♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 16, 2016

"မြန်မာ့ အနုပညာ ပန်းဆယ်မျိုး "


Image result for ပန်းဆယ်မျိုးမြန်မာတို့သည် ရှေးပဝေဏသီကပင် မြန်မာမူမြန်မာ့ဟန် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမပညာ လက်ရာများဖြင့် တင့်တင့်တယ်တယ် ဝင့်ဝင့်ထယ်ထယ် နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးဖြစ်သည်။ မြို့ပြ နိုင်ငံငယ်လေးများအဖြစ် ရပ်တည်ခဲ့ကြစဉ်မှစ၍ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီးနေထိုင်လာခဲ့ကြရာတွင် အစဉ်အလာအဆင့်အတန်း မြင့်မားသော ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကို မပျောက်မပျက် မကွယ်မပအောင် ပြုစုထိန်းသိမ်းလာခဲ့ကြပါသည်။ ထိုယဉ်ကျေးမှုအနုပညာလက်ရာများကား ယနေ့တိုင် ကမ္ဘာ့အလယ်ဝင့်ထည်စွာ ရပ်တည်လာနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ မြန်မာတို့မြတ်နိုး တန်ဖိုးထားရာ အနုပညာ အတတ်ပညာဆယ်မျိုးရှိပါသည်။ အလွန်နူးညံ့သိမ်မွေ့ပြီး ခက်ခဲနက်နဲ့သော အနုပညာများကို ပန်းနဲ့ တင်စားခေါ်ဝေါ်ခဲ့ကြသည်။ “ဘုရားမတင် နတ်မဝင် လူတွင်ဆယ်ပွင့်ပန်း” ဟူသော စကားအရ အနုပညာလက်ရာ ပန်းဆယ်မျိုးရှိကြောင်း တွေ့ရမည် ဖြစ်ပါသည်။ “ပဲထိမ်တဉ်းတော့ ရံပုမော့ (မှတ်လော့) ပွတ်ချီယွန်း” ဟု အတိုကောက်အားဖြင့် မှတ်ယူခဲ့ကြရာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရံ၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း ဟူ၍ အကျယ်မှတ်သားရပါသည်။

    ပန်းပဲ။ သံကိုထုရိုက်၍ သံထည်ကိရိယာတန်ဆာပလာများပြုလုပ်သော အတတ်ပညာဖြစ်ပါသည်။ ဓား၊ ပုဆိန်၊ စူး၊ ဆောက် စသည့် ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး၊ ထွန်၊ ထယ်၊ သံဇဉ်များ ကိုလည်း လုပ်ကိုင်ကြရသည် ဟု “ရာဇဝံသံ” ကျမ်းအလာရှိကြောင်း မှတ်သားရပါသည်။ ပျူခေတ်မြို့ပြနိုင်ငံများခေတ်မှ စတင်ခဲ့ပြီး ယနေ့တိုင်လည်း အသုံးတွင်ကျယ်လျှက်ပင် ရှိပါသည်။
    ပန်းထိမ်။ ရွှေငွေတို့ဖြင့် လူ့အသုံးအဆောင် လက်ဝတ်ရတနာများ ပြုလုပ်သော လုပ်ငန်းဖြစ်ပါသည်။ ပန်းထိမ်ပညာရပ်သည်လည်း ပျူခေတ်မှအစပြုခဲ့ကြောင်း ရှေးဟောင်းမြို့ပြနိုင်ငံများမှ တူးဖော်တွေ့ ရှိရသည့် လက်ဝတ်ရတနာပစ္စည်းများက သက်သေခံလျှက် ရှိပါသည်။
    ပန်းတဉ်း။ သံထည်၊ ကြေးထည်တို့ကို နိဗ္ဗာန်ကုန်လုပ်ငန်းများပြုလုပ်သော အတတ်ပညာဖြစ်ပါသည်။ ကြေးစည်၊ ထီးတော်၊ ငှက်မြတ်နားတော် စသည့် ဘာသာရေးဆိုင်ရာများတွင် အသုံးပြုသည့် ပစ္စည်းများကို ထုတ်လုပ်သည်။ ပန်းတဉ်းပညာကို ယနေ့ခေတ် ပဒင်းလုပ်ငန်းဟု အခေါ်များကြောင်း သိရှိရပါသည်။ ပန်းတဉ်းအတတ်ပညာသည်လည်း ပျူခေတ်နှောင်းပိုင်းတွင် စတင်ထွန်းကားနေပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
    ပန်းတော့။ အုတ်၊ အင်္ဂတေတို့ဖြင့် ဘုရားကျောင်းတော်၊ ဘုန်းတော်ကြီးကျောင်းတို့၏ မုခ်ဦး ပန်းဆွဲများ၊ နတ်၊ သိကြား၊ ဘီလူး၊ ဆင်၊ ခြင်္သေ့ စသည်တို့ကို ပြုလုပ်သော အတတ်ပညာဖြစ်ပါသည်။ ပန်းတော့ အတတ်ပညာသည် ဗိဿနိုး၊ သရေခေတ္တရာခေတ်များမှ စတင်ပြုလုပ်ခဲ့ပြီး ပုဂံခေတ်တွင် အထွန်းကားဆုံးဖြစ်ခဲ့သည်ကို တွေ့ရှိပါသည်။ ယနေ့တိုင်လည်း အသုံးတွင်ကျယ်ဆဲ အနုပညာလက်ရာတစ်မျိုးဖြစ်ပါသည်။
    ပန်းရံ။ အုတ်၊ သဲ၊ ကျောက်၊ အင်္ဂတေ တို့ဖြင့် ဘုရားစေတီမှအစ လူနေအဆောက်အဦးအဆုံး တည်ဆောက်ရသော လုပ်ငန်းဖြစ်ပါသည်။ သရေခေတ္တရာ ပျက်စီးချိန်မှစ၍ ယနေ့တိုင် အသုံးတွင်ကျယ်နေသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
    ပန်းပု။ မြေစေး၊ သစ်စေး တို့ဖြင့်ရောစပ်၍ သစ်သား၊ ဆင်စွယ်၊ ဖယောင်း တို့ဖြင့် ရုပ်လုံး၊ ရုပ်ခုံး၊ ရုပ်ကြွ ပြုလုပ်သော အတတ်ပညာရပ် ဖြစ်သည်။ ပျူခေတ်မှစတင်ကာ ထွန်းကားခဲ့ပြီး ယနေ့ခေတ်တွင် ခေတ်မီပစ္စည်းများဖြင့် ပန်းပုအတတ်ပညာကို လုပ်ကိုင်လျှက်ရှိပါသည်။ အထင်ရှားဆုံးမှာ ရေခဲပန်းပု၊ သဲပန်းပုများပင် ဖြစ်သည်။
    ပန်းတမော့။ ပန်းတမော့အတတ်ပညာသည် ကို ကျောက်ဆစ်ပညာဟုလည်း ခေါ်ကြသည်။ ကျောက်သားကို ထွင်းထု၍ လှပသေသပ်အောင် ပြုလုပ်ရသော လုပ်ငန်းဖြစ်သည်။ မြတ်စွာဘုရားဆင်းတုတော်များ ထွင်းထုလုပ်ရာတွင်အသုံးပြုခဲ့ပြီး ခေတ်နှင့်လျှော်ညီစွာ ပြောင်းလဲလုပ်ကိုင်လာကြသည်များကိုလည်း တွေ့ရပါသည်။ အထင်ရှားဆုံးမှာ စကျင်ကျောက်သားဖြင့် ထွင်းထုထားသော အဘယလာဘမုနိ ကျောက်တော်ကြီးဘုရားကြီး ပင် ဖြစ်ပါသည်။ ဗိဿနိုး၊ သရေခေတ္တရာမှစတင်ထွန်းကားခဲ့ပြီး ယနေ့တိုင်လည်း အသုံးတွင်ဆဲ အတတ်ပညာတစ်ခု ဖြစ်ပါသည်။
    ပန်းပွတ်။ သစ်သား၊ ဆင်စွယ် စသည့် ကုန်ကြမ်းပစ္စည်းများကို အခြေတည်၍ ပွတ်လုံးထိုးကာ ထီးသုံးနန်းသုံး
အသုံးအဆောင်များ၊ ဘုန်းတော်ကြီးကျောင်းစသည့် သာသနိကအဆောက်အဦးများ၊ နေအိမ်များ တွင် လှေကားလက်ရန်းတိုင်များ၊ ဝရံတာလက်ရန်းတိုင်များ မှအစ ပြုလုပ်သော အတတ်ပညာတစ်မျိုးဖြစ်ပါသည်။ ယနေ့တိုင်လည်း အသုံးများဆဲ ပညာရပ်တစ်ခုဖြစ်သည်။
    ပန်းချီ။ မင်၊ ခဲ၊ ရေဆေး၊ ဆီဆေး၊ သင်္ဘောဆေး စသည်တို့ဖြင့် လောကအတွင်းရှိ သက်ရှိသက်မဲ့ အရာဝတ္ထု၊ ပုံသဏ္ဍာန်အမျိုးမျိုးတို့ကို ရေးဆွဲချယ်မှုန်းရသော အတတ်ပညာတစ်ခုဖြစ်ပါသည်။ သရေခေတ္တရာခေတ်မှအစပြု၍ ထွန်းကားခဲ့ပြီး ယနေ့တိုင်အောင် အသုံးတွင်ကျယ်လျှက်ရှိပါသည်။
    ပန်းယွန်း။ ဝါးနှီး၊ သစ်စေးတို့ဖြင့် ကျောက္ကာထည်၊ ယွန်းထည် အစရှိသည့် လူ့အသုံးအဆောင်များ ပြုလုပ်သော အတတ်ပညာတစ်မျိုးဖြစ်ပါသည်။ အင်းဝခေတ်အလွန်၊ ကုန်းဘောင်ခေတ်တွင် ထွန်းကားခဲ့ပြီး တိုင်းနိုင်ငံအချင်းချင်း လက်ဆောင်ပဏ္ဏာများအဖြစ် ပေးကမ်းရာ အဖိုးတန်ပစ္စည်းများ ပြုလုပ်သောပညာရပ်တစ်ခု ဖြစ်ပါသည်။ ပုဂံ၊ ညောင်ဦး၊ မုံရွာကျောက္ကာ၊ မောင်းထောင် ဒေသများတွင် လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

Credit : http://h4ue.blogspot.co.uk/2013/03/blog-post_8.html

No comments:

Subscribe

လာလည်သူများ

free counters