သူငယ်ချင်းတို့ရေ
တစ်ခါကတိုင်းပြည်တစ်ပြည်မှာ ပညာရှိဘုရင်ကြီး တစ်ပါးရှိသတဲ့။
တစ်နေ့တော့ သူဟာ သူ့ရဲ့သမီးတော် ဇီဝကလျှာ မင်းသမီးလေး (ဓာတု တို့ ရူပ တို့က ရိုးနေပြီလေ)
ကို အချိန်တန် အရွယ်ရောက်လာပြီဖြစ်တဲ့အတွက်လောကတံထွာ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်
အာချိန်တန်အာ (ဟုတ်ပေါင်) အဲအဲ တိုတိုပြောရရင် လင်ပေးစားချင်တယ်ပေါ့ဗျာ။
ဒါပေမယ့် သူဟာ ပညာရှိတစ်ယောက် ဖြစ်လေတော့ သူ့သမီးနဲ့ ရမယ့် သူ့သားမက်ဟာလည်း
သူ့လို ပညာရှိပဲ ဖြစ်စေချင်တယ် တဲ့။ ဒါ့ကြောင့် သူ့သားမက်ကို ပညာရှိမရှိ စမ်းလိုတဲ့အတွက်
ထော်လာဂျီပေါ် လော်စပီကာတင်ပြီး မြို့တော်ထဲကို အခုလို လော်ကြေးနင်း ဆော်စေပါသတဲ့။
“မြို့တော်အတွင်း၌ လှည်းနေ လှေအောင်း မြင်းစောင်း မကျန် မှီတင်းနေထိုင်ကြကုန်သော
ဿပူရိသ ရှိရှိသမျှသော လူပြိုလေး၊ လူပြိုကြီး၊ လူပြိုသိုးများ အားလုံး သိစေရန် .......
ရွှေတွင်း၊ ငွေတွင်း ပယင်းဒုတ္ထာ၊ ရတနာ ခုနှစ်လီ ထီးစည်ပိုင်သ ဖူးစာရှင်မြို့ကို အစိုးရတော်မူသော
ဘ၀ရှင်မင်းတျားကြီး အမိန့်တော် မှတ်လိုက်သည်မှာ ...........
ယခုအချိန်သည် ၀ါလကင်းလွတ် သီတင်းကျွတ်ရန် အချိန်နီးကပ်နေပြီဖြစ်ပါသောကြောင့်
သမီးတော်လေး ဇီဝကလျှာ မင်းသမီးလေးကို ယခု သီတင်းကျွတ်အမီ ကြင်ယာတော် ရွေး လက်ဆက်
ထိမ်းမြန်းပေးလိုပါသဖြင့် သမီးတော်လေး၏ကြင်ယာရွေးပွဲသို့ မည်သည့် လူပြိုလေး၊ လူပြိုကြီး၊
လူပြိုသိုးများအားလုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း...
ပြိုင်ပွဲစည်းကမ်းချက်များမှာ-
(၁) ပြိုင်ပွဲဝင်သူသည် ငွေအသပြာ (၁၀၀၀) ကျပ်တိတိကို ယူဆောင်လာရမည်။
(၂) ထိုသို့ ယူဆောင်လာရာတွင် ထိုငွေအသပြာ (၁၀၀၀) ကျပ်ကို အိတ် (၁၀) လုံးတွင် အသီးသီး
ခွဲဝေထည့်၍ ယူဆောင် လာရမည်။ ဗလအိတ် တစ်လုံးမျှ မပါစေရ။
(၃) ထိုသို့ ခွဲဝေထည့်ပြီးနောက် မင်းတရားကြီး တောင်းဆိုသော ငွေပမာဏ (၁) ကျပ်(၁၀၀၀)ကျပ်အထိ
အိတ်များကို မဖွင့်ဘဲ အိတ်တစ်လုံးခြင်းသော်လည်းကောင်း၊ အိတ်များကိုတွဲစပ်၍သော် လည်းကောင်း
ပေးအပ်ရမည်။ အိတ်များကို ဖွင့်၍ ရေတွက်ခြင်း မပြုရ။ လိုအပ်သောငွေပမာဏ ရအောင် အိတ်
အလုံးရေ (၂) လုံးမှ (၁၀) လုံးအထိ ကြိုက်သလို ပေါင်းစပ်နိုင်ပါသည်။
(၄) အိတ်များပေါ်တွင်လည်း အိတ်အတွင်း၌ ငွေအသပြာ မည်မျှရှိသည်ကို ထင်ရှားစွာ ရေးသား
ပြသထားရမည်။
(၅) အထက်ပါအတိုင်း ပေးအပ်နိုင်ပါလျှင် လှထိပ်ခေါင်တင် ဇီဝကလျှာမင်းသမီးလေးနှင့် လက်ဆက်၊
သမက်ရာထူး နှင်းအပ်မည်ဖြစ်ပါကြောင်း သမီးတော်လေး ဇီဝကလျှာ မင်းသမီးလေး၏
ပုံတော်နှင့်တကွ ကြေငြာမောင်း အဲ အဲ ကြေငြာလော်ဆော် အော်လိုက်ရပါသတည်း။””
ကဲသူငယ်ချင်းလူပျိုအပေါင်းတို့ခင်ဗျား ခုချိန်မှ စပြီးတော့ ပြိုင်ပွဲဝင်နိုင်ပြီဖြစ်ပါကြောင်း။
စဉ်းစားဖြေကြည့်ပြီးရင် သူငယ်ချင်းတို့ တွက်ထားတဲ့ အဖြေ မှန်မမှန် အဖြေကိုသိဖို့ အပြည့်အစုံဖတ်ရန်
ဆိုတာလေးကို ကလစ်နှိပ်လိုက်ပါနော်။
အဖြေကတော့
ပထမအိတ် = ၁ ကျပ်
ဒုတိယအိတ် = ၂ ကျပ်
တတိယအိတ် = ၄ ကျပ်
စတုတ္ထအိတ် = ၈ ကျပ်
ပဉ္စမအိတ် = ၁၆ ကျပ်
ဆဋ္ဌမအိတ် = ၃၂ ကျပ်
သတ္တမအိတ် = ၆၄ ကျပ်
အဋ္ဌမအိတ် = ၁၂၈ ကျပ်
န၀မအိတ် = ၂၅၆ ကျပ်
ဒဿမအိတ် = ၄၈၉ ကျပ် တို့ဖြစ်ကြပါတယ်ဗျာ။
ဒီအဖြေတွေကို လွယ်လွယ်လေးမှတ်ထားလို့ရပါတယ်
အဲဒါတွေက တကယ်တော့ ၂ ရဲ့ ထပ်ကိန်းတွေပါပဲ ။ ပထမ အိတ် ၉ အိတ်မှာ ၂ ရဲ့
ဝ ထပ်ကိန်းကနေ ၈ ထပ်ကိန်းထိ ချရေးလိုက်ပေါ့ ။ နောက်ဆုံးအိတ်ကျတော့ အဲဒီ ပထမ
အိတ်ကိုးအိတ်လုံးရဲ့ အဖြေတွေကို ပေါင်းပြီး ၁၀၀၀ ထဲက နှုတ်လိုက်ရင် နောက်ဆုံး အိတ်မှာ
ထည့်ရမယ့် အရေအတွက်ကို ရမှာပါ။
အဲဒီအဖြေတွေဟာ ၁ ကျပ်ကနေ ၁၀၀၀ ကျပ်အထိ အိတ်များကို တစ်လုံးချင်း
သော်လည်းကောင်း အိတ်များကို တွဲစပ်၍သော်လည်းကောင်း လိုချင်သလောက် ပေးနိုင်တဲ့
အဖြေများဖြစ်ပါတယ်။
ဥပမာ ၃ ကျပ်တောင်းရင် ပထမအိတ် + ဒုတိယအိတ်
၅ ကျပ်တောင်းရင် ပထမအိတ် + တတိယအိတ်
ရ ကျပ်တောင်းရင် ပထမအိတ် + ဒုတိယအိတ် + တတိယအိတ်
စသည်ဖြင့် ၁ ကျပ်မှ ၁၀၀၀ ကျပ်အထိ ပေးနိုင်တာကို ဗဟုသုတအဖြစ်
သူငယ်ချင်းများကို တင်ပြလိုက်ရပါတယ်ခင်ဗျား
သူငယ်ချင်းတို့ ပျော်ရွှင် ကျန်းမာကြပါစေ
Crdeit : nyansangabar.blog
No comments:
Post a Comment