♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 13, 2016

" မိဘများ တောထဲ ချန်ထားခဲ့သည့် ပျောက်ဆုံး ဂျပန်ကလေးငယ် ၇ ရက်အကြာတွင် ပြန်ရှာတွေ့ "


မိဘများက ဒဏ်ပေးပြီး တောထဲထားခဲ့ရာမှ ပျောက်သွားသည့် ဂျပန်ကလေးငယ်ကို ၇ ရက်အကြာတွင် ဘေးမသီ ရန်မခ ပြန်လည် ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဇွန် ၂ ရက်မှ စ၍ ၇ နှစ်သား ကလေးငယ် ယာမာတို တာနူကာကို ဂျပန်စစ်တပ်ကပါ ပူးပေါင်းရှာဖွေခဲ့ပြီး နောက်တစ်ရက်တွင် ကျန်းမာရေး ကောင်းမွန်စွာ ရှာတွေ့ခဲ့သည်။ ၎င်းသည် ဟော့ကိုင်ဒိုးကျွန်း မြောက်ပိုင်း ရှီကာဘီမြို့ အနီးရှိ စစ်တန်းလျားများထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုစစ်တန်းလျားများသည် ၎င်းပျောက်သွားသည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးသည်။

တာနူကာ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်း၏ မိဘများက အစောပိုင်းတွင် သာမန် ကလေးပျောက်မှုအဖြစ် တိုင်ကြားခဲ့ပြီး နောက်ပိုင်းတွင်မှ မိမိတို့၏ သားငယ်ကို ဆုံးမခြောက်လှန့်လိုသဖြင့် တောထဲတွင် ခေတ္တ ထားခဲ့ရာမှ
ပျောက်ဆုံးသွားခြင်းဟု ဝန်ခံခဲ့သည်။ တာနူကာသည် နေအိမ်အနီးရှိ လူများ၊ ကားများကို ခဲများဖြင့် ပစ်ပေါက်လေ့ရှိပြီး ဖခင်က စည်းကမ်းကိုင်ကာ ၎င်းကို မိနစ်အနည်းငယ်မျှ တောထဲတွင် ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဧရိယာသည် ဝက်ဝံညိုများ ကျက်စားလေ့ရှိရာ ကလေးအတွက် အထူးစိုးရိမ်စရာ ဖြစ်ခဲ့သည်။

ကလေးကို ရှာတွေ့ပြီးနောက် ဖခင်က ကယ်ဆယ်ရေး အဖွဲ့များကိုရော၊ သားဖြစ်သူကိုပါ တောင်းပန်စကား ပြောကြားခဲ့သည်။ “ကျွန်တော့်လုပ်ရပ် အရမ်းလွန်သွားပါတယ်။ ကျွန်တော့် မဆင်မခြင် ဒဏ်ပေးမှုက သားအတွက် နာကျင်စရာ ကာလတစ်ခု ဖြတ်သန်းဖို့ ဖြစ်လာစေခဲ့တယ်။ သူ့ကျောင်းက လူတွေရော၊ ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်းပါဝင် ကူညီသူတွေရော၊ ကျွန်တော့်ကြောင့် အလုပ်ရှုပ်ခဲ့သူ အားလုံးကို တောင်းပန်ပါတယ်”ဟု ဖခင်ဖြစ်သူ တကာယူကီ တာနူကာက ဆိုသည်။

၎င်းက ယခုအချိန်မှစ၍ သားဖြစ်သူကို ချစ်မေတ္တာစိတ် အပြည့်ဖြင့် စိတ်ရှည်သည်းခံစွာ ပြုစုပျိုးထောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။ အစောပိုင်းက ဂျပန်ကာကွယ်ရေး တပ်ဖွဲ့များ အပါအဝင် လူပေါင်းများစွာ ပါဝင်သည့် ရှာဖွေရေး လုပ်ငန်းစဉ်တွင် မည်သည့် သဲလွန်စမျှ ရှာမတွေ့သည့်နောက် ကလေးနှင့် ပတ်သက်၍ မျှော်လင့်ချက်များ ဝေဝါးလျော့ပါးလာခဲ့သည်။

သို့သော် ဇွန် ၃ ရက် နံနက်ပိုင်းတွင် တာနူကာ ပျောက်နေသည့် နေရာမှ ၄ ကီလိုမီတာ အကွာရှိ စစ်စခန်းမှ အဆောက်အအုံ တစ်ခုထဲတွင် ကလေးကို ရှာတွေ့ခဲ့သည်။ ဂျပန်စစ်တပ် တာဝန်ရှိသူ တစ်ယောက်က “မနက်ပိုင်းမှာ ထုံးစံအတိုင်း စစ်သားတွေ လေ့ကျင့်ဖို့ ပြင်ဆင်ရင်း အဆောက်အအုံ တံခါးကို ဖွင့်လိုက်တော့ ကလေးကို တွေ့တာပဲ။ ကလေးပျောက်တဲ့
သတင်းကို ကြားထားတော့ သူက ယာမာတို တာနူကာလားလို့ မေးတယ်။ ကလေးကလည်း ဟုတ်တယ်လို့ ဖြေတယ်။ ပြီးတော့ ကလေးက သူဗိုက်ဆာနေပြီလို့လည်း ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့ စစ်သားလည်း သောက်ရေရယ်၊ ပေါင်မုန့်ရယ်၊ ဆန်လုံးမုန့်တွေရယ် ယူလာပေးတော့ စားလိုက်တာ အရမ်းပဲလေ”ဟု ပြောကြားခဲ့သည်။

ကလေးငယ်က မိမိသည် လူနေဧရိယာ တစ်ခုကို ရှာမတွေ့မချင်း တောင်တက်လမ်းများကို ကျော်ဖြတ်ကာ တဖြည်းဖြည်း လမ်းလျှောက်ခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့များထံ ရှင်းပြသည်။ ပြင်ပတွင် ကယ်ဆယ်ရေးများ ဖြန့်ကျက် ရှာဖွေနေချိန်၌ ကလေးက ထိုအဆောက်အအုံထဲတွင် ရက်အတန်ကြာ ခိုလှုံနေခဲ့သည်ဟု ယူဆရသည်။ ထို့နောက် ကလေးငယ်ကို ဆေးရုံရဟတ်ယာဉ် တစ်စီးဖြင့် ခေါ်ဆောင်ကာ အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကလေးငယ်သည် ရေဓာတ် အတန်ငယ် လျော့ပါးကာ ခန္ဓာကိုယ်တွင် ခြစ်ရာပွန်းရာ အနည်းငယ် ရှိသည်မှအပ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

တာနူကာကို မိဘများက ခြောက်လှန့်သည့် အနေဖြင့် တောထဲတွင် ပစ်ထားချိန်က ခေတ္တမျှသာ ကြာမြင့်မည်ဟု ယူဆသောကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က ကလေး၏ မိဘများကို ပေါ့လျော့မှုဖြင့် အမှုဖွင့် စစ်ဆေးဖွယ်ရှိကြောင်း မှတ်ချက်ပေးထားသည်။

Ref: BBC

7day
Credit : http://www.lwinpyin.com/2016/06/blog-post_38.html 

No comments:

Subscribe

လာလည်သူများ

free counters