ချစ်ခြင်းပြိုင်ရာ ကာရန် စကားထာ
ဒီတစ်ခေါက်ဆွေးနွေးချင်တာက“ကာရန်စကားထာ” တွေပါ။ မြန်မာလူမျိုးတွေဟာအရှက်အကြောက်ကြီးတဲ့ လူတွေဖြစ်ကြတာကြောင့်ချစ်ရေးကြိုက်ရေးတွေမှာတည့်တိုးမပြောဘဲပရိယာယ်တွေသုံးပြီး ပြောတတ်ကြပါတယ်။ အဲဒီကနေ
ဖြစ်တည်လာခဲ့တဲ့စကားထာတွေအများစုကလည်းအပျို၊လူပျိုတို့ရဲ့နှလုံးသားရေးရာတွေနဲ့ပတ်သက်တာများပါတယ်။ အထူးသဖြင့်ကာရန်စကားထာအများစုဟာချစ်မှုရေးရာဆီဦးတည်ပြီးအဓိပ္ပာယ် ကောက်ယူကြတာများပါတယ်။
ရှေးရှေးက မြန်မာလူမျိုးတွေဟာစကားထာ၊ပဟေဠိဝှက်တဲ့နေရာတွေမှာအတော်လေးအားသန်ပုံရှိကြပါတယ်။ စကားထာတွေကို စဉ်းစားတွေးခေါ်ဉာဏ်ရင့်သန်စေဖို့နဲ့တစ်စုံတစ်ခုကို တိုက်ရိုက် တည့်တိုးကြီး မပြောချင်တဲ့အခါမျိုးတွေမှာအသုံးပြုလေ့ရှိပါတယ်။ မြန်မာ့ရေမြေစားဝတ်နေသဘာဝ၊ယဉ်ကျေးမှု
အလေ့အထတွေနဲ့အတူ နှစ်ပေါင်းများစွာ အသုံးချခဲ့သောမြန်မာမှုတစ်ရပ်ဖြစ်တာကြောင့်လည်း ဒီစကားထာတွေ၊ပဟေဠိတွေကိုတခြားလူမျိုးခြားဘာသာတစ်ခုခုကိုနားလည်အောင်၊ မြန်မာအရသာမပျက်အောင်
ဘာသာပြန်ဖို့ မလွယ်ကူပါဘူး။
ကာရန်စကားထာတွေ ဖြစ်တာကြောင့်ကာရန်ယူပြီးဖွဲ့ဆိုကြတာဖြစ်ပါတယ်။ကာရန်တစ်ခုနောက်ကို လိုက်မယ်ပြီးယူမယ်ဆိုရင် အမျိုးမျိုးဖြစ်နိုင်ပေမဲ့အပျိုလူပျိုတို့နဲ့ နေ့စဉ်နီးစပ်နေတဲ့ ပတ်ဝန်းကျင်က အရာဝတ္ထု၊အဖြစ်အပျက်တွေကို ဖွဲ့ဆိုကြတာများပါတယ်။ ဥပမာ။။ “ပြောလိုက်ပါကွယ့်ရန်ဖြစ်ချိန်”
ဆိုတာကို “ပေါလိုက်တာဟဲ့ ဟန်သစ်ငြိမ်” လို့ မယူဘဲ
“ချောမိုက်ပါတဲ့ ဟန်သစ်ငြိမ်” လို့ ယူတာမျိုးပေါ့ဗျာ။ (နမူနာပြောတာပါ။)
ဒီလိုကာရန်ယူတဲ့နေရာမှာ လုံးဝထပ်တူကျအောင် ကာရန်ယူတာမျိုးရှိသလို၊
ချိတ်မိရုံမျှ ကာရန်ယူတာမျိုးလည်းရှိပါတယ်။
ကာရန်ထပ်တူ
ဝှက်။ ။ စံပယ်ဖြူပန်
ဖော်။ ။ အရွယ်တူကြံ
ဝှက်။ ။ စပါး စကုဗြတ်။
ဖော်။ ။ မယား တစ်ခုလပ်။
ကာရန်ချိတ်ဆက်ရုံမျှ
ဝှက်။ ။ သေတ္တာထဲ ကြောင်အော။့
ဖော်။ ။ မင်းနှမ ငါချော့/ နှမငိုတော့ မောင်ချော့။
ဝှက်။ ။ ကျွဲချိုပေါ် ငှက်ခါးဥ။
ဖော်။ ။ ကိုရင်နှစ်ပါး ရည်းစားလု။
ဒီလိုမျိုး ကာရန်ယူတဲ့နေရာမှာ ရိုင်းတဲ့ဘက်ကို မယူဘဲ ချစ်စရာ
ယဉ်ကျေးသိမ်မွေ့တဲ့ ဘက်ကို ယူတာများပါတယ်။ ပြီးတော့ ဒီကာရန်စကားထာတွေဟာ
မြန်မာမှုနယ်ပယ်မှာ အထင်အရှားရှိပြီးသား၊ တည်တံ့ပြီးသား စကားထာတွေဖြစ်ပါတယ်။
တချို့စကားထာတွေက ဆိုရိုးစကားအဖြစ်တောင် တွင်ကျယ်နေပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဒီစကားထာတွေဟာ အလွတ်ကျက်ပြီး မှတ်သားသိမ်းဆည်းသင့်တဲ့
စကားထာတွေလို့ ဆိုချင်ပါတယ်။
ဝှက်။ ။ မကျည်းသီး ကောက်ကွေး လောက်လေးနှင့်ဆော်။
ဖော်။ ။ နင့်နှမ ဆံတောက်ကလေး နောက်ဖေးကမျှော်။
ဝှက်။ ။ ဇာခြင်ထောင် မီးလောင်ပေါက်တယ်။
ဖော်။ ။ မလာချင်ပေါင် ညည်းမောင်ကြောက်တယ်။
ဝှက်။ ။ ဘူးကောင်းတော့ စင်ခံ
ဖော်။ ။ လင်ကောင်းတော့ စံ
ဝှက်။ ။ ကြက်ဆူပင် ဓားမောက်စိုက်
ဖော်။ ။ လင်လိုချင် ဆံတောက်ကိုက်။
ဝှက်။ ။ ငါး ငါးသလောက်
ဖော်။ ။ မယား ဆံတောက်
ဝှက်။ ။ ချည်သေး၍ ချားမလည်
ဖော်။ ။ ငယ်သေး၍ နားမလည်
ဝှက်။ ။ အရှေ့တောင်ရိုး နေပြောက်ထိုး ပုဆိုးဘယ်သူ ကာပါ့မယ်။
ဖော်။ ။ ကျွန်မတို့လို အရုပ်ဆိုး အမျိုးဘယ်သူ တော်ပါ့မယ်။
ဝှက်။ ။ ရေနောက်မှ အေး။
ဖော်။ ။ အပျိုပေါက်မှ မွှေး။
ဝှက်။ ။ ဟိုရှေ့က ဗျိုင်းဖြူ ပိတ်ထူနဲ့လား။
ဖော်။ ။ နင့်နှမငါယူ စိတ်တူရဲ့လား။
ဝှက်။ ။ ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်တော်ဝင်ဝင်မို့ ထူးလှတယ်။
ဖော်။ ။ သူ့သမီးဖြူစင် တစ်ခါမြင် လိုချင်လို့လည်း ရူးရတယ်။
ဝှက်။ ။ တောင်ကကွင်းပြင် ကြက်သွန်ပင်၊ ရေမြင်တယ်လေး တဖွေးဖွေး။
ဖော်။ ။ သူသမီးဖြူစင် တပြက် (တခဏ) မြင်၊ ချစ်ချင်တယ်လေး တရေးရေး။
ဝှက်။ ။ ရွှေကူရေအိုး သောက်ရေအိုး ချိုးနားလေလေ အေးလေလေ။
ဖော်။ ။ နင့်လိုလူမျိုး စကားအိုး ကြိုးစားလေလေ ဝေးလေလေ။
ဝှက်။ ။ မြစ်အရှေ့ဘက်က ရွှေသမင်ရယ် ပစ်ချင်ပါပေါ့ မြားမရှိ။
ဖော်။ ။ အိမ်ကြီးပေါ်က အပျိုစင်ရယ် ချစ်ချင်ပါပေါ့ အားမရှိ။
ဝှက်။ ။ ခြင်ထောင်ကဲလား စာမနား။
ဖော်။ ။ နင့်လိုရည်းစား ငါမထား။
ဝှက်။ ။ ရေလည်ခေါင် စလောင်းကြီး။
ဖော်။ ။ နင်ငယ်ငယ်က နှာခေါင်းကြီး။
ဝှက်။ ။ ထန်းငုတ်တို သေတ္တာဆွဲ။
ဖော်။ ။ အဟုတ်ကို ချစ်တာပဲ။
ဝှက်။ ။ ပုစွန် ကျစ်စာခဲ။
ဖော်။ ။ အလွန် ချစ်တာပဲ။
ဝှက်။ ။ ဂဏန်း ကျစ်စာခဲ
ဖော်။ ။ အရမ်း ချစ်တာပဲ။
ဝှက်။ ။ လိပ်ပြာကင်းချီ ရိုးမတောင်
ဖော်။ ။ အိပ်ရာခင်းသည် မိုးကမှောင်
ငယ်ငယ်က ဘုရားပွဲဈေးသွားရင်း အငြိမ့်ပွဲမှာ လူရွှင်တော်တွေ ပျက်တာ
ကြည့်ဖူးပါတယ်။ အဲဒီမှာ သူတို့က ကာရန်စကားထာတွေ အပြန်အလှန်ဖွက်ကြပါတယ်။
တစ်ယောက်က “ဟေ့... လိပ်ပြာကင်းချီ ရိုးမတောင် ကွာ...” လို့ပြောတယ်။ အဲဒီမှာ
နောက်တစ်ယောက်က... “အိပ်ရာခင်းသည် ... အဲ... အဲ... ဘာလုပ်မှာတုန်းကွ...
မင်း မညစ်ပတ်နဲ့ကွာ” လို့ ဖြေတော့ လူကြီးတွေက ရယ်ကြတယ်။ ကျွန်တော်က
ငယ်သေးတော့ သဘောမပေါက်တော့ ဘာရယ်ရမှန်းမသိဘူးပေါ့ဗျာ။ ပြီးတော့မှ မေးတဲ့လူက
“ဟ... မင်းဘာသာ လျှောက်တွေးနေတာ... လိပ်ပြာကင်းချီ ရိုးမတောင်ဆိုတာ...
အိပ်ရာခင်းသည် မိုးကမှောင် လို့ ဆိုလိုတာ” လို့ ပြောသတဲ့။ အဲဒီအခါမှာလည်း
လူကြီးတွေက ထပ်ရယ်ကြပြန်တယ်။ ကျွန်တော်က လည်း ဘာကိုများ
ရယ်ကြတာတုန်းတွေးပြီး အူကြောင်ကြောင်နဲ့ ပြန်လာခဲ့ရတောပါ့ဗျာ။
ဝှက်။ ။ ဇလုံပန်းကန် အနားလန်။
ဖော်။ ။ မတူမတန် ပြန်သာပြန်။
ဝှက်။ ။ ပိန္နဲဆူးညို စားမချို အပင်အိုလို့လားဗျာ။
ဖော်။ ။ သူ့သမီးပျို မပြောလို ကိုယ့်မှာ ရည်းစားရှိလို့လားဗျာ။
ဝှက်။ ။ ထန်းလျက်ဖြူဆုပ် လမ်းမှာမြှုပ်။
ဖော်။ ။ နင်လိုလူစုတ် ပါးကိုပုတ်။
ဝှက်။ ။ အုတ်ဖိုဘူတာ အရွယ်လှတယ်။
ဖော်။ ။ ကျုပ်ကို ယူပါ သူငယ်မရယ်။
ဝှက်။ ။ ဥက္ကံသုံးဆယ် အရွယ်လှတယ်။
ဖော်။ ။ ကျုပ်ပြန်အုံး(ဦး)မယ် သူငယ်မရယ်။
ဝှက်။ ။ ရွှေပုံတောင်ရင်း မုံညှင်းခင်း ပွင့်ကင်းတစီစီ
ဖော်။ ။ နင့်လိုလူဖျင်း ရစ်ကိုခင်း မြင်းနှယ်တဟီဟီ
ဝှက်။ ။ ဘူးပင်မှတ်လို့ စင်ပေါ်တင် အပွင့်က ယားတတ်တယ်။
ဖော်။ ။ လူပျိုမှတ်လို့ အိမ်ပေါ်တင် တစ်ခုလပ်နှင့် ညားတတ်တယ်။
ဝှက်။ ။ လှေကားရင်းမှာ ဆန်ခါနှင့်သော့
ဖော်။ ။ နှမချင်းစာ မလာနှင့်တော့
ဝှက်။ ။ ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့။
ဖော်။ ။ အဟောင်းကိုပစ်၍ အသစ်ကိုရှာ နေရာများ၍ ကြားမစေ့။
ဝှက်။ ။ အသီးကိုလို အပင်ချိုင်ရတယ်။
ဖော်။ ။ သမီးကိုလို အမေပိုင်ရတယ်။
ဝှက်။ ။ ပင်စိမ်းပင်အောက် ချေဖိုရောက်၊ ရောက်တဲ့ချေဖို ချေမြီးတို။
ဖော်။ ။ အပျိုအိမ်အောက် လူပျိုရောက် ရောက်တဲ့လူပျို လူစိတ်တို။
ဝှက်။ ။ ကြက်မတွန်လို့ မိုးမလင်း၊ ကြက်ဖတွန်မ မိုးလင်း။
ဖော်။ ။ မောင့်နာမည်၊ အမည်ရင်း ပြောပါအရှင်း (လင်း)
ဝှက်။ ။ ထားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်။
ဖော်။ ။ ငယ်ကပေါင်းမို့ အောက်မေ့တယ်။
ဝှက်။ ။ ပိန်းပင်မှာဖော့ အင်းမှာမျှော့။
ဖော်။ ။ အိပ်ချင်ပါပေါ့ ဆင်းပါတော့။
ဝှက်။ ။ ပိန်းပင်မှာဖူး အင်းမှာမြူး။
ဖော်။ ။ အိပ်ချင်ပါဘူး ဆင်းပါဘူး။
ရှေးရှေးအခါ လသာညတွေမှာ လူပျိုတွေဟာ အပျိုတွေရှိရာသွားပြီး
စကားစမြည်ပြောရင်း စကားထာတွေ ဝှက်တတ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို
ပြောဆိုရင်း ညည့်နက်လာတဲ့အခါ လုံမပျိုတွေက “ပိန်းပင်မှာဖော့ အင်းမှာမျှော့”
လို့ ပြောတယ်။ “အိပ်ချင်ပါပေါ့ ဆင်းပါတော့” လို့ ဆိုလိုတာပါ။ အဲဒီအခါ
မပြန်ချင်သေးတဲ့ ကိုလူပျို ကာလသားတွေက “ပိန်းပင်မှာဖူး အင်းမှာမြူး” လို့
ပြန်အော်ကြပါတယ်။ သူတို့အထာနဲ့ သူတို့တော့ ဟုတ်နေကြတာပါပဲ။ ဒါကြောင့်လည်း
တချို့ ပညာရှင်တွေက “စကားထာဆိုတာ စကား၏ အထာ” လို့ ဆိုကြတာ ဖြစ်ပါလိမ့်မယ်။
ဝှက်။ ။ ညောင်ပင်ပတ်လည် ချည်ခုံတည်၊ ဈေးသည်မ,လား ချည်ချလား။
ဖော်။ ။ မောင်ရှင်သစ်ကယ် လူထွက်တယ်၊ ဆန်းတယ်လလား သည်လလား။
ဝှက်။ ။ ပေပင် ပေဖူး ပေရွက်ခူး ပေဖူးဖက်ကတော့။
ဖော်။ ။ မလာစဖူး အလာထူး လူဦးပါပေါ့ ပြန်ပါတော့။
ဝှက်။ ။ ဝါးလုံးခေါင်းထဲ စာဝတီး။
ဖော်။ ။ ချစ်ချင်ပါရဲ့ ရွာမနီး။
ဝှက်။ ။ ဈေးတန်း ခွေးအူ။
ဖော်။ ။ ပေးစမ်း ဆေးတစ်ရှူ
ဝှက်။ ။ ဆီးမီးခွက်ရယ် ဂျောင်ဂျင်။
ဖော်။ ။ ဆေးတံသောက်ပါ မောင်ရင်။
ဝှက်။ ။ ခွေးမပိန်ပိန် ချုံကိုတိုး အရိုးကျိုးပါ့မယ်။
ဖော်။ ။ ဆေးလိပ်ကုန်မှာ မစိုးပါနှင့် အဖိုးပေးပါ့မယ်။
ဝှက်။ ။ ခွေးတောက်ပင် ဆီးဖြူရွက်။
ဖော်။ ။ ဆေးသောက်ချင် မီးယူခဲ့။
ဝှက်။ ။ ငရုတ်ပင် ဆားတို့။
ဖော်။ ။ အဟုတ်ပင် သွားစို့။
ဝှက်။ ။ စံပယ်နှစ်ပွင့် ထရံကာ။
ဖော်။ ။ တကယ်ချစ်ရင် စာပြန်ပါ။
ဝှက်။ ။ ဆက်ရက်ပျံ ခြံမှာနား။
ဖော်။ ။ တစ်သက်ပန် ကြံမှာလား။
ဝှက်။ ။ သပြေပန်း တစ်ခက်နှစ်ခက်။
ဖော်။ ။ မသွေတမ်း တစ်သက်နှစ်သက်။
ဝှက်။ ။ ပဝါပါး မီးခဲထုပ်တော့ ကျွမ်းတတ်တယ်။
ဖော်။ ။ တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းရတတ်တယ်။
ဝှက်။ ။ ပဝါပါး ကြက်သားထုပ်တော့ စွန်းတတ်တယ်။
ဖော်။ ။ တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းရသည်။
ဝှက်။ ။ ဆက်ရက်ကိုး/သုံးကောင် အိုးထဲလှောင် အတောင်ဘယ်သို့ ခတ်မလဲ။
ဖော်။ ။ ညည့်နက်သန်းခေါင် ခွေးကဟောင် အမောင်ဘယ်က တက်မလဲ။
ဝှက်။ ။ ဟိုရှေ့က ပိုးပဝါ ကျပ်စင်မှာထား ပိုးဟပ်စား။
ဖော်။ ။ မောင်ကြီးလာတာ လိမ်းစရာ ကျောက်ပျဉ်မှာထား သနပ်ခါး။
ဝှက်။ ။ လက်ပံပင်ဖျား ကျေးကုလား၊ တောင်ဖျား တခါခါ။
ဖော်။ ။ မောင်ရေလူခြား တစ်ရွာသား စကားတဖွာဖွာ။
ဝှက်။ ။ ရွှေတောင်ပုံလမ်း ပိုးမျှင်တန်း ရက်ကန်းဘယ့်နှယ် ယှက်မလဲ။
ဖော်။ ။ ငယ်ကမကျွမ်း ကြီးမှကျွမ်း၊ အလွမ်းဘယ်လို ဖြေမလဲ။
ဝှက်။ ။ ကြက်ဆူပင်မြစ် ပိုးချည်ရစ် အဆစ်တက်မှာ စိုးရတယ်။
ဖော်။ ။ ငယ်ကမချစ် ကြီးမှချစ် အချစ်ပျက်မှာ စိုးရတယ်။
ဝှက်။ ။ အသေဝနာစ ဗာလနံ။
ဖော်။ ။ (က) မသေချာသမျှ ငါမပြန် (ခ) အဖြေမပါသမျှ ငါမပြန်။
ဝှက်။ ။ ခမောက်ဖျား စပါးသီး။
ဖော်။ ။ သဘောက်သား စကားကြီး။
တချို့လူပျိုကာလသားတွေက အပျိုအိမ်ကိုရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသလို
“အသေဝနာစ ဗာလနံ” လို့ ပြောတယ်။ ဒီညတော့ မင်းဆီက ချစ်အဖြေမမရသရွေ့
“မသေချာသမျှ ငါမပြန်” လို့ ဆိုလိုတာပေါ့။ အဲဒီအခါမှာ ကောင်မလေးကလည်း
“ခမောက်ဖျား စပါးသီး = သဘောက်သား စကားကြီး” ဆိုပြီး ပြန်ပြောပါသတဲ့။
လူပျိုတွေက “ဈေးတန်း ခွေးအူ = ပေးစမ်း ဆေးတစ်ရှု” လို့ပြောရင် အပျိုတွေက
“ခွေးတောက်ပင် ဆီးဖြူရွက် = ဆေးသောက်ချင် မီးယူခဲ့” ဆိုပြီးလည်း
ပြောတတ်ကြပါတယ်။ သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေကြတာပါပဲ။
ဝှက်။ ။ သံပုရာသီးလုံးလှ ပင်ထက်ကျ၊ မွှေးစတကြိုင်ကြိုင်။
ဖော်။ ။ မောင်ရေလူလှ မေးမရ၊ ငေးစွတမှိုင်မှိုင်။
ဝှက်။ ။ သစ်ပင်ခွကြား မြက်ထုံးထား၊ ငါ့နွားဘယ့်နှယ် စားပါ့မယ်။
ဖော်။ ။ ချစ်သူရည်းစား နောက်ကထား၊ စကားဘယ့်နှယ် ပြောပါ့မယ်။
ဝှက်။ ။ လင့်စင်စပါး စာမစား၊ အဖျားစိမ်းလဲ့လဲ့။
ဖော်။ ။ နင့်ပြင်ရည်းစား ငါမထား ဘုရားစူးပါ့ကွယ်။
ဝှက်။ ။ ငါပိန်စပါး အဝယ်မှား၊ ဇလားနဲ့လား တင်းနဲ့လား။
ဖော်။ ။ ချစ်သူရည်းစား နောက်မှာထား။ မယားပါသလား သားပါသလား။
ဝှက်။ ။ စံပယ်ဖြူပန်သော ဘုရားမမေ့နှင့်။
ဖော်။ ။ အရွယ်သူကြံသော စကားကျွေးနှင့်။
ဝှက်။ ။ ငှက်ပျောဆင်အံ ဖက်စိမ်းခံ၊ ညှာတံမသေးပါစေနှင့်။
ဖော်။ ။ ဧကန်အမှန် ချစ်လို့ကြံ၊ အမြန်မနှေးပါစေနှင့်။ (မှတ်ချက်။ ဆင်အံ
= ငှက်ပျောသီးနာမည်)
ဝှက်။ ။ မရောင်းရ အိုးနှင့်ဖျာ။
ဖော်။ ။ တပေါင်းလ ခိုးလှည့်ပါ။
ဝှက်။ ။ တောင်တန်းပေါ်က နွယ်သာကီ။
ဖော်။ ။ (က) မောင်ထမ်းခေါ်မယ်ဗျ ဆယ်နာရီ။ (ခ) မောင်ထမ်းခေါ်မှ မယ်လာမည်။
ဝှက်။ ။ ကန်ကြီးပတ်လည် ကန်စွန်းနွယ်၊ ကန်လယ်ကျမှ အညွန့်ရ။
ဖော်။ ။ ရွာကြီးပတ်လည် မယားလယ်၊ ရွာလယ်ကျမှ မယားရ။
ဝှက်။ ။ တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်။
ဖော်။ ။ အိမ်ကြိုအိမ်ကြား မွေးသည့်သား စကားခပ်ကြွယ်ကြွယ်။
ဝှက်။ ။ စားကောင်း မကောင်း ဟင်းနည်းမှသိ။
ဖော်။ ။ မယားကောင်းမကောင်း ဆင်းရဲမှသိ။
ဝှက်။ ။ သေတ္တာထဲမှာ ကြိုးရှုပ်။
ဖော်။ ။ မောင်ရင်လာ မိုးချုပ်။
ဝှက်။ ။ သေတ္တာထဲမှာ ကြိုးရှင်း။
ဖော်။ ။ မောင်ရင်လာ မိုးလင်း။
ဝှက်။ ။ သေတ္တာထဲမှာ ကြိုးတစ်ခွေ။
ဖော်။ ။ မောင်ရင်လာ မိုးကစွေ။
ဝှက်။ ။ ကွမ်းရွက်နှင့်ဆား။
ဖော်။ ။ လွမ်းလျက်နှင့်သွား။
ဝှက်။ ။ ခြင်းကြားထဲ ကွမ်းချ။
ဖော်။ ။ စဉ်းစားလည်း လွမ်းရ။
ဝှက်။ ။ ကျွန်းတုံးကြောင်လျှောက်။
ဖော်။ ။ လွမ်းတုန်းမောင်ရောက်။
ရှေးတုန်းက ရွာကြီးတစ်ရွာမှာ စိတ်တို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော
အပျိုကြီးတစ်ယောက် ရှိသတဲ့။ ထိုအပျိုကြီးကို ချစ်ခင်စုံမက်တဲ့ လူပျိုကြီးက
သူငယ်တိတ်ဆိတ်ချိန်မှ စ၍ ရောက်လာကာ အပျိုကြီး ရက်ကန်းခတ်တဲ့နေရာနားမှာ
လာထိုင်ပြီး ရက်ကန်းစင်မှာ ထွန်းထားတဲ့ မီးတိုင်မှ မီးကျီခဲတွေကို
ဆွပေးခြင်း၊ ရက်ကန်းစင်မှ ချည်ပြတ်များကို ဆက်ပေးခြင်း စတာတွေနဲ့
ကူညီပေးပါသတဲ့။
အဆိုပါ အပျိုကြီးကလည်း လူပျိုကြီးကို တွယ်တာစိတ် ရှိသည့်အတိုင်း တစ်ရက်
လူပျိုကြီးသူ့ထံ ရောက်လာလာချင်းမှာပဲ “ကျွန်းတုံးကြောင်လျှောက်” ဟု
ဆီးကြိုနှုတ်ဆက်လိုက်သည်။ “လွမ်းတုန်းမောင်ရောက်” ဆိုသည့် အဓိပ္ပာယ်ကို
မသိသော လူပျိုကြီးက ရိုးအစွာဖြင့်... “တော်တော်ဆိုးတဲ့ကြောင်၊
နေရာရှားလိုက်တာ ကျွန်းတုံးပေါ် တက်လျှောက်ရတယ်” ဟု မြည်တွန်ပါသတဲ့။
ဒါတင်မက အဆိုပါ လူပျိုကြီးက အခြားသော ကာလသားတွေလို စကားထားဝှက်ခြင်း၊
ပဟေဠိဖွက်ခြင်း စတဲ့ (အဲဒီခေတ်က စိတ်ဝင်စားဖွယ်ရာလို့ သတ်မှတ်ထားတဲ့)
အရာတွေကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ချေဘူးသတဲ့။ (ဒါကြောင့်ပဲ
လူပျိုကြီး ဖြစ်တာနေမယ်။) ဒီတော့ အပျိုကြီးခမျာ ဆက်လက်ဧည့်ခံဖို့
ငြီးငွေ့ငိုက်မြည်းလာပါသတဲ့။ လူပျိုကြီးကလည်း စကားမစနှင့်
သန်းခေါင်ကြက်တွန်သံပင် ကြားရချိန်ကို ရောက်လာပါသတဲ့။
သန်းခေါင်ကြက်တွန်သံကို ကြားတာနဲ့ အပျိုကြီးဟာ အကြံထုတ်ပြီး လူပျိုကြီးကို
စကားစတင်လိုက်တယ်။
“မောင်ကြီရဲ့... ကြက်တွေ တွန်ကုန်ပါရော့လား... ဘာကြက်များ
ပါလိမ့်တော်...”
အပျိုကြီးက ပရိယာယ်နှင့် မေးသည်ကိုလည်း မရိပ်မိ၊ သူ့ကို
ပြန်စေလိုသည်ကိုလည်း မသိရှိသော လူပျိုသိုးကြီး ခမျာ
အပျိုကြီးမျှော်လင့်ထားတာနှင့် ဆန့်ကျင်ဘက် ပြုစွာ ဖြေသတဲ့။
“အင်း... ညောင်ကန်ကြက်လား၊ တညင်ကြက်လား တစ်ကောင်ကောင် ဖြစ်မပေါ့...”
ထိုအခါ အပျိုကြီးသည် လူပျိုကြီး၏ မသိသားဆိုးရွားမှုကို
သည်းမခံနိုင်သည့်အပြင် လူကလည်း အိပ်ငိုက်လာတာနဲ့ မျက်နှာထားတင်းတင်းဖြင့်
လူပျိုကြီး၏ မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောသတဲ့။
“အချိန်ကို သိချင်လို့ မေးတာ တော်ရေ့... ကိုင်း သိပြီလား”
အဲဒီလို အပျိုကြီးက ခပ်ဆပ်ဆပ်နှင့် တိတိလင်းလင်းကြီး ပြောချလိုက်တာနှင့်အတူ
အပျိုကြီး၏ ဒေါသတကြီး မျက်နှာထားကို မြင်လိုက်ရတဲ့ လူပျိုကြီးခမျာ
ဆိုလိုရင်းအဓိပ္ပာယ်ကို ရိပ်မိသည့်ပမာ မျက်နှာထား ချိုသာစွာနှင့်
အောက်ပါအတိုင်း ဖြေပါသတဲ့ဗျာ။
“အော်... အချိန်ကိုမေးတာလား၊ သိပါဘူးဗျာ။ မောင်ကြီးက
မျိုးရိုးကိုမေးတယ်မှတ်လို့။ အချိန်ဆိုရင် ဘာရှိမှာလဲ။ ဒီကောင်အသံသေးသေးလေး
ရှိသေးတာပဲ။ အလွန်ဆုံး တစ်ပိဿာထက် မပိုပါဘူး...”
အထက်က ဖြစ်ရပ်လေးမျိုးကိုပဲ ဆရာမြို့မငြိမ်းက လေဘာတီမမြရင်ဆိုဖို့
ရေးပေးတဲ့ “နှစ်ပိဿာခွဲ” ဆိုတဲ့ သီချင်းထဲမှာလည်း အောက်ပါအတိုင်း
စပ်ဆိုထားပါသေးတယ်။
အရုဏ်ကျင်းပါပေါ့
လင်းကြက်ကယ် ရွှေတောင်ပံ
နှက်သံပြင်း ယွင်းတဲ့ချိန်နော်
တွန်သံပေး ဝေးနီးခေါ် တကြော်ကြော်
အခန့်သင့် သူပြန်လာသော်
ဒါက ဘာကြက်တုန်းလို့
ခပ်ငေါ့ငေါ့နှင့် မေးလိုက်ရင်နော်
စစ်တကောင်းကြက်ကြီးပါကွာ
အချိန်မနည်းပေါင်
နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့ ဖြေပုံပေါ်။
မြန်မာ့ရိုးရာ စကားထာ စာအုပ်မှာပါတဲ့ ဒေါ်ကြည်ဦးရဲ့ မှတ်ချက်လေးနဲ့
ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။
“အမယ်လည်း စိတ်တူ၊ ပျို့သည်းအူ ရွှေနွယ်ရိုး၊ စိုးပိုင်ခဲ့သူ”
များအဖို့တော့ ဒီလို စကားထာဝှက်ခြင်းဓလေ့သည် စိတ်၏ လှုပ်ရှားမှုနှင့်
သာယာမှုအရသာလေးများကို ရစေသည်။ ချစ်သူအချင်းချင်း မထေ့တထေ့
ငေါ့လုံးကလေးများနှင့် ကလူကျီစယ်မှုကလေးများသည် မိဘမောင်ဖွားများ၏
မျက်စိအောက်မှာပင် ဖြစ်လင့်ကစား ချစ်သောသူချင်း၏ နှလုံးသားများကို
သာယာကြည်နူးစေသည်။ မည်သို့သော မှားယွင်းမှုများကို ဖန်တီးခွင့်မရသည်ဖြစ်၍
ရှေးလူတို့၏ ဓလေ့ထုံးစံသည် မမှားအပ်သော တရားကို စောင့်ရှောက်ထိန်းသိမ်း
ကာကွယ်ပေးခြင်းဖြင့် လုလင်၊ လုံမပျိုတို့၏ ကိုယ်ကျင့်တရားကို
ပိုမိုကောင်းမွန်စေသည့် အလွန်အဖိုးထိုက်သော မြန်မာမှု တစ်ရပ် ဖြစ်ပေသည်။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
....................................................................
ကိုးကား၊ မှီငြမ်း
မြန်မာ့ရိုးရာ စကားထာများ၊ ကြည်ဦး
မြားနတ်မောင် ပဟေဠိ (၁၊ ၂)၊ လွဏ်းမောင်
ခရီးဆောင် မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ ဦးစီးဌာန
http://myanmarsar.zaung.net/
http://myomamusic.com/
Credit : http://www.lubo601.com/2011/10/blog-post_7374.html?m=1
No comments:
Post a Comment