သည်။ မြန်မာ့အလှ မြန်မာ့ဓလေ့ မြန်မာ့ ယဉ်ကျေးမှု၏ အမှတ်သင်္ကေတ တစ်ခု ဆိုလျှင်လည်း မှားမည် မထင်ပေ။ ကျွန်တော်နှင့် သူငယ်ချင်း တစ်စုတို့သည်လည်း ရပ်ကွက် ဓမ္မာရုံမှ ထမနဲထိုးပွဲသို့ လုပ်အားဓါနပြုရန် ရောက်ရှိနေကြပြီ ဖြစ်သည်။
ရပ်ကွက်အတွင်းမှ ငွေကြေးချောင်လည်သူ များက ငွေကြေး စိုက်ထုတ်ကြသည်၊ အမျိုးသမီးများ အဖွဲ့က ဂျင်း၊ ကြက်သွန်ဖြူတို့ကို နွာသူက နွာနေကြသည်။ ကောက်ညှင်းဆန်ကို ရေစိမ်သူကစိမ် အုန်းသီးခြစ်သူခြစ် မြေပဲလှော်သူလှော်ဖြင့် အလုပ်များကြတော့သည်။ မီးဖိုပေါ်မှ မိုးဗြဲဒယ်တွင် ဆီထည့်သူက ထည့်နေပြီဖြစ်သည်။ မကြမှီ ကျွန်တော်တို့ ကောက်ညှင်းဆန်ကို ဆီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ မြေပဲ၊ ဆား၊ အုန်းသီး၊ နှမ်းတို့ကို မီးတွင် ကျွန်တော်တို့ လုပ်အားကို ပေါင်းစပ်ပြီး အရသာ ပြည့်စုံသော ထမနဲ ရရှိတော့မည်ဖြစ်သည်။ ယခု ထမနဲအတွက် အားလုံး စည်းလုံး ညီညွတ်စွာ လုပ်ဆောင်နေသည်ကို ကြည့်ရင် အတွေးတစ်ခု ဝင်လာသည်။
ထမနဲ ဆိုသော အရသာနှင့် ပြည့်စုံသည့် စားဖွယ်ရာတစ်ခု ဖြစ်ပေါ်လာဖို့ ကောက်ညှင်းတွင် ထိုအရသာပါသလား၊ ဆီတွင်ပါသလား၊ မြေပဲ၊ ဂျင်း၊ ကြက်သွန်ဖြူတို့တွင် ထိုထမနဲ အရသာ ပါသလား ဒါမှမဟုတ် ကျွန်တော်တို့ အားစိုက်လျက် ချွေးဖြင့် လုပ်ဆောင်ရခြင်းကပဲ အရသာ ဖြစ်သလား ကျွန်တော်လျှောက်တွေး ကြည့်သည်။ အရသာသည် မည့်သည့်အရာကမှ မလာပါဘူး တစ်ကယ်တော့ အားလုံး အချိုးကျ ပေါင်းစပ်ပြီး စည်းလုံး ညီညွတ်ခြင်းဖြင့် စနစ်တကျ ဟန်ချက်ညီညီ စည်းကိုက်ဝါးကိုက် စုပေါင်းဆောင်ရွက်ခြင်းက ပြီးမြောက်လာသော အရသာပင်ဖြစ်သည်။ ပေါင်းစည်းခြင်းကပေးသော အရသာပင်ဖြစ်သည်။
ကျွန်တော် တွေးမိတော့သည် ကျွန်တော်တို့ လူလောကတွင် နေစဉ် စားဝတ်နေရေး အတွက် ဘဝ ခရောင်းလမ်းတွင် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်နေကြသူများပင်ဖြစ်သည်။ ထိုတိုက်ပွဲတွင် အလွယ်တကူ အောင်မြင်ကြသူများလည်း များစွာရှိလေသည်။ တိုက်ပွဲတွင် သရေကျနေသည့် လူများလည်းရှိသည်။ အခြေအနေ မဟန်သဖြင့် ဆုတ်ခွာနေရသူများလည်း
များစွာရှိသကဲ့သို့ ထိုဘဝတိုက်ပွဲတွင် အပြီး ကျဆုံးသွားသူများလည်း ရှိလေသည်။ ဘဝသည် တိုက်ပွဲ တစ်ခုဆိုလျင် ထိုတိုက်ပွဲကို အောင်နိုင်ရန်အတွက် မိမိသည် မိမိဘဝ၏ စစ်သူကြီး ဗျူဟာမှုးကြီးပင် မဟုတ်ပါလား။ ဘဝတိုက်ပွဲကို တိုက်ကြရာဝယ် မိမိဘဝအတွက် အောင်မြင်သောသူ ဖြစ်ရန်အတွက် ပေါင်းစည်းခြင်းသည်လည်း အရေးပါလှကြောင်း တွေးမိပါသည်။
ထမနဲ ကောင်းစားရဖို့ ဂျင်း၊ ကြက်သွန်ဖြူ၊ မြေပဲ၊ အုန်းသီး တို့အား အခွန်ချွတ်ရသကဲ့သို့ ကျွန်တော်တို့ ဘဝတိုက်ပွဲအတွက် မလိုအပ်သော စိတ်အမှိုက် ရုပ်အမှိုက်များကို ဦးစွာ ရှင်းလင်းသင့်ပေသည်။ ထို့နောက် ထမနဲကောင်း ရရှိရန်အတွက် လိုအပ်သော ကောက်ညှင်းဆန်၊ ဆီ၊ ဂျင်း၊ ဆား တို့အား သင့်တော်သော အချိုးအစားဖြင့် ရောစပ်ရသကဲ့သို့ ကျွန်တော်တို့ ဘဝ တိုက်ပွဲအတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို သူ့နေရာနှင့်သူ အချိုးကျ ပေါင်းစပ်ရပေမည်။ ထမနဲကောင်းရရန် အချိန်ပေးလျက် စည်းချက်ညီညီ ခွန်အားနှင့် ထိုးရသကဲ့သို့ ဘဝ တိုက်ပွဲတွင်လည်း ဝိရိယ ဇွဲသတ္တိဖြင့် အားမလျှောဘဲ တိုက်မှသာ ဘဝတိုက်ပွဲကို အောင်နိုင်မည်သာဖြစ်မည့်အကြောင်း အတွေးနယ်ချဲ့ နေမိတော့သည်။
ထမနဲထိုးရန်အတွက် သူငယ်ချင်းများက ကျွန်တော့်အား လှမ်းခေါ်လိုက်ရာ အတွေးတို့ကို ခဏထားရင်း ဟန်ချက်ညီညီနှင့် အချိုးကျကျ ရောစပ်ထားသော ကောက်ညှင်း၊ ဆီ၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူတို့အား ရောစပ်ရင်း မနက်ဆွမ်းတော် အတွက် အားစိုက် ကုသိုလ်ယူရန် ထမနဲ ယောင်းမကို လှမ်းယူလိုက်ပါတော့သည်။
ပန်းချီဆရာ- ခရစ်တစ်ပါခင်ဗျာ
လေပြေမောင် (ရိုးရာလေး)
Credit : http://www.lwinpyin.com/2016/02/blog-post_628.html
No comments:
Post a Comment