‘ဂျီစီတီ ဒုတိယနှစ် ကျောင်းသားလေးနှစ်ယောက် စာမေးပွဲကျလို့ ကြိုးဆွဲချပြီး သေသွားတယ်’
အင်တာနက်မှာ တွေ့ခဲ့ရသောသတင်းက ကြေကွဲဖွယ်ကောင်းလှသည်။
ဒုတိယနှစ်ကျောင်းသား၊ အတော်ငယ်ပါလိမ့်မည်။ သူ့စိတ်သူမထိန်းနိုင်လောက်အောင်
ထိခိုက်သွားရှာလိမ့်မည်။ သူ့အသက်က ဘယ်နည်းနှင့်မျှ ၂၀ မကျော်နိုင်သေး။ ၁၈၊
၁၉ အလွန်ဆုံးရှိမည်။‘သူ့အဖေက ဆုံးသွားပြီတဲ့။ အမေနဲ့နေတာတဲ့။ သူ့အမေက အင်္ကျီချုပ်ရတာတဲ့။ သူ့အမေက အင်္ကျီချုပ် ဖို့အထည်သွားယူနေတုန်း အိမ်တံခါးပိတ်၊ ပုဆိုးတွေနဲ့ကာပြီး ဘုရားစင်နားမှာ လုပ်လိုက်တာတဲ့။ သူ့ ပါးစပ်ကိုလည်း အဝတ်နဲ့ဆို့ထားသေးသတဲ့။’
ကြားရသည်များက ရင့်နင့်ပြီးရင်းနင့်ရ၏။ ကလေးလေးဘယ်လောက် စိတ်ထိခိုက်သွားရှာလဲ စဉ်းစား ကြည့်နိုင်ပါသည်။
သူအော်လျှင် ကြားမည်စိုးပြီး သူ့ပါးစပ်သူအဝတ်နှင့်ဆို့သေးသည်။ တိတိကျကျလုပ်သွားရှာသည်။ သူ့အမေ ပြန်လာ၍သားကိုကြိုးတန်းလန်းဖြင့်မြင်လျှင် ရှုးလောက်၏။ သို့သော်ဘယ်သူမှ ဘာမျှမတတ် နိုင်တော့။
တကယ်တော့ မိမိကိုယ်မိမိ သတ်သေလောက်သည်အထိ စိတ်ဓာတ်ခွန်အားလျော့မနေအောင် ပျိုး ထောင်ခဲ့ဖို့ကောင်းသည်။ ဘဝအခြေအနေမည်သို့ပင် ဖြစ်နေပါစေ။ လူဆိုသည်မှာ အသက်ရှင်နေသ ရွေ့ မျှော်လင့်ချက်ရှိနေကြောင်း ယုံကြည်ထားရန်လိုသည်။ ကလေးက စာလည်းရေးခဲ့သေးသည်ဟု ဆိုသည်။ ‘ကျွန်တော်က ဆန်ကုန်မြေလေးပါပဲ’ တဲ့။ ဖြစ်မှဖြစ်ရလေ။ ဂျီတီစီဒုတိယနှစ်မအောင်တာနဲ့ ဘဲ။ ဆန်ကုန်မြေလေးဖြစ်သွားပြီလား။
ဤစာရေးသူသည်လည်း တစ်ဦးတည်းသောသားကို ပျိုးထောင်ခဲ့ရသူဖြစ်၏။ ခုနှစ်တန်း၊ ရှစ်တန်း လောက်မှစပြီး ကျောင်းပြေးလိုက်သည်မှာ ၁၀ တန်းကိုလည်း သုံးကြိမ်၊ သုံးနှစ်ဖြေမှအောင်ခဲ့သည်။
သူ့ကိုဘယ်တော့မှ အပြစ်မတင်ခဲ့ပါ။ ၁၀ တန်းတော့အောင်ရမည်။ ၁၀ တန်းအောင်ပြီးလျှင် သားသ ဘောဟု လွတ်လပ်ခွင့်နှင့် ထိန်းချုပ်ခဲ့ရသည်။ နောက်ဆုံးမှာ အောင်သွားခဲ့ပြီး သူလည်းသူ့ကိုယ်သူ ကျေနပ်သွားသည်။ အင်းစိန် ဂျီတီအိုင်တက်ခွင့်ရသည်။ ပထမနှစ်ကျသည်။ ခပ်ပြုံးပြုံးဖြင့် ဆက်တက် ဟုအားပေးရသည်။ ဒုတိယနှစ်မှာကျောင်းတက်ရ၏။ ၇၅ ရာခိုင်နှုန်းမပြည့်၍ စာမေးပွဲဖြေခွင့်မရ။ အပြင်မှဖြေ၍လည်းမရ။ သူချစ်သော ဂျီတီအိုင်ကိုအပြီးစွန့်ခွာခဲ့ရ၏။
ထိုအချိန်က သူစိတ်ဓာတ်ကျရှာသည်။ အိမ်ကထွက်သွားသည်။ အမေဖြစ်သူက လိုက်ခေါ်ပြီး သင်္ဘော ကျင်းမှာ အသိနှင့်သွင်းပေးလိုက်သည်။ ဂျီတီအိုင်မရလည်း ဘာဖြစ်လဲ။ သင်္ဘောကျင်းလုပ်သက်နှင့် စာမေးပွဲဖြေပြီး သင်္ဘောသားလုပ်နိုင်သည်ဟု အားပေးရသည်။
သို့သော် သင်္ဘောကျင်းလုပ်သက်မရခင် ၈၈ ကြီးနှင့်တိုးပြီး အားလုံးပျက်ပြယ်သွားခဲ့သည်။ သင်္ဘော သားမဖြစ်လည်း ဘာအရေးလဲ။ အပြင်ကနေစာမေးပွဲဖြေဟု အားပေးပြီး အဝေးသင်ဖြေခိုင်းရ၏။ နောက်ဆုံးမှာ B.A (မြန်မာစာ) ဘွဲ့ရပြီး အိုင်တီကုမ္ပဏီမှာ မန်နေဂျာတောင် ဖြစ်သွားလေသည်။ မြေး မလေးလည်း ဂျီတီစီဒုတိယနှစ်မှာကျခဲ့၏။ ဆက်တက်ပြီး နောက်နှစ်အောင်သွား၏။ ယခုအခါ Sky Net ၌ အသံလွှင့်အင်ဂျင်နီယာဖြစ်နေပြီ။
စာမေးပွဲဆိုသောအရာက အောင်လျှင်အောင်၊ မအောင်လျှင်ကျမည်။ အောင်လျှင်ကောင်းသည်။ မအောင်လျှင်လည်း နောက်နှစ်ထပ်တက်။ သို့မဟုတ် အခြားလိုင်းပြောင်း၍ရသည်။ လူ့ဘဝဟူသည် စာမေးပွဲမအောင်၍ ဘာမျှမဖြစ်ဟု ကလေးကိုအသိစိတ်သွင်းထားခဲ့သဖြင့် ကျွန်မသားသည်စိတ်ဓာတ် မကျတတ်သူအဖြစ် ဆုံးရှုံးမှုအဝဝကိုတွန်းလှန်နိုင်ခဲ့ပေသည်။
သည်သဘောတရားကို သွတ်သွင်းပေးရမည့် တာဝန်ကမိဘများတာဝန်ဖြစ်၏။ ကလေးဟူသည် ဦး နှောက်နုနယ်သည်။ အတွေ့အကြုံနုနယ်သည်။ အရှည်အဝေးမမြင်နိုင်ပါ။ လူကြီးကဖေးမနိုင်မှ တော် ရုံကျတတ်သည်။ အထူးသဖြင့် လောကဓံအဆိုးလေးပါးကို ခံနိုင်အောင်သွန်သင်ကြရပါမည်။ ဘဝဟူ သည်ခရီးရှည်ကြီးဖြစ်၍ ဖြည်းဖြည်းချင်းလျှောက်လှမ်းရန်လိုကြောင်း၊ အခြားသူများ၏ ဘဝနှင့်မိမိဘဝ ကိုနှိုင်းယှဉ်ရန် မလိုကြောင်း၊ အသက်ရှင်ရပ်တည်နိုင်ခြင်းသည်ပင် ဘဝ၏အောင်နိုင်မှုဖြစ်ကြောင်း စိတ်ဓာတ်သွင်းပေးသင့်၏။
ကလေးတစ်ယောက်ချော်လဲလျှင် ရိုက်ပုတ်ပြစ်တင်ခြင်းမပြုဘဲ ‘သတ္တိရှိတယ်’ ဟု အော်ခိုင်းသော မိဘ များ၏ကလေးသည် ဒုက္ခတွေ့တိုင်းပြုံးရယ်ပြီး ရင်ဆိုင်နိုင်စွမ်းရှိပါလိမ့်မည်။
စာမေးပွဲကျခြင်းနှင့်ပတ်သက်ပြီး မည်သူ့ကိုမှ အပြစ်တင်ရန် မရှိသကဲ့သို့ အားငယ်ရန်လည်းမလိုပေ။ နောက်ထပ်ရွေးချယ်စရာလမ်းတွေ ပေါပါသည်။ တစ်ခါတစ်ရံ တစ်နေရာ၌ ရှုံးခြင်းသည် ပို၍ကောင်း သော တခြားနေရာသို့ ရောက်စေတတ်၏။
ရှုံးတိုင်း၊ ရှုံးတိုင်း ခွန်အားအသစ်မွေးရပါမည်။ ဤသို့ဖြင့် ခွန်အားတွေတိုးပွားလာတတ်သည်။ အရှုံးကို ခံနိုင်ခြင်းသည်ပင် ဘဝ၏ရင့်ကျက်မှုဖြစ်၏။ ဤလောက၌ မရှုံးဖူးသူမရှိချေ။ အောင်မြင်မှုအများအပြား သည် အရှုံးများပေါ်အခြေခံပြီး ဖြစ်ပေါ်လာသော ရလဒ်များဖြစ်ကြောင်း ယုံကြည်ရန်လိုသည်။
တကယ်တမ်းအရှုံးမှာ ‘သေခြင်းတရား’ ဖြစ်၏။ သေပြီဆိုလျှင်တော့ ဘာမှဆက်လုပ်၍ မရနိုင်တော့ပါ။ မသေသေးသမျှ အရာရာကိုမျှော်လင့်နိုင်သည်။
အသက်ရှူနေနိုင်သေးလျှင် အရာရာကိုလုပ်နိုင်ရန် အခွင့်အလမ်းရှိသည်။ ထို့ကြောင့် မိမိဘဝအောင် မြင်မှုများအတွက် မဖြစ်မနေလုပ်ရမည့် တာဝန်သည် ‘အသက်ရှင်ခြင်း’ သာဖြစ်၏။
ထိုဂျီတီစီကလေးလေးကို နှမြောခြင်းကြီးစွာဖြင့် ဤစာကိုရေးပါသည်။ နောက်ထပ် ဤသတင်းမျိုး မကြားရအောင် မိဘများကလည်း မိမိသား၊ သမီးများအား ခံနိုင်ရည်စိတ်ဓာတ်များ သွတ်သွင်းပေးထား ကြပါရန် တောင်းပန်ပါသည်။
ပန်းကလေးများ မကြွေစေချင်ပါ။
စံတော်ချိန်သတင်းစာ
နိုဝင်ဘာလ (၂၁) ရက်၊ ၂၀၁၄ ခုနှစ်
Details
Category: အက်ဆေး (စာစီ စာကုံး)
- Published on Thursday, 04 December 2014 03:39
- Written by MM Teachers
- www.maukkha.org မှ ကူးယူတင်ပြထားပါသည်။
No comments:
Post a Comment