♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 26, 2015

" နေပြည်တော် အမျိုးသားပြတိုက် အကြောင်းတစေ့တစောင်း "

 
 မြန်မာတို့၏ ဂုဏ်ယူဖွယ် ယဉ်ကျေးမှုအမွေအနှစ် များကို ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ရှေးဟောင်း သုတေသနပြတိုက်ကြီးဖြစ်သည့် နေပြည်တော်အမျိုးသား ပြတိုက်သို့ ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် ကျွန်တော် ရောက်ရှိခဲ့ပါသည်။
နေပြည်တော် အမျိုးသားပြတိုက်သည် နေပြည် တော် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမပေါ်ရှိ ကြာပန်းအဝိုင်းအနီးတွင် တည်ရှိသည်။ အမျိုးသား ပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်တို့သည် ရာဇသင်္ဂဟ လမ်းမပေါ်တွင် တစ်ဆက်တည်း တည်ရှိနေကြသည်။
အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားမှုများကို ဖော်ထုတ် ရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသောယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ဖော်ထုတ်ရန်၊ မိမိတို့လူမျိုး၏ (Soft Power) စွမ်းဆောင်ချက်များကို ဖော်ထုတ် ရန်၊ အမျိုးသားအဆင့်နှင့်လျော်ညီသော နိုင်ငံတော်နှင့် လူမျိုး၏ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေရန်၊ ထိန်းသိမ်း မှုစနစ်၊ ပြသမှုစနစ်မှန်ကန်သော အဆင့်အတန်းမြင့်မား သည့် ပြတိုက်ဖြစ်စေရန်နှင့် ဆွဲဆောင်မှုရှိသော ခေတ်မီ ပြတိုက်ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည် ဆောက်ခဲ့သည့် နေပြည်တော် အမျိုးသားပြတိုက်ကြီး ကို ၃၄ ဒသမ ၇၉ ဧကကျယ်ဝန်းသည့် မြေကွက်ပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့က ပန္နက်တင်ခဲ့သည်။နေပြည်တော်ပြတိုက် စီမံကိန်းလုပ်ငန်းတွင် အဆောင် ငါးဆောင်ပါဝင်သည့်အနက် အဆောင်အေနှင့်ဘီတို့ကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ပထမအဆင့်ဖွင့်လှစ်ခဲ့သည်။
နေပြည်တော် အမျိုးသားပြတိုက်အား နိုင်ငံတကာ အဆင့်မီ ပြတိုက်ကြီးတစ်ခုအဖြစ် တည်ဆောက်နေစဉ် အဆင့်အတန်းမြင့်မား၍ ထိန်းချုပ်မှုစနစ်ကောင်းမွန် မှန်ကန်သော ခင်းကျင်းမှုများပြုလုပ်နိုင်ရန် အိန္ဒိယ၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံ ပြတိုက်ပညာရှင်များထံမှ အကြံÓဏ်များရယူခဲ့သည်။ ပြည်ပပညာရှင်များက မြန်မာနိုင်ငံသို့ သင်တန်းများလာရောက်ပို့ချခဲ့သည့် အပြင် ဂျပန်နိုင်ငံနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြတိုက် နှီးနှောဖလှယ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ရာ အမျိုးသားပြတိုက်မှ ဒုတိယညွှန်ကြားရေး
မှူး ဒေါ်အေးအေးသင်းနှင့် ဦးစီးအရာရှိ ဦးကျော်ရှင် နောင်တို့က စာတမ်းများ ဖတ်ကြားခဲ့ကြသည်။

 
ထို့အပြင် ပြတိုက်ကြီးကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ခင်းကျင်းပြသနိုင်ရေးအတွက် ပြတိုက်ပစ္စည်းများဝယ်ယူခြင်း၊လှူဒါန်းမှုများအား လက်ခံခြင်း၊ ဌာနအချင်းချင်း လွှဲပြောင်းလက်ခံခြင်းများကို ဆောင်ရွက်ခဲ့သည်။ နေပြည်တော် အမျိုးသားပြတိုက်သည် အာရှ ဥရောပ ပြတိုက်များကွန်ရက် (ASEMUS) အဖွဲ့ဝင်အဖြစ် ၂ဝ၁၂ ခုနှစ်တွင် ပါဝင်ခဲ့သည်။
အဘက်ဘက်မှ ပြည့်စုံစေရန် စီစဉ်ဆောင်ရွက် ဖွင့်လှစ်ခဲ့သော ခံ့ညားသပ်ရပ် ခမ်းနားလှပသည့် နေပြည်တော် အမျိုးသားပြတိုက်သို့ဝင်လိုက်သည်နှင့် ကျယ်ဝန်းသော ခန်းမဆောင်ဝင်ပေါက်အလယ်တွင် ကြီးမားသော မြန်မာ့ရိုးရာဆွမ်းအုပ်နီကြီးတစ်ခုကို မြင်ကြရသည်။ အဆောင်အေတွင် ခန်းမဆောင်ငယ် (Mini Theatre) တစ်ခုနှင့် အရေးကြီးပုဂ္ဂိုလ် နားနေခန်း များ၊ အများပြည်သူများ နားနေရန် နေရာများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အား ပြည်ပနိုင်ငံ ခေါင်းဆောင်များက ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းများ ပြခန်းကို မြင်တွေ့ကြရပေသည်။ ယင်းပြခန်းတွင် နိုင်ငံတော်သမ္မတ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း ပြည်ပနိုင်ငံအကြီးအကဲများက နိုင်ငံတော်သမ္မတသို့ ပေးအပ်ခဲ့သည့် လက်ဆောင်များနှင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင် များက နိုင်ငံတော်သမ္မတအားပေးအပ်ခဲ့သည့် လက်ဆောင် ပစ္စည်းများကိုပြသထားသည်။ အရှေ့တောင်အာရှ၊ အာရှ၊ ဥရောပနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ခေါင်းဆောင် များ၏ လှပဆန်းပြားသော လက်ဆောင်ပစ္စည်းများကို ဂုဏ်ယူဖွယ် တွေ့မြင်ကြရပေသည်။
အဆောင်ဘီတွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့ သမိုင်းတင်ခေတ်ဦးပြခန်းနှင့် သမိုင်းတင်ခေတ်ပြခန်းများ၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း ဟူ၍ အခန်း ခြောက်ခန်းရှိသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနသည် စဉ်ဆက်မပြတ်သော မြန်မာ့ယဉ်ကျေးမှု သမိုင်းကိုဖော်ထုတ်ပြသနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်းတွင် လူသားအစ မြန်မာကဟု ဂုဏ်ယူကြရမည့် လွန်ခဲ့သော နှစ်သန်းလေးဆယ်က ကျောက်ဖြစ် ရုပ်ကြွင်း များအား ပြသထားသည်။ ယင်းတို့သည် ပုံတောင်ဒေသ နှင့် ဧရာဝတီကျောက်လွှာစုများမှ တွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အပင်ရုပ်ကြွင်းများဖြစ်ကြ သည်။ ရှမ်းပြည်နယ်ရှိ လိုဏ်ဂူများမှ တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အင်ကြင်းကျောက် ရုပ်ကြွင်း များကိုလည်း ဒေသအလိုက် မှတ်တမ်းဓာတ်ပုံများဖြင့် ပြသထားသည်။ ယင်းတို့အနက် ပုံတောင်ကျောက်လွှာစုမှ ရရှိခဲ့သော ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများသည် သက်တမ်း နှစ်သန်းလေးဆယ်ရှိကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များက စစ်ဆေးအတည်ပြုထားသဖြင့် လူသား မျိုးနွယ်အစ အထောက်အထားတစ်ရပ် ဖြစ်ပေသည်။
ယခင်က အာဖရိကတွင်တွေ့ရှိခဲ့သော သက်တမ်း နှစ် ၃၃ သန်းရှိ ရုပ်ကြွင်းများကို ကမ္ဘာပေါ်တွင် အစော ဆုံးသော လူသားမျိုးနွယ်ဟု သတ်မှတ်ထားကြရာမှ ပုံတောင် ပရိုင်းမိတ်များသည် ယင်းယူဆချက်အား ပြောင်းလဲစေခဲ့သည်။
ယင်းခန်းမမှာပင် သက်တမ်း နှစ်သန်းလေးဆယ်ရှိ သည့် သစ်ရွက်ကျောက်ဖြစ်ရုပ်ကြွင်းနှင့် မူလကြံ့မျိုးနွယ် ညာဘက် အောက်မေးရိုးတစ်ခုတို့ကိုလည်း ကြည့်ရှုခဲ့ ရသည်။သက်တမ်း နှစ် သန်းဂဏန်း ရှိသည့်ဆင်အံသွား၊ တောနွားဦးခေါင်းခွံ အပိုင်းအစ၊ လိပ်ကျောရိုးဆစ်၊ မိကျောင်းသွား၊ ငါးမေးရိုး စသည်ဖြင့် များပြားလှစွာသော ရုပ်ကြွင်းများအား ပြကွက် ၂၂ ကွက် ပြသထားသည်။
မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဒေသများမှရရှိခဲ့သော ကျောက် လက်နက်ပစ္စည်းများ၊ အညာသား ကျောက်ခေတ် ယဉ် ကျေးမှု အထောက်အထားများကို သမိုင်းမတင်မီခေတ် ပြခန်းတွင်မြင်ကြရသည်။ မှတ်တမ်းတင် အထောက်အထား မရှိသေးသည့်ခေတ်ကို သမိုင်းမတင်မီခေတ်ဟု ပညာရှင် များက သတ်မှတ်ကြသည်။ ထိုခေတ်က မြန်မာနိုင်ငံတွင် တည်ရှိခဲ့သော နေရာဒေသများအနက် ကမ္ဘာကျော် ပြဒါး လင်းဂူနှင့် ကြေးခေတ်ထွန်းကားခဲ့သော ပျော်ဘွယ်မြို့နယ် ကြို့ကုန်း တူးဖော်မှုတို့ကို ပုံစံတူများပြုလုပ်ပြသထား သည်။ ယင်းပြခန်းတွင် ပြကွက် ၁၅ ကွက်ပြသထားပြီး ပြဒါး လင်းဂူနံရံတွင် ကျောက်ခေတ်လူသားများရေးဆွဲခဲ့ သည့် ပန်းချီပုံ ၁၂ ပုံ ရော်ဘာတံဆိပ်တုံးများနှင့်စက္ကူ ရွက်အလွတ်များကိုချပေးထားသဖြင့် ယင်းပုံများကို စက္ကူ ပေါ်တွင် မင်နှိပ်ကာ ယူသွားနိုင်ရန်စီစဉ်ထားမှုသည် ထူးခြားကောင်းမွန်လှပေသည်။
သမိုင်းတင်ခေတ်ဦးပြခန်းတွင် ပြကွက် ၂၆ ကွက် ပါဝင်သည်။ အရိုးအိုးများ၊ ရွှေငွေအဆင်တန်ဆာများ၊ လက်ဝတ် ရတနာများ၊ အုတ်ချပ်များ၊ ကျောက်စာများကို ပြသထားသည်။ ယင်းတို့အနက် ပျူခေတ်လက်ရာ နယားခေါင်းပုံရွှေလက်ကြပ်၊ ဆင်သုံးကောင်ပါ ကျောက်ဆွဲကြိုး၊ မဟာယနကြေးခေါင်းလောင်းတို့သည် အထူးဆွဲဆောင်မှုရှိသည့် ပြကွက်ပစ္စည်းများဖြစ်ကြ ပေသည်။ ယင်းပြခန်းတွင် ပြသထားသည့် သရေ ခေတ္တရာမှ တူးဖော်ရရှိခဲ့သည့် ရွှေပေလွှာများသည် မြန်မာနိုင်ငံတွင် ခရစ်နှစ်ဦးပိုင်းကပင် ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြောင်းဖော်ညွှန်းသည့် အထောက်အထား များဖြစ်ကြသည်။ ပျူခေတ် ငွေဒင်္ဂါးနှင့် ပျူဘုရင် သီရိဝိ ကြမမင်း၏ ကျောက်အရိုးအိုးကိုလည်း လေ့လာနိုင်ကြ သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုး မြို့ဟောင်းများ၏ ပုံစံငယ်များကိုလည်း ပြသထား သည်။
မြန်မာနိုင်ငံ၏ သမိုင်းတင်ခေတ်ဖြစ်သည့် အေဒီ ၁၁ ရာစုမှ အေဒီ ၁၃ ရာစုအထိ အပိုင်းအခြားကာလ၊ ပုဂံခေတ်စေတီအချို့၏ စကေးကိုက်ပုံစံတူများ၊ ဗုဒ္ဓ ဆင်းတုတော်များ၊ အင်္ဂတေပန်းများ၊ စဥ့်ပန်းဝိုင်းများ၊ အန္တဂူရုပ်ကြွများကိုလည်း ပြသထားရာ စုစုပေါင်း ပြကွက် ၃ဝ ရှိသည်။ ပြခန်းအလယ်တွင် ပုဂံခေတ် သာသနိက အဆောက်အအုံကို ပုံစံတူပြုလုပ်ပြသထား သည်။ ပုဂံခေတ် အုတ်ခွက်ဘုရားများ၊ ရွှေ၊ ငွေ ဗုဒ္ဓ ဆင်းတုတော်များ၊ ပုဂံခေတ် ပန်းတော့နှင့် ပန်းရန် လက်ရာများကို အထူးပြုဖော်ထုတ်ထားသည်။
ပြကွက် ၁၂ ကွက်ရှိသည့် မြန်မာ့ပန်းချီပြခန်းတွင် မြန်မာ့ပန်းချီဆင့်ကဲ တိုးတက်လာပုံ၊ ပြဒါးလင်းဂူနှင့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်းခေတ်များမှ နံရံ ပန်းချီများ၊ ပုရပိုက်ပန်းချီများ၊ ရှေးရိုးပန်းချီများ၊ ခေတ်ပြိုင် ပန်းချီများ၊ ခေတ်ပေါ်ပန်းချီများနှင့် ဂန္ထဝင် ပန်းချီကားများကိုပြသထားရာ ဆရာခ၊ ဦးဘÓဏ်၊ ဦးငွေကိုင်၊ ဦးချစ်မြဲ၊ ပေါ်ဦးသက်စသော အကျော် အမော် ပန်းချီဆရာများ၏လက်ရာများကို ကြည့်ရှုနိုင် ကြပေသည်။ ရှေးရိုးမြန်မာပန်းချီပညာရပ်အား ခံစားနိုင် ကြစေရန်နှင့် ရိုးရာ နိပါတ်ပန်းချီကားများကို ဖော်ထုတ်၊ ထိန်းသိမ်း ပြသနိုင်ရန် ရည်ရွယ်သည့် မြန်မာ့ပန်းချီ ပြခန်းသည် ကြည့်ရှုကြသူတိုင်းကို အထူးစိတ်ဝင်စား စေသည်။
မြန်မာ့အနုသုခုမပြခန်းကို ကြွယ်ဝလှသော မြန်မာ တို့၏ ရိုးရာဖျော်ဖြေတင်ဆက်မှု အနုပညာများကို လေ့လာနိုင်စေရန်၊ မြန်မာတိုင်းရင်းသားတို့၏ တူရိယာ ပစ္စည်းများနှင့် ရိုးရာပွဲတော်များကို လေ့လာနိုင်စေရန်၊ မြန်မာ့အနုပညာကိုချစ်ခင်မြတ်နိုးတတ်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ခင်းကျင်းပြသထားသည်။
ယင်းပြခန်းတွင် မြန်မာ့ရိုးရာ မင်္ဂလာဆိုင်းဝိုင်း၊ မြန်မာ့ရိုးရာကဇာတ်စင်၊ မြန်မာ့ရုပ်သေးစင်တို့ကို မြင်တွေ့နိုင်သည်။ ပြကွက် ၃ဝ ခွဲကာ ခေတ် အဆက်ဆက် တူရိယာပုံများ၊ ကြေး၊ ကြိုး၊ သားရေ၊လေ၊ လက်ခုပ်ပစ္စည်းများ၊ တိုင်းရင်းသား များ၏ အမှတ်သင်္ကေတ၊ ရိုးရာပွဲတော်၊ မြန်မာ့ ဇာတ်သဘင် ရှင်းလင်းချက်၊ ကဗျာလွတ်အက စသည်တို့ကို ခေတ်မီရုပ်သံစနစ်များဖြင့် ပြသထား ပေသည်။ ထိုပြခန်းမှပင် နိုင်ငံကျော် ဆိုင်းဆရာများ၏ ရုပ်ပုံများနှင့် ဆိုင်းတီးလုံးများကို ကြည့်ရှုနားထောင် ခဲ့ရသဖြင့် မိမိတို့လူမျိုး၏ အနုပညာအပေါ် ပိုမို မြတ်နိုးမိခဲ့ပေသည်။ နေပြည်တော် အမျိုးသားပြ တိုက်သို့ရောက်ရှိ ကြည့်ရှုခဲ့စဉ် အန္တဂူရုပ်ကြွများကို ကျွန်တော် အထူး စိတ်ဝင်စားခဲ့မိသည်။
အန္တဂူရုပ်ကြွများသည် သေးငယ်သော အန္တဂူ ကျောက် (Dolomite Stone) ကို ဗုဒ္ဓဝင်ရှစ်ခန်း၊ ခြောက်ခန်းစသည်ဖြင့် ဗုဒ္ဓဖြစ်စဉ်တော်များကို အနု စိတ် ထုလုပ်ထားသည့် ကျောက်ဆစ်ပန်းတမော့ လက်ရာများ ဖြစ်သည်။ ကြီးမားသော ဗုဒ္ဓဝင်ရှစ်ခန်း ဆင်းတုများကို အိန္ဒိယနိုင်ငံတွင်တွေ့ရသော်လည်း သေးငယ်သော အန္တဂူရုပ်ကြွဆင်းတုတော်များကို မြန်မာနိုင်ငံတွင်သာ တွေ့ရသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဝင်ရှစ်ခန်းပါ အန္တဂူရုပ်ကြွ များကို ခရစ်နှစ် ရှစ်ရာစုနှင့် ၁၁ ရာစုအတွင်း ထုလုပ်ခဲ့ကြသည်ဟု ပညာရှင်များကယူဆကြသည်။အန္တဂူ ရုပ်ကြွများကို ဘုရားဌာပနာများနှင့် ဆင်းတု တော် ဌာပနာများအတွင်းမှတွေ့ရှိရပြီး ယင်းတို့ကို ဗုဒ္ဓဝင် ရှစ်ခန်းအပြင် သတ္တဌာန ခုနစ်ဌာန၊ သံဝေ ဇနိယ လေးဌာနတို့ကိုလည်း ထုဆစ်လေ့ရှိသည်။ ပုဂံခေတ် အန္တဂူရုပ်ကြွများသည် အမြင့်သုံးလက်မခွဲမှ ရှစ်လက်မခန့်အထိရှိကြသည်။ သေးငယ်သော အန္တဂူများသည် အနုစိတ်ထွင်းထုထားသော ရုပ်လုံး ရုပ်ကြွများဖြင့် ပြည့်နေကာ အလွန်သေသပ် လှပသည်။ ရုပ်ကြွမျက်နှာပြင်ပေါ်တွင် ထုဆစ်ထား သော အချို့သော ရုပ်လုံးများသည် စပါးလုံးတစ် ထောက်မျှလောက်သာရှိသဖြင့် မြန်မာတို့၏ ပြောင်မြောက်သည့် အနုလက်ရာများကို အံ့မခန်း မြင်တွေ့ခဲ့ရပေသည်။
ခရစ်နှစ် ၁၂ ရာစုတွင် ပုဂံဒေသ၌ ဇေယျသူ တည်ထားကိုးကွယ်ခဲ့သော ဘုရားအမှတ် (၂၁၁၈) သည် ဥပါလိသိမ် မြောက်ဘက်တွင်ရှိသည်။
ယင်းစေတီ မှရရှိခဲ့သည့် အကျယ် သုံးလက်မ၊ အမြင့် ငါးလက်မသာရှိသည့် လက်ဖဝါးအရွယ် အန္တဂူတွင် အရုပ်ငယ်လေးပေါင်း ၇၈ ခု ကို အနုစိတ် ထွင်းထုထားသည်ကို မြင်တွေ့ကြရသည်။
ယင်း အန္တဂူရုပ်ကြွသည် အလွန်လက်ရာ မြောက်ပြီး မည်သည့်တန်ဆာပလာများဖြင့် ထုလုပ်ခဲ့သည်ကို မသိနိုင်သော်လည်း လက်ရာရှင်၏ အနုသုခုမသည်ကား အံ့ချီးမကုန်နိုင်ပါချေ။
ပြတိုက်မှ ပြန်ထွက်ခဲ့သည်အထိ ကြည့်မဝ နိုင်ခဲ့သည့် နေပြည်တော် အမျိုးသားပြတိုက်သည် ''ပြတိုက်နှင့်စာကြည့်တိုက်များအား မြန်မာ့အမျိုးသား ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနများအဖြစ် လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အသိပညာ ဗဟုသုတများ၊ အမွေအနှစ်များ၏ သတင်းအချက် အလက် ဗဟိုဌာနအဖြစ်လည်းကောင်း ဆောင်ရွက် ရန်''ဟူသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ရည်မှန်းချက်များအတိုင်း ခင်းကျင်းပြသထားမှုများအား များစွာကျေနပ်မိသည် နှင့်အညီ နောက် အခေါက်ပေါင်းများစွာ သွားရောက် ကြည့်ရှုလိုစိတ်များ ဖြစ်ပေါ်မိခဲ့ပါသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
Credit To-MOI Webportal Myanmar

Credit : The Mirror Daily

No comments:

Subscribe

လာလည်သူများ

free counters