စဉ်သွားသည်) (ပြောနေစဉ်၊ ဆိုနေစဉ်)
စသဖြင့် သုံးသည်။
နောက်တစ်ခုမှာ
ဘာသာရေးစာပေများ ရေးသားကြရာ၌ အတွေ့ရများသော အမှားဖြစ်သည်။ (သဒ္ဒါ)
ဟူသောအသုံးဖြစ်၏။ လူအများသည် (သဒ္ဒါ) နှင့် (သဒ္ဓါ) ကိုမကွဲပြားကြ။
သဒ္ဒါ
ဟူသည် ပါဠိစာလုံးဖြစ်၏။ သဒ္ဒ မှ ဆင်းသက်လာသည်။ (သဒ္ဒ) မှာ မြန်မာလို (အသံ)
ဟု အဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်ရှိသောအသံကို အစွဲပြု၍ ရေးသားထားသောကြောင့်
သဒ္ဒါဟု ခေါ်သည်။ (ရည်ညွန်း။ ။ ၂၀၀၅ ခုနှစ်၊ ဇွန်လထုတ်၊ မြန်မာစာအဖွဲ့ ၏ မြန်မာသဒ္ဒါကျမ်း၊ စာမျက်နှာ ၁။ စာကြောင်းရေ ၁၂)
သဒ္ဓါ = ဘုရားစသော အာရုံတို့၌ ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း သဘောတရား
သဒ္ဓါ၏ ကြည်လင်ခြင်းလက္ခဏာ ပြဿနာ (မိလိန္ဒပဉှာ မှ)
မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန၊
သဒ္ဓါသည် အဘယ်လက္ခဏာရှိပါသနည်း” ဟု မေးလျှောက်၏။ “မင်းမြတ်၊ သဒ္ဓါသည်
ကြည်လင်စေခြင်းလက္ခဏာလည်း ရှိ၏၊ ကုသိုလ်အဖို့သို့ ပြေးဝင်ခြင်း လက္ခဏာလည်း
ရှိ၏” ဟု ဖြေကြား တော်မူ၏။ “အသျှင်ဘုရား၊ သဒ္ဓါသည် အဘယ်သို့လျှင်
ကြည်လင်စေခြင်း လက္ခဏာ ရှိပါသနည်း” ဟု (မေးလျှောက်၏)။ “မင်းမြတ်
သဒ္ဓါဖြစ်သည်ရှိသော် နီဝရဏတို့ကို ကင်းကွာစေ၏။ နီဝရဏကင်းသောစိတ်သည်
ကြည်လင်၏။ အထူးသဖြင့် သန့်စင်၏။ မနောက်ကျု။ မင်းမြတ်၊ ဤသို့လျှင် သဒ္ဓါသည်
ကြည်လင်စေခြင်းလက္ခဏာလည်း ရှိ၏” ဟု (ဖြေကြားတော်မူ၏)။
ဤမျှဆိုလျှင် (သဒ္ဒါ) နှင့် (သဒ္ဓါ) မည်မျှကွာကြောင်း သိလောက်ပြီ။
နောက်တစ်ခု
(ဖူမျော်လိုက်ကြပါအုံ့ …..)။ ဤစာရေးသူကို ကျွန်တော်မသိပါ။ ထို့ကြောင့်လည်း
သူ့ ပညာ အရည်အချင်းကို မသိပါ။ (ဖူးမြော်) ကိုပင်မှန်အောင်မရေးတတ်။
(လိုက်ကြပါအုံ့) ဆိုသည်မှာ နောက်ပြီးရေးတာလား၊ မလေးမစားရေးတာလား၊
ကပျက်ကချော်ရေးတာလား၊ မသိလို့မှားတာလား။ တစ်ခုခုဖြစ်ပါလိမ့်မည်။
ကျွန်တော်မသိပါ။
အောက်ဖော်ပြပါ
နမူနာများမှာ ယခင်အပတ်က ဖော်ပြခဲ့သော နမူနာ ကို ထုတ်ယူထားသည့်
စာမျက်နှာမှပင် ဖြစ်ပါ၏။ ထိုစာကား အမှားပေါင်း သောင်းခြောက်ထောင်နှင့်
ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ဤဆောင်းပါးရေးရန် အများ သိသင့်သိထိုက်သည့်
အနည်းငယ်မျှကိုသာ ထုတ်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။
ဤသည်မှာလည်း
အမှားများသော အသုံးဖြစ်ပါသည်။ သူ့စာလုံးပေါင်းကို အသံထွက်ကြည့်ပါမည်။
(လင်္ကျာရံ) ကို ဖြန့်ရေးလိုက်လျှင် (လင်ကျာရံ) ဖြစ်ပါမည်။ (လင်ကျာ) ဟူသော
အသုံးအနှုံး မြန်မာစကား နှင့် စာတွင် မရှိပါ။ စာလုံးပေါင်း အမှန်မှာ (လက်ျာ)
ဖြစ်ပါသည်။ သို့ဆိုလျှင် (လက်ျာ) ကို မည်သို့ အသံထွက် မည်နည်း။
ဤတွင် ကြားဖြတ်၍ရှင်းစရာတစ်ခုရှိပါသည်။ြ - သည် (ရ) နှင့် အလားသဏ္ဌာန်တူပြီး -ျ သည် (ယ) နှင့် သဏ္ဌာန် တူသည်။
ထို့ကြောင့်
(လက်ျာ) ကို ဖြန့်ရေးလိုက်လျှင် (လက်ယာ) ဟု ရပါမည်။ ထို့ကြောင့် (လက်ျာ)
ကို (လက်ယာ) ဟု ဖတ်ရပါမည်။ လက်ယာဟူသည် မြန်မာလို ညာဘက် ဖြစ်၏။ ထို့ကြောင့်
မြတ်စွာဘုရား၏ ညာလက်ရုံးဖြစ်သော အရှင် သာရိပုတ္တရာ ကို လက်ျာရံ ဟု
ခေါ်ခြင်းဖြစ်ပါသည်။ ဤသည်ကို မသိသော အချို့သူများက (လက်ျာ) ဟု ရေးထားသည်ကို
(လက်ကျာ) ဟု မှားယွင်းစွာ အသံထွက်ကြပါသေးသည်။ ဤစာလုံးပေါင်း၊ အသံထွက်နှင့်
ပတ်သက်၍ ကျွန်တော် ကျောင်းသားဘ၀က သူငယ်ချင်းများနှင့် အကြီးအကျယ်
အငြင်းအခုံဖြစ်ခဲ့ဖူးပါသည်။
ဤတွင်
စကားစပ်၍ ပြောလိုသည်မှာ (ယောက်ျား) ဟူသော စာလုံးပေါင်း ဖြစ်ပါသည်။
(ယောက်ျား) ကိုလည်း တော်တော်များများ မှန်အောင် မပေါင်းတတ်ပါ။
များသောအားဖြင့် (ယောက်ျား) ကို (ယောင်္ကျား) ဟုသာ စာလုံးပေါင်းတာ
တွေ့ရပါသည်။ (ယောင်္ကျား) ကို ဖြန့်ရေးလိုက်လျှင် (ယောင်ကျား) ဖြစ်သွားပါမည်။
(ယောင်ကျား) ဆိုမှတော့ ဟိုယောင်ယောင်၊ ဒီယောင်ယောင် ဖြစ်နေသော
ယောင်ခြောက်ဆယ် သကောင့်သားများသာ ဖြစ်ဖို့များပါသည်။ ကျားကျားလျားလျား
ယောက်ျားများ ဖြစ်ဘွယ်မရှိ။ (ယောက်ျား) ဟူသောစာလုံးပေါင်းမှာ (ကကြီး)
နှစ်လုံးကို ချုံ့ရေးထားခြင်း ဖြစ်၏။ (ယောက်ျား = ယောက်ကျား) တွင် (ယောက်)
မှ (က်) ကို (ကျား) မှ (က) နှင့်ပေါင်းကာ (က်ျား) လုပ်လိုက်ခြင်းဖြစ်၏။
အလားတူပင် (နငယ်) နှစ်လုံးကိုပေါင်းကာ (နံနက်ခင်း) ကို (နံက်ခင်း) ဟုလည်း
ရေးပါသေးသည်။ သဘောချင်း အတူတူပင် ဖြစ်ပါ၏။
နောက်တစ်ခု -
ဤတွင်ပါသော
(မကောင်းမှု့)၊ (ဖတ်ရှု့)၊ (အေးချမ်းမှု့) အားလုံးမှားသည်။ ဤသည်မှာလည်း
အမှားများသော အသုံး တစ်ခု ဖြစ်၏။ (မ - ဟထိုး၊ တစ်ချောင်းငင် - မှု) ဖြစ်၏။
သူ့စာလုံးပေါင်းနှင့်သူ ပြည့်စုံပြီးသား ဖြစ်သည်။ အဘယ်ကြောင့်
စေတနာတွေပိုကာ (အောက်ကမြစ်) ကို ထပ်ထည့်လိုပါသနည်း။ အကြောင်းမှာ
မြန်မာအသုံးကို သေသေချာချာ နားမလည်သောကြောင့် ဖြစ်၏။
(သူနဲ့ငါနဲ့
သူငယ်ချင်းတွေပဲကွာ။ ဒါပေမဲ့ ဟိုစာအုပ်ကလေး ငှားပါဆိုတော့ မငှားချင်ဘူး။
သူ့ပစ္စည်းကျတော့ သိတတ် လိုက်တာ။) ဆိုသော စာကြောင်းကို ကြည့်ပါ။ (သူ)
ဆိုသည်မှာ မိမိ၏ သူငယ်ချင်းကို ရည်ညွှန်းပါသည်။ ထိုသူငယ်ချင်း၏ စာအုပ်ကို
(သူ့ပစ္စည်း) ဟု ညွှန်းပါသည်။ ဤတွင်ပါသော (သူ့) ဆိုသည်မှာ (သူ၏) ဟု
အဓိပ္ပါယ်ရသည်။ ပိုင်ဆိုင်မှုကို ညွှန်းသည်။ (သူ့ပစ္စည်း = သူ၏ပစ္စည်း) ဖြစ်သည်။
သို့သော် ဖတ်ရှု၊ အမှုကိစ္စ၊ အေးချမ်းမှု၊ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ မကောင်းမှု စသည်တို့တွင် အောက်ကမြစ် ထည့်စရာ မလိုပါ။
ထို့အတူပင်
(အလှူ့ရှင်မှန်းသိအောင်၊ မဏ္ဍပ်တိုင် တက်ပြတယ်) ဟု ဆိုရာ၌ (အလှူ့ရှင်) ဟူသည်
(အလှူ၏ အရှင်) တစ်နည်းအားဖြင့် (ကုန်ကျသမျှအားလုံးခံကာ အလှူပွဲကျင်းပပေးသူ)
ဟု အဓိပ္ပာယ်ရ၏။ ဤတွင်ပါသော (အောက်ကမြစ်) သည်လည်း (၏) ဖြစ်ပြီး
(ပိုင်ဆိုင်မှု) ကိုညွှန်းပါသည်။
နောက်တစ်ခုကို ကြည့်ပါ။
(ကျွန်နုပ်ဘလော့များ)
ကို မည်ကဲ့သို့ ဖတ်ရပါမည်နည်း။ (ဆောင်း၇ာသီအတွက်အလှအပအကြောင်း)
ကိုရေးသူမှာ လူငယ်တစ်ဦးဖြစ်ပါမည်။ သူရေးထားသည်မှာ စာစီစာရိုက်ကို
သေသေချာချာ မလေ့လာဘဲ သိသမျှနှင့် ဖြစ်သလိုရေးထားမှန်း သိသာပါသည်။
(ဆောင်း၇ာသီ)
ဟု ရေးထားသည်ကို ကြည့်ခြင်းဖြင့် (၇) နှင့် (ရ) ကို ကွဲကွဲပြားပြား
နားမလည်သေးကြောင်း သိနိုင်ပါသည်။ ဤသည်မှာ သူတစ်ဦးတည်း မဟုတ်ပါ။
ကျွန်တော်ဖတ်မိသည့် မြန်မာအင်တာနက် စာမျက်နှာ အတော် များများ၊
ကျွန်တော့်ထံရောက်လာသည့် email အတော်များများတွင်လည်း ဤကဲ့သို့ပင် တွေ့ရပါသည်။
(၇)
သည် ဂဏန်းသင်္ချာတွင်သုံးသော (ခုနစ်) ဖြစ်၏။ ရကောက်မှာ (ရ) ဖြစ်ပါသည်။
မတူပါ။ ၇ တွင် ပါးစပ်ထဲ၌ အဆံမပါ။ ခြေထောက်ကွေးသည်။ (ရ) တွင် ပါးစပ်ထဲ၌
အဆံပါပြီး ခြေထောက်ဖြောင့်သည်။
(ဒါပေမယ့်)
ဟူသည့်စာလုံးပေါင်းမှာလည်း အမှားများသော စာလုံးဖြစ်၏။ (ဒါပေမယ့်) မဟုတ်ပါ။
(ဒါပေမဲ့) ဖြစ်ပါသည်။ (မယ့်) ကိုမည်သည့်နေရာတွင် သုံးပါသနည်း။ ရှေးခေတ်က
မိန်းကလေးတို့သည် မိမိကိုယ်ကိုညွှန်းရာ၌ (ယခုခေတ် မိန်းကလေးများ ကြီးကြီး၊
ငယ်ငယ်၊ သမီး၊ သမီး ဟု ညွှန်းသကဲ့သို့) (မယ်) ဟု သုံးသည်။ မိန်းကလေးများကို
လည်း (မယ်) ဟု သုံးသည်။ ထို့ကြောင့် (ကျွန်မတစ်ယောက်တည်း) ဟုပြောလိုသည့်
အခါများတွင် (မယ့်တစ်ကိုယ်တည်း) ဟု သုံးသည်။
အေးငြိမ်း
၃၀-၁၁-၂၀၁၁Credit : http://shwenyein.blogspot.co.uk/2011/12/blog-post.html?m=1
No comments:
Post a Comment