♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 7, 2015

"ဂန္ထ၀င်နဲ့ သစ္စာတရား"

ဂျိန်းအယ်ရာ ရုပ်ရှင်ဇာတ်ကား ပိုစတာ

“ကျွန်မဟာ ငှက်မဟုတ်ဘူး၊ ဒါ့ကြောင့် ဘယ်လိုပိုက်ကွန်မျိုးနဲ့မှ ကျွန်မကို ဖမ်းလို့ရနိုင်မှာ မဟုတ်ဘူး။ တကယ်တော့ ကျွန်မဟာ လွတ်လပ်တဲ့ စိတ်ဆန္ဒနဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်ထားတဲ့ အချုပ်အနှောင်မဲ့ လူသား တစ်ယောက်သာ ဖြစ်တယ်” ဆိုတဲ့စကားကို ထုတ်ဖော်ပြောဆိုခဲ့သူကတော့ “ရှားလက်တ် ဘရွန်တေး” (Charlotte Bronte) ပဲ ဖြစ်ပါတယ်။ သူဟာ ၂၁-၄-၁၈၁၆ ရက်နေ့ အင်္ဂလန်မှာ ဖွားမြင်ခဲ့ပြီး စာရေးဆရာမတွေ ဖြစ်ကြတဲ့ “ဘရွန်တေး” ညီအစ်မသုံးယောက်ထဲက အကြီးဆုံးဖြစ်ပါတယ်။ ရှားလက်တ်ဟာ စာရေးဆရာ၊ ကဗျာဆရာ၊ ကလေးထိန်း ဆရာမအဖြစ်နဲ့ ဘ၀တစ်လျှောက်လုံးအသက် မွေးဝမ်းကျောင်းခဲ့ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးပြီး သစ္စာတရားကို အသက်တမျှ တန်ဖိုးထားခဲ့သူ ဖြစ်တဲ့အလျောက် သစ္စာတရားကို အခြေခံပြီး ၁၈၄၇ ခုနှစ်မှာ ရေးဖွဲ့ခဲ့တဲ့ ရှားလက်တ်ရဲ့ “ဂျိန်းအယ်ရာ” Jane Eyre ၀တ္ထုဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ ကမ္ဘာ့အကောင်းဆုံး ၀တ္ထုစာအုပ် ၁၀၀ ထဲမှာ နံပါတ်  ၁၂  နေရာမှာ ရပ်တည်နေနိုင်တဲ့ ဂန္ထ၀င်စာပေ တစ်ရပ်လည်း ဖြစ်ပါတယ်။
၁၉၄၃ ခုနှစ်မှာ မူရင်းနာမည်နဲ့ပဲ ပေါ်ထွက်လာခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း အတော်အောင်မြင်တာကို တွေ့ကြရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား အောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲက အချက်နှစ်ချက်ကတော့ ဂျိန်းအယ်ရာအဖြစ် သရုပ်ဆောင်တဲ့ “ဂျုံးဖောင်တိန်” Joan Fontaine (၁၉၁၇-၂၀၁၃) တော်လို့ရယ်၊ သူ့ရဲ့ချစ်သူအဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး “အောဆွန်ဝဲ့လ်ဇ်” Orson Welles (၁၉၁၅-၁၉၈၅) ရဲ့ သရုပ်ဆောင်ချက်တွေ ပြောင်မြောက်လွန်းလို့ရယ်ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားအဖွင့်မှာ တွေ့ကြရတဲ့ အသက် ၁၀ နှစ် အရွယ်လောက်သာ ရှိသေးတဲ့ ဂျိန်းအယ်ရာဟာ မိဘမဲ့တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ညီအစ်ကို မောင်နှမလည်း တစ်ယောက်မှ ရှိရှာသူ မဟုတ်ပါဘူး။ သူဟာ အဖေ့ဘက်ကတော်တဲ့ “မစ္စစ်ရိဒ်” ဆိုတဲ့အဒေါ် ဖြစ်သူနဲ့ အတူနေရပါတယ်။ မုဆိုးမ မစ္စစ်ရိဒ်ဟာ တူမဖြစ်သူ ဂျိန်းကို အလွန်နှိပ်စက်ပြီး မစ္စစရိဒ်ရဲ့သား သူနဲ့ရွယ်တူ တစ်ဝမ်းကွဲအစ်ကို ဖြစ်သူကလည်း သူ့အပေါ်မှာ အလွန်ဗိုလ်ကျပါတယ်။ ဒါ့ကြောင့် ဂျိန်းကို “လောဝုဒ်” မိန်းကလေး ဘော်ဒါဆောင်ကိုပို့ဖို့ အဒေါ်ဖြစ်သူက စီစဉ်နေတယ် ဆိုတာကို သိလိုက်ရတော့ ဂျိန်းအလွန် ၀မ်းသာသွားပါတယ်။ အဲဒီဘော်ဒါဆောင်ကို ရောက်ပြီး ၁၀ နှစ်ကြာလာတဲ့အခါမှာ ဂျိန်းဟာအသက်၂၀ အရွယ်ကို ရောက်လာခဲ့ပါပြီ။ ကျောင်းအုပ်ကြီးက သူ့ကျောင်းမှာပဲ ကျောင်းဆရာ ဆက်လုပ်ဖို့ ပြောပေမယ့် ဂျိန်းက လက်မခံတော့ဘဲ “အားဒယ်လာ” ဆိုတဲ့ ကလေးမလေးကို ထိန်းရမယ့် ကလေးထိန်း ဆရာမအဖြစ် အလုပ်ရသွားလို့ “သွန်းဖီး” ဆိုတဲ့ အိမ်ကြီးဆီကို သွားရပါတယ်။ ဂျိန်းရဲ့အလုပ်ရှင် “ရောက်ဂျက်စတာ” ဆိုသူနဲ့ အဲဒီရောက်တဲ့ညမှာပဲ သွန်ဖီးအိမ်ကြီးရဲ့ စာကြည့်တိုက်ထဲမှာ တွေ့ဆုံစကား ပြောဖြစ်ကြပါတယ်။
အဲဒီညသန်းခေါင်ယံ အချိန်မှာ ဂျိန်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ စူးစူးရှရှ အော်ဟစ်ရယ်မောသံကြောင့် အိပ်ရာက လန့်နိုးသွားပါတယ်။ အခန်းအပြင်ဘက် ထွက်အကြည့်လိုက်မှာ ရောက်ဂျက်စတာရဲ့ အိပ်ခန်းက လိုက်ကာတွေ မီးစွဲလောင်နေတာကို တွေ့လိုက်ရပါတယ်။ ဂျိန်းနဲ့ ရောက်ဂျက်စတာတို့နှစ်ယောက် မီးကို ၀ိုင်းငြှိမ်းသတ်ကြတဲ့အခါမှာ ချက်ချင်းမီးငြိမ်းသွားလို့ မီးလောင်တဲ့ကိစ္စကို ကျန်တဲ့အိမ်သားတွေ တစ်ယောက်မှ မသိလိုက်ကြပါဘူး။
ရောက်ဂျက်စတာကလည်း အိမ်ရဲ့တစ်ဘက်ခြမ်းမှာနေတဲ့ အပ်ချုပ်သမကြီး “ဂရေ့စ်ပူးလ်” ကို သွားတွေ့ပါတယ်။ ရောက်ဂျက်စတာ ပြန်ရောက်လာတဲ့အခါမှာ “ဘာမှမဟုတ်တော့ဘူး အေးအေးဆေးဆေး ဖြစ်သွားပြီ၊ မင်းပြန်အိပ်တော့” လို့ ဂျိန်းကိုပြောပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ ရောက်ဂျက်စတာဟာ သွန်ဖီးအိမ်ကြီးကနေ သူ့ရဲ့မြင်းကြီးကို စီးပြီး ထွက်သွားပါတော့တယ်။
ဆောင်းကုန်ပြီး နွေလယ်ရောက်မှ ရောက်ဂျက်စတာဟာ ဧည့်သည်တွေ အများကြီးနဲ့အတူ သွန်ဖီးအိမ်ကြီးကို ပြန်လာတာပါ။ ရောက်ဂျက်စတာ လက်ထပ်ယူမယ့် “ဘလန့်ခ်ျ” ဆိုတဲ့ အမျိုးသမီး တစ်ယောက်လည်း
အဲဒီဧည့်သည်တွေထဲမှာ ပါလာတယ် ဆိုတာကို သိလိုက်ရလို့ ဂျိန်းဟာ အလွန်တရာမှ ကြေကွဲဝမ်းနည်း သွားရပါတယ်။ ဒါပေမဲ့ ဘလန့်ခ်ျဟာ သူ့ကို တကယ်မေတ္တာရှိတာ မဟုတ်ဘဲ သူ့စည်းစိမ်တွေကို အပိုင်လိုချင်လို့ သူ့ကိုလက်ထပ်ချင်နေတာ ဖြစ်တဲ့အကြောင်း ရောက်ဂျက်စတာက ဂျိန်းကိုပြောပြပါတယ်။ ဒီလိုပြောပြတဲ့ အကြောင်းကို ဘလန့်ခ်ျက သိသွားတဲ့အတွက် ဘလန့်ခ်ျနဲ့ ဧည့်သည်တွေအားလုံး စိတ်ဆိုးပြီး သွန်းဖီးအိမ်ကြီးက ပြန်ထွက်သွားကြပါတယ်။ ဒီအဖြစ်အပျက်ကို ဂျိန်းမသိလိုက်ပါဘူး။  ဒါ့ကြောင့် ဂျိန်းဟာ ရောက်ဂျက်စတာ မင်္ဂလာဆောင်ပြီးတဲ့နောက် သွန်းဖီးအိမ်ကြီးမှာ ဆက်ပြီးအလုပ် မလုပ်ချင်တော့တဲ့အတွက် တခြားကို ထွက်သွားပြီး အလုပ်ရှာတော့မယ်လို့ ရောက်ဂျက်စတာကို ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ ရောက်ဂျက်စတာက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြပြီး ဂျိန်းကိုသာ သူလက်ထပ် ချင်နေတဲ့အကြောင်း ဖွင့်ပြောလိုက်ပါတော့တယ်။
ရောက်ဂျက်စတာနဲ့ ဂျိန်းတို့ရဲ့ လက်ထပ်မင်္ဂလာပွဲမှာ သူစိမ်းရှေ့နေ တစ်ယောက် မမျှော်လင့်ဘဲ ရောက်လာပါတယ်။ ရှေ့နေက ရောက်ဂျက်စတာမှာ “ဘာသာ” ဆိုတဲ့ မယားကြီးရှိကြောင်း မယားကြီးဟာ စိတ်မနှံ့ဘဲ ရူးနေသူဖြစ်ကြောင်း ဒါ့ကြောင့် ဘာသာရဲ့အစ်ကို မစ္စတာမေဆန်က ဒီလက်ထပ်ပွဲကို ဖျက်သိမ်းခိုင်းလို့ သူလာဖျက်ရတာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒါ့ကြောင့် ရောက်ဂျက်စတာလည်း မင်္ဂလာပွဲကို ဖျက်လိုက်ရပါတယ်။ နောက်တော့ မင်္ဂလာဆောင်ကိုလာတဲ့ ဧည့်သည်တွေအားလုံးကို ရောက်ဂျက်စတာက အိမ်ကြီးရဲ့ မျှော်စင်ရှိရာ အထပ်က အခန်းထဲမှာ ရှိနေတဲ့ ဇနီးသည် ဘာသာ့ဆီကို ခေါ်သွားပြီး ပြပါတယ်။ တော်တော်ဆိုးဆိုးရွားရွား ရူးသွပ်နေတဲ့ ဘာသာ့ကို အပ်ချုပ်သမကြီး ဂရေ့စ်ပူးလ်က ထိန်းနေရတာဖြစ်ပြီး ဘာသာဟာ အားဒယ်လာကို ဖွားမြင်ပြီးတဲ့ အချိန်ကစပြီး ခုလိုဖြစ်သွားတဲ့အကြောင်း ဧည့်ပရိတ်သတ်တွေကို ရောက်ဂျက်စတာက ရှင်းပြပါတယ်။ အဲဒီနောက်မှာ အင်္ဂလန်ကနေ ထွက်သွားပြီး ကျွန်းတစ်ကျွန်းပေါ်မှာ ဂျိန်းနဲ့ နှစ်ယောက်တည်း အတူနေကြရအောင်လို့ ရောက်ဂျက်စတာက ဂျိန်းကိုပြောသေးပေမယ့်  ဂျိန်းက လက်မခံတော့ဘဲ သွန်းဖီးအိမ်ကြီးကို စွန့်ခွာပြီး တစ်ယောက်တည်း ထွက်သွားပါတော့တယ်။
ဂျိန်းဟာ ပိုက်ဆံလည်းမရှိ အလုပ်အကိုင် အသစ်လည်း မရတဲ့ အဆုံးမှာတော့ အဒေါ်ဖြစ်သူ မစ္စစ်ရိဒ်ရဲ့ အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်။ အဲဒီအခါမှာ အဒေါ်ဟာ လေဖြတ်ပြီး အောက်ပိုင်းသေနေတာကို တွေ့ရပါတယ်။ ဂျိန်းကို ငယ်စဉ်တုန်းက ဗိုလ်ကျပြီး အနိုင်ကျင့်ခဲ့တဲ့ မစ္စစ်ရိဒ်ရဲ့သား ဂျိန်းရဲ့အစ်ကိုဝမ်းကွဲ ဖြစ်သူဟာလည်း လောင်းကစားသမားကြီး ဖြစ်သွားပြီး နောက်ဆုံးသူ့ကိုယ်သူ သတ်သေသွားတဲ့အကြောင်း ဂျိန်း သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အဒေါ်ဖြစ်သူဟာ သူနည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တဲ့ တူမဖြစ်သူ ဂျိန်းကို သူ့အပေါ် ခွင့်လွှတ်ပေးဖို့ အသက်ထွက်ခါနီးမှာ အတန်တန် တောင်းပန်ရှာပါတယ်။ ဂျိန်းက ခွင့်လွှတ်ကြောင်း  ပြန်ပြောပြတော့မှ အဒေါ်ဖြစ်သူဟာ စိတ်ချလက်ချနဲ့ အသက်ထွက်သွားပါတယ်။ အဒေါ်ဖြစ်သူကို သဂြုင်္ိဟ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ဟိုအဝေး လေထဲကနေ ယောက်ျားတစ်ယောက်ရဲ့ တတွင်တွင် ခေါ်နေတဲ့ ကြေကွဲဖွယ် အသံတစ်ခုကို ဂျိန်းကြားယောင် လိုက်မိပါတယ်။
ဒါကြောင့် ချစ်သူရောက်ဂျက်စတာဟာ သူရဲ့အကူအညီ လိုနေပြီဆိုတာကို စိတ်မှန်းနဲ့ အလိုလို သိလိုက်တဲ့အတွက် ဂျိန်းဟာ သွန်းဖီးအိမ်ကြီးကို ပြန်သွားပါတယ်။ ဒါပေမဲ့ ဂျိန်းရောက်သွားတဲ့ အချိန်မှာ သွန်ဖီးဟာ ပြာပုံဖြစ်နေပါပြီ။ အိမ်ကလူတွေ ပြောပြလို့ အကြောင်းစုံကို ဂျိန်းအခုလို သိလိုက်ရပါတယ်။ တစ်ရက်မှာ ရောက်ဂျက်စတာရဲ့ ဇနီးသည် ဘာသာဟာ အခန်းထဲက လွတ်ထွက်လာပြီး အိမ်ကြီးကို မီးတင်ရှို့ပါတယ်။ ပြီးတော့ ခေါင်မိုးပေါ်ထိ တက်သွားလို့ ရောက်ဂျက်စတာဟာ ဇနီးသည်ကို ကယ်တင်ဖို့ မီးတောက်တွေ အကြားက လိုက်တက်သွားပါတယ်။ ဒါပေမဲ့ ဘာသာဟာ အကယ်မခံဘဲ အိမ်ခေါင်မိုးပေါ်က ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင် သွားပါတယ်။ ရောက်ဂျက်စတာ ပြေးဆင်းလာပြီး အောက်ထပ်ကို အရောက်မှာ မီးလောင်နေတဲ့ လှေကားဟာ သူ့အပေါ် ကျိုးကျလာပါတယ်။ အဲဒီအချိန်မှာ မျက်နှာကို မီးဟပ်သွားတဲ့အတွက် ရောက်ဂျက်စတာ မျက်စိကွယ်သွားပါတယ်။
ဂျိန်းဟာဘာကိုမှ စဉ်းစားမနေတော့ဘဲ ရောက်ဂျက်စတာကို လက်ထပ်လိုက်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ နောက်မှာ ရောက်ဂျက်စတာဟာ မျက်စိတဖြည်းဖြည်း ပြန်ကောင်းလာ ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ပထမဦးဆုံး ရင်သွေးလေးကို ရောက်ဂျက်စတာရဲ့ ရင်ခွင်ထဲ ဂျိန်းကထည့်ပေးလိုက်တဲ့ အချိန်မှာ ရောက်ဂျက်စတာရဲ့ မျက်လုံးတွေလည်း ပကတိအတိုင်း ပြန်ကောင်းသွားကြပါတယ်။
ဂျိန်းအယ်ရာဝတ္ထုနဲ့ရုပ်ရှင်ဟာ ဒီကနေ့ဒီအချိန်အထိ လူတွေရဲ့ရင်ထဲမှာ ရှိနေဆဲပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ စာရေးဆရာမ ရှားလက်တ်ဘရွန်တေးဟာ သူ့ရဲ့အတွေးစိတ်ကူးတွေကို ဘယ်သူ့ရဲ့ ထိန်းကွပ်တာကိုမှ မခံဘဲ လွတ်လပ်စွာ တွေးခေါ်လေ့ရှိတာက တစ်ကြောင်း၊ သစ္စာဆိုတဲ့ အမှန် တရားကို အခြေခံပြီး ၀တ္ထုကို ရေးဖွဲ့ခဲ့တဲ့အတွက်က တစ်ကြောင်းတို့ကြောင့် ဖြစ်တယ်လို့ သုတေသီတချို့က ပြောကြပါတယ်။
အဓိကဇာတ်ကောင် ဂျိန်းအယ်ရာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တစ်ခုကို မလုပ်သင့် မလုပ်ထိုက်မှန်း သိတာနဲ့ စိတ်ကိုနိုင်အောင် ထိန်းချုပ်ပြီး မလုပ်ဘဲ နေခဲ့တာကို တွေ့ရပါတယ်။ ဒီ့နည်းတူ အလုပ်တစ်ခုဟာ လုပ်သင့်လုပ်ထိုက်ပြီလို့ သိလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ တုံ့ဆိုင်းတွေဝေခြင်းမရှိ လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရှိရပြန်ပါတယ်။ လူ့ဘ၀ကြီးမှာ ရှောင်ရှားသင့်တဲ့လုပ်ရပ်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တို့ အကြောင်းကို အခြေခံပြီး ရိုးရိုးရှင်းရှင်းလေး ရေးဖွဲ့ထားတဲ့ဝတ္ထုမို့ ဂျိန်းအယ်ရာဟာ ဂန္ထ၀င်စာပေ ဖြစ်လာခဲ့ရတာလို့ ထင်မြင်ယူဆ မိပါတယ်။

No comments:

Subscribe

လာလည်သူများ

free counters