♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 12, 2015

" ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်မည့် ထူးခြားတဲ့ မိန်းမလျာအလှမယ် မျိုးကိုကိုစန်းရဲ့ ရင်ဖွင့်ချက် "

 
Miss International Queen Myanmar 2014 မိန်းမလျာအလှမယ် မျိုးကိုကိုစန်းကို ခေါင်းဆောင်မင်းသမီးအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ နှစ်ဆန်းပိုင်းလောက်မှာ ကန်တော့ပွဲ ပေးဖြစ်မယ်။ အခုလောလောဆယ် ဇာတ်လမ်းအတွက် ဇာတ်ညွှန်းရပြီ။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေလည်း ရွေးပြီးပြီ။ မတ်လထဲမှာ စရိုက် ဖြစ်ပါ မယ်။ ဒါရိုက်တာနာမည်နဲ့ ဇာတ်ညွှန်းဆရာနာမည်တွေ အသေးစိတ်က အခု ထုတ်ပြောလို့ မရသေးလို့ပါ” လို့ မျိုးကိုကိုစန်းကို စင်တင်မွေးထုတ်ပေးခဲ့သူ Miss International Queen Myanmar ပွဲ စီစဉ်တဲ့ မိတ်ကပ် ဘိုနီက ဧရာဝတီကိုပြောပါတယ်။

သူကဆက်ပြီး “ဒီဇာတ်ကားကို ဘာကြောင့် စဖြစ်တာလဲဆိုတော့ ဘိုနီလုပ်တဲ့ Miss International ပွဲ နှစ်တိုင်း ဘိုနီ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ခဲ့တယ်။ အခု ဇာတ်ကားထုတ်ပေးမယ့် ပရိုဂျူဆာက ဒီ ဇာတ်ကားကို Miss ရထားတဲ့ မျိုးကိုကိုစန်းနဲ့ ရိုက်မယ်။ ရလာတဲ့ အကျိုးအမြတ်ကို Miss International Queen Myanmar ပွဲရဲ့ ရန်ပုံငွေအဖြစ်လုပ်ပေးမယ်။ ပြီးတော့ ဘိုနီ စိတ်ကြိုက် စီစဉ်ပေးတယ်” လို့ဆိုပါတယ်။
ဒီဇာတ်ကားမှာ မျိုးကိုကိုစန်းက သူ့အပြင် လက်ရှိဘ၀မှာလိုပဲ မိန်းမလျာတယောက်အနေနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မိန်းမလျာအလှမယ် Miss International Queen အနေနဲ့ မဟုတ်ဘဲ မိန်းမနဲ့တူတဲ့ မိန်းမလျာတယောက်ပုံစံမျိုး
သရုပ်ဆောင်သွားမှာလို့ သိရပါတယ်။

 
 
အလှမယ် မျိုးကိုကိုစန်းက ဇာတ်ကားနဲ့ပတ်သက်ပြီး “ ညီမ နည်းနည်းတော့ ရင်ခုန်မိတယ်၊ ပျော်လည်း ပျော်တယ်။ ဒါ ကိုယ့်ဘ၀ရဲ့ ပထမဆုံးပေါ့။ ဒီလိုမျိုးထဲမှာ ညီမက ခေါင်းဆောင် မင်းသမီး နေရာ၊ ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ တာဝန်လည်းကြီးတယ်။ ပရိသတ်တွေအမြင်စောင်း မှာလည်း ကြောက်တယ်။ ကိုယ်က ဒီလိုမျိုးဖြစ်နေတဲ့အတွက်လည်း အားပေးပါ့မလား စိုးရိမ်မိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားလဲ ဆိုတာကိုတော့ “အဓိကကတော့ ညီမ အခုလောလောဆယ် Gym ကစားနေတယ်။ ပြီးတော့ မန္တလေးမှာ သူတို့ဘက်ကနေ ကင်မရာအယူအဆနဲ့ ပတ်သက်တာတွေ လာပြပေးမယ်လို့ သိရတယ်။ အလှအပနဲ့ ပတ်သက်ပြီးတော့လည်း ညီမဘက်က ထိန်းသိမ်းသင့်တာတွေ ထိန်းသိမ်းနေပါတယ်” လို့ မျိုးကိုကိုစန်းက ဆိုပါတယ်။

လက်ရှိ လူမှုပတ်ဝန်းကျင်မှာ အချို့က Gay ကို လက်မခံနိုင်ကြသေးတဲ့အပေါ် ဘိုနီက “များသောအားဖြင့် အခု မြန်မာ့ရုပ်ရှင်တွေထဲမှာ ရိုက်ပြနေတာ မိန်းမလျာဆိုရင် ဟာသအနေနဲ့ပဲ လူရယ်စရာ အခန်းကဏ္ဍကနေ သူတို့ရိုက်ပြကြတယ်။ ပြီးတော့ မြန်မာဇာတ်ကားတွေထဲမှာ ကြည့်လိုက်ရင် မိန်းမလျာဖြစ်ရင် နောက်ဆုံးပိုင်း ဇာတ်သိမ်းမှာကျ ယောကျာ်းပြန်ဖြစ်သွားတယ်။ အပြင်မှာဆိုရင် ရှားတယ်၊ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ Gene (ဗီဇ) မှာကတည်းက ပါလာပြီးသား ကိစ္စကြီးက ပြောင်းလဲသွားတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ပရိသတ်တွေလည်း ဒီရုပ်ရှင်တွေကို ကြည့်ပါများတော့ မိန်းမလျာတွေ အပေါ်ကို ပိုပြီးတော့ အထင်မြင်လွဲတယ်”

“အဲဒါကို ပြန်ပြီးတော့မှ ဖြည်ပေးတဲ့အနေနဲ့ သူတို့မှားနေတဲ့ အတွေးအမှားတွေကို ဒီဇာတ်ကားက ပြန် ပြီးတော့ နှုတ်ပေးတာပါ။ အပြင်မှာ တကယ်ကို လူ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် မိန်းကလေး လို့ ခံယူ ပြီးတော့ ရိုးရိုးသားသား၊ သိမ်သိမ်မွေ့မွေ့နဲ့ လူလေးစားအောင်နေတဲ့ မိန်းမလျာတွေလည်း ရှိတယ်ဆိုတာကို ပြချင်တာပါ” လို့ ပြောပါတယ်။

မျိုးကိုကိုစန်းအနေနဲ့ အခုလို ရုပ်ရှင်ဇာတ်ကားကြီးရိုက်မယ့်အပေါ် ပရိသတ်က လက်ခံပါ့မလား ဆိုတာကို အကောင်းဆုံး လုပ်နိုင်ပါ့မလားဆိုတာကို စိုးရိမ်နေမိတယ်လို့လည်း ဆိုပါတယ်။

“ညီမက အခု ရုပ်ရှင်ကားကြီးမှာ Transgender အနေနဲ့ ပထမဆုံး မင်းသမီးလုပ်ရမှာဆိုတော့ တာဝန်ကြီးတယ်။ ညီမရဲ့ ကာရိုက်တာက LGBT (Lesbian, Gay, Bisexual, Transgender) အကုန်လုံးကို သက်ရောက်နေမှာဖြစ်တဲ့အတွက် တခုခု အမှားအယွင်း ဖြစ်သွားမလား ကြောက်နေ မိတယ်။ အဲဒါကြောင့် အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ။ ညီမကို အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ မျိုးကိုကိုစန်းက ပြောပါတယ်။

Credit : http://blog.irrawaddy.com/2014/09/blog-post_50.html

No comments:

Subscribe

လာလည်သူများ

free counters