ကလောရောက်ပြီး နောက်တစ်ရက်နေတော့ သူငယ်ချင်းတွေဖြစ်တဲ့ ထွန်းထွန်းနဲ့မော်တို့ ဖွင့်ထားတဲ့ဆင်စခန်းကို သွားလည်ကြတယ်၊ ကလောဇာတိဖြစ်တဲ့ ထွန်းထွန်းက ငယ်ငယ်လေးကတည်းက တောတောင်ရေမြေကို ချစ်မြတ်နိုးသလို ကျနော်တို့နဲ့ tourism လောကထဲမှာမဆုံခင် ကလောမှာ trekking guide လည်း လုပ်ခဲ့သေးတယ်၊ အခု သူတို့ ဆင်စခန်းလုပ်နေတာ ၃ နှစ်ထဲတောင် ရောက်လာပေမယ့် ကျနော်တို့ကလည်း တစ်ခါမှ မရောက်နိုင်ဘူး ဖြစ်နေခဲ့တယ်၊ ဒီတစ်ခေါက်မှပဲ အဲဒီအတွက်ကို သီးသန့်အချိန်ပေးပြီး သွားဖြစ်ပါတော့တယ်…၊
ထွန်းထွန်းတို့ရဲ့ ဆင်စခန်းက ကလောကို တက်လာတဲ့လမ်းမှာ ရှိပါတယ်၊ ကလောအတက်မှာရှိတဲ့ နန့်ပန်တစ်ရွာကြီးရဲ့ အလွန် မကွေဆိုတဲ့ ရွာကလေးနားက တောထဲမှာ ဖွင့်ထားတယ်၊ ကလောမြို့ထဲကနေ ဆင်စခန်းကို ပြန်ဆင်းသွားတော့ လမ်းတလျှောက်က ရေယား၊ ဝက်ဖြူရေ စတဲ့ရွာလေးတွေမှာ ခြံထွက်အသီးအနှံတွေကို အိမ်ဆိုင်လေးတွေဖွင့်ပြီး တပိုင်တနိုင် ရောင်းနေကြတယ်၊ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းကအတိုင်း မပြောင်းမလဲပါပဲ၊ ဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ကျွဲကောသီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး… အစုံပဲ တွေ့ရတယ်၊ ကလောကနေ စခန်းအထိ ၄၅ မိနစ်လောက် မောင်းသွားရပါတယ်၊
ကျွေးသမျှ ငှက်ပျောသီးအကုန် စားချင်နေတဲ့ ဖိုးချစ်၊ သူ့ကို ချစ်ခင်တဲ့ ဆင်မတစ်ကောင်နဲ့ စွယ်စုံကြီး သောင်းကန်ဌေး…၊ သစ်ဆွဲဆင်တွေ ဖြစ်တဲ့အတွက် ဆင်အကြီး ၂ ကောင်ရဲ့ တင်ပါးမှာ ကိုယ်ပိုင်နံပါတ် ထိုးထားတာ တွေ့နိုင်ပါတယ်၊ အကယ်၍ ဖိုးချစ်သာ သပိတ်ကျင်း တစ်နေရာက တောထဲမှာ ဆင်ရိုင်းအုပ်နဲ့အတူ ရှိနေခဲ့ဦးမယ်ဆိုရင် သူ့အမေနဲ့အဖေဘေးမှာ အခုလိုပဲ ပွတ်သီးပွတ်သပ်လုပ်ရင်း လွတ်လပ်စွာပျော်မြူးနေလိမ့်မှာ အသေအချာပါ…။ ။
စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၅)
(အပိုင်း ၆ မှာ ရေလေးမကျသေးခင် အင်းလေးကို အပြေးသွားလိုက်ကြရ အောင်လားဗျာ…)ညီလင်းသစ်
၂ ဒီဇင်ဘာ၊ ၂၀၁၃
Credit : http://nyilinnthit.blogspot.co.uk/2013/12/blog-post.html
No comments:
Post a Comment