ဟိုးတုန်းက ရွာတစ်ရွာမှာပေါ့ အလွန် နားထိုင်းတဲ့ ထန်းတက်သမား တစ်ယောက်ရှိတယ်။
တစ်နေ့တော့ သူဟာ သူ့ထန်းတောထဲကိုသွားပြီး ထန်းတက်နေတုန်း အောက်က လူတစ်ယောက်က
“ ဗျို့ ထန်းတက်နေတဲ့သူ ဒီနားမှာ ကျွန်တော် ကျောင်းနေတဲ့ ဆိတ်တွေ ပျောက်သွားလို့
မတွေ့မိဘူးလားဗျာ၊ ခင်ဗျားက ထန်းပင်ပေါ်အမြင့်ကဆိုတော့ ကျနော့ကို ကူရှာပေးစမ်းပါဦးဗျ”
လို့ လှမ်းပြောလိုက်တော့ အပေါ်က ထန်းတက်သမား နားထိုင်းက
အင်း ဒီလူငါ့ကို အထင်သေးလိုက်တာ ဆိုပြီး “ဒီမယ်........ဟောဒီနားရှိသမျှ တစ်တောလုံး
ကျုပ်ထန်းချည်းဘဲဗျ” လို့ပြောပြီး သူ့ထန်းပင်တွေကို လက်ညှိုးလှည့်ထိုးပြလိုက်သတဲ့။ ဒီတော့
အောက်ကလူကလည်း နားထိုင်းပဲ သူကလည်း ခင်ဗျားဆိတ်တွေ ဟောဟိုမှာလို့ ပြောတယ်
ထင်ပြီး ထန်းသမားလက်ညှိုးညွှန်ရာဘက်ကို လိုက်ရှာတော့ ကံအားလျော်စွာ သူ့ဆိတ်အုပ်ကို
ပြန်တွေ့ခဲ့ရတော့ ကျေးဇူးတင်ပြီး
အင်း ဟန်ကျန်ပြီ သူပြလို့သာ င့ါဆိတ်တွေ ပြန်တွေ့ရတာ ကျေးဇူးဆပ်တဲ့အနေနဲ့
ဒီ ဆိတ်ကျိုးလေး တစ်ကောင်တော့ သူ့ကို လက်ဆောင်ပေးခဲ့ဦးမှပဲ ဆိုပြီး
“ဗျို့ ထန်းပင်ပေါ်ကလူ ဆင်းခဲ့စမ်းပါဦးဗျ ကျေးဇူးတင်လွန်းလို့ ခင်ဗျားကို ဟောဒီ ဆိတ်ကျိုးလေး
တစ်ကောင်တော့လက်ဆောင်ပေးခဲ့ပါရစေ” လို့ ဆိတ်ကျိုးလေးကို မြှောက်ပြပြီး အော်ပြောလိုက်တယ်။
ဒီတော့ အပေါ်ကလူကလည်း ကြားချင်ရာကြား၊ မြင်ချင်ရာမြင်တော့
“ဘာဗျ ခင်ဗျား ဆိတ်ကျိုးတာကျုပ်ခွေးနဲ့ မဆိုင်ဘူး ကျုပ်ခွေးက အဲလောက်မဆိုးဘူးဗျ” လို့
ပြန်ပြောသတဲ့။ အောက်ကလူကလည်း
“မဟုတ်သေးပါဘူးဗျာ ဆင်းခဲ့စမ်းပါ ခင်ဗျားကို ကျေးဇူးတင်လွန်းလို့ပါ လာပါဗျ ယူပါ အားမနာပါနဲ့”
ဆိုပြီး ဆိတ်ကျိုးလေးကို မြှောက်မြှောက်ပြတာပေါ့။
အပေါ်ကလူကလည်း “ခင်ဗျားဆိတ် ကျုပ်ခွေးမကိုက်ဘူး ပြောနေတယ်နော် မကြေနပ်ရင်
သူကြီးနဲ့ သွားရှင်းမယ်လာဗျာ” ဆိုပြီး ထန်းပင်ပေါ်ကဆင်း ဆိတ်ကျောင်းသမားလက်ကို အတင်းဆွဲပြီး
သူကြီးဆီ အတင်းဆွဲခေါ်သွားပါလေရော။ ဆိတ်ကျောင်းသမားက ပြောလည်းပြော၊ ကန့်လန့်ကန့်လန့်နဲ့
ပါသွားပါလေရော။
ဒါနဲ့ သူကြီးဆီရောက်တော့ အကျိုးအကြောင်း ပြောကြဆိုကြ၊ ရှင်းကြတာပေါ့ဗျာ.....။
နောက်ဆုံးတော့ သူကြီးက ဘာပြောတယ်မှတ်လည်း “ဟေ့ကောင်တွေ...... ဟေ့ကောင်တွေ
တော်တော် တော်တော် မင်းတို့ ဘယ်လောက် နားချနားချ ဒီမိန်းမကို ငါ ဒီတစ်သက် ဘယ်တော့မှ
ပြန်မပေါင်းဘူး ကွ” တဲ့။
Credit to ဥာဏ်စမ်းကမ္ဘာ
No comments:
Post a Comment