ပယင်းကိုလည်း တွေ့ရှိခဲ့ရဖူးပါတယ်။ ပယင်းဟာ ကျောက်မျက်ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅ ) ရှိကာ သိပ်သည်းဆလည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိဘဲ ကြေကွဲ ပျက်စီးလွယ်ပါတယ်။
သစ်ပင်မှ သစ်စေးထွက်နေပုံ
( ထိုသစ်စေးများ နှစ်သန်းပေါင်းများစွာ ကြာသည့်အခါ ယခုခေတ်လူများ အသုံးပြုသော ပယင်းကို ရရှိသည်။ )
ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါတယ်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း၊ တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိရှိသော်လည်း ပယင်းမှာ လူ့အရေပြားနဲ့ ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါတယ်။ အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြတာ တွေ့ဖူးကြပေမဲ့ ပယင်းဟာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်း၊ နှင်းဆီရောင်၊ အဝါ၊ ခရင်မ်ရောင်၊ အဖြူရောင်အထိ အရောင်မျိုးစုံ ရှိတတ်ပြီး ရှားရှားပါးပါး ခရမ်းပြာရောင်ထိ တွေ့ရတတ်ပါတယ်။
အရောင်စုံဖြစ်ပေါ်နေသော ပယင်း
အစိမ်းရောင်ပယင်း
ခရမ်းရောင်ပယင်း
ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးတဲ့ ပယင်းတွေဟာ ပင်လယ် ရေလှိုင်းများနဲ့ ကမ်းခြေကို ရောက်ရှိလာတတ်တာကြောင့် ကမ်းစပ် တစ်လျှောက်မှာသော်လည်း ရေတိမ်ပိုင်းမှာ ရေငုပ်ပြီးသော် လည်းကောင်း အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ကမ်းခြေတစ်လျှောက်မှာတော့ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံနဲ့ ပယင်းတွေကို အများအပြား တွေ့ရတတ်ပြီး အပြာရောင် ပယင်းကို အထူးရောင်းဝယ် ဖောက်ကားကြသော်လည်း ၄င်းအပြာရောင် ပယင်းမှာ ဘော်လ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်တဲ့ ပယင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ် ဟူးကောင်း တောင်ကြားဒေသမှာ ပယင်း ထွက်ရှိတာကို တွေ့ရပါတယ်။ မြန်မာအပြင် ပယင်းထွက်တဲ့ အခြားသော နိုင်ငံများမှာ ပိုလန်၊ ရိုးမေးနီးယား၊ ကနေဒါနဲ့ အမေရိကန်တို့ဖြစ်ပါတယ်။ ပယင်းကို ဂရိဘာသာဖြင့် Elektron လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပယင်းကို အဝတ်စ တစ်ခုခုနဲ့ ပွတ်တိုက်တဲ့အခါ လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာပြီး သေးငယ်တဲ့ အရာဝတ္ထုများကို ဆွဲငင် နိုင်စွမ်း ရှိလာပါတယ်။
ပယင်း အသုံးအဆောင်ပစ္စည်းများ
ဆင်စွယ်နှင့် ပယင်းလက်ဝတ်ပစ္စည်းများ
သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေး အခြေအနေမှာ စေးကပ်တဲ့ သဘာဝ ရှိတဲ့ သစ်စေးထဲတွင် မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့ အစ အနများ၊ သစ်ရွက်များ၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်လေးများဟာ ရုန်းထွက်မရတော့ဘဲ သစ်စေးနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲမှ ရုပ်ကြွင်းများအဖြစ် ပါဝင် နေတတ်ပါတယ်။ အောက်က ပုံတွေဟာ ပြပွဲတစ်ခုမှာ ကျွန်မ ရိုက်ခဲ့တဲ့ အင်းဆက် ရုပ်ကြွင်းပါ ပယင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။
သစ်မြစ်များနဲ့ ယင်ကောင်ပါ ပါဝင်နေသော ပယင်း
ပယင်းကို
ဝတ်ဆင် ဆောင်ထားခြင်းအားဖြင့်အတွေးအခေါ် ဥာဏ်ရည်ဥာဏ်သွေးနှင့်
စိတ်ကူးကောင်းများ ထက်မြက်စေမည်။ စိတ်ဓာတ်ကို မြှင့်တင်ပေးသော
စွမ်းအားရှိသည်။ အတတ်ပညာနှင့် ပတ်သက်သော အောင်မြင်မှု အဆင့် ဆင့်ကို
ဖြစ်မြောက် အကျိုးပေးမည် လို့ All Channel မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
မြန်မာပြည်တွင်ထွက်ရှိသော
ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး
အထက်တွင် ဖော်ပြထားသကဲ့သို့ သစ်ကိုင်းများ အကောင်ဗလောင်များ
ပါဝင်ခဲ့ပါက ဈေးပိုရကြောင်း သိရပါတယ်။ ရွှေရောင် ပယင်းမှာ ဈေးကွက်အတွင်း
လူကြိုက်များပြီး တိုင်းရင်းသား အချို့တို့မှာလည်း ပယင်းကို ဝတ်ဆင်လေ့ ရှိကြပါတယ်။ တရုတ်
လူမျိုးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်လည်းကောင်း၊
ကံကောင်းစေရန်လည်းကောင်း ပယင်းကို အဆောင်ကျောက်အဖြစ် နှစ်သက်စွာ
ဝတ်ဆင်ကြပါပြီး ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက
ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှို့တတ်ကြပါတယ်။ ပယင်းဟာ
အိမ်ထောင်ရှင်များအတွက် လက်ထပ် မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်
အထိန်းအမှတ်လည်း (ပယင်းရတု) ဖြစ်ပါတယ်။
အားလုံးသော မိတ်ဆွေများ ကြည်လင်ရွှင်လန်း စိတ်အပန်းပြေကြပါစေရှင်..
No comments:
Post a Comment