သိပ္ပံပညာ ထွန်းကားလာပြီး လပေါ်လူရောက်တာ စကြာဝဠာ ထဲက တခြားဂြိုလ်တွေပေါ် လူရောက်အောင် ကြိုးစားနေကြ
တာကို သတင်းကြားတာမို့ ထားပါတော့။ သိပ္ပံပညာ အစွမ်းကြောင့် အဝေးကြီးက လူရဲ့ အသံကြားရတဲ့ ရေဒီယိုအသံသာ
မက အရုပ်ကိုမြင်ရတဲ့ တီဗွီ နှင့် ဗွီဒီယိုတွေဟာ မျက်မြင်တွေဘဲ။
ဒါပေမဲ့ အဲဒါတွေကို လျစ်လျူရှုပြီး အင်းအိုင် ခါးလှည့် လက်ဖွဲ့ မန္တရား နောက်ကို လိုက်မြဲ လိုက်နေသူတွေက
ရှိနေတုန်းပါ။ တခြားဝေးဝေးမှာ မဟုတ်ပါ။ ဦးသာအေးရဲ့ တူတစ်ယောက် အနေနှင့် ပွဲရုံမှာ ရိုးရိုးကုပ်ကုပ် လုပ်နေရာကအခု
အလုပ် မမှန်တော့ဘူး။ အဂ္ဂိရတ်သမား တစ်ယောက်ဆီမှာ ဖိုဆွဲနေတယ်။
တခါတခါတော့ စုတ်စုတ်ပြတ်ပြတ် ပိုသီပတ်သီနှင့် ရောက်လား ရောက်လေရဲ့။ ကနေ့လည်း ဦးလေး ဆေး
လိပ်ဖိုးလေး လက်ဖက်ရည်ဖိုးလေး ပေးစမ်းပါ ဆိုလေတယ်၊ တပတ်နေမှ တစ်ခါလောက်ပဲ ရောက်တာမို့ ငွေတစ်ဆယ်
ထုတ်ပေးရင်း ဖိုဆွဲတာ ပင်ပန်းပါတယ်ကွယ်၊ ကြာရင် မျက်စိတောင် ကန်းနိုင်ပါတယ်။ ဖြတ်လမ်းကသာ သပွတ်ခါးသီး ဝိဇ္ဇာ
လုပ်လိုက်ပါတော့လို့ ပြောပြီး သရော်နေတယ်။
" သပွတ်ခါးသီး ဝိဇ္ဇာ ဟုတ်လား........ ဦးလေး"
သူ့တူက စိတ်ဝင်စားဟန် ပြနေသေးတဲ့ အတွက် နှင်လွတ်ပြီးမှ ဘေးကလူတွေကို ပြောပြပုံက.....
ရွာတစ်ရွာမှာ အဂ္ဂိရတ် သမားတစ်ယောက်ရှိခဲ့ ဘူးသတဲ့။ ရွှေဖြစ်မယ် ဝိဇ္ဇာ ဖြစ်မယ်ဆိုတဲ့ အတွေးနှင့် စိတ်ကူးယဉ်လို့
ကောင်းသလောက် လက်တွေ့မှာတော့ မွှဲနေပြီ။ ဓါတ်လုံးကို ကျွေးတဲ့အတွက် ငွေတိုငွေစ၊ ရွှေတိုရွှေစရှိသမျှ ကုန်တဲ့အပြင်
လုံဖိုးနှင့် မီးသွေးဖိုးက အလွန်နှိပ်စက်တာကလား။
ဘာအလုပ်မှ မလုပ်ဘဲ ဓာတ်လုံးကို တသသနှင့် ဖိုထိုးတယ်။ ဝိဇ္ဖာဖြစ်ရင် ဘယ်လိုဆိုတာတွေ ပြောတတ်
တဲ့ အတွက် တစ်ရွာလုံးကလဲ သူ့ကို အဂ္ဂိရတ် အရူးအဖြစ် သိထားကြတယ်။ အဲဒီလိုနှင့် ကြာလာတဲ့အခါ ဇနီးသည်က မခံနိုင်
ဘူး။ ဆဲတယ် ဆိုတယ်။ နောက် ရိုက်ကြ ပုတ်ကြဖြစ်ပြီး အဂ္ဂိရတ် အရူးက ရွာပြင်ထွက်လာတယ်။ ညောင်ပင်ရိပ် ကောင်း
ကောင်း အောက်မှာ စိတ်ညစ်ညစ်နှင့် ညောင်မြစ်ကို ခေါင်းအုံးအိပ်လေရဲ့။
အဂ္ဂိရတ်ရူးနဲ့ မနီးမဝေးမှာ နွားကျောင်းသားတွေရှိတယ်။ နွားကျောင်းသားတွေထဲက တော်တော်ရေရေ
လည်လည်ရှိတဲ့ နွားကျောင်းသားဆစ်ောက်က အဂ္ဂိရတ်ရူးရဲ့ ခေါင်းရင်မှာ ရပ်ပြီး အိပ်မက်ပေးသတဲ့။
"အသင်ဘာမှ အားမငယ်နဲ့၊ သပွတ်ခါးသီး တစ်ကျပ်သား၊ ထန်းလျက် တစ်ကျပ်သား၊ ဆားတမတ်သားကို
ရောနယ်ပြီး မကြီးမသေးလုံးထား နေဝင်မှာ တစ်လုံးမျို၊ သန်းခေါင်ကို တစ်လုံးစား၊ လင်းအားကြီး တစ်လုံးခွံ့၊ မကြောက်မ
ရွံ့ ဝိဇ္ဇာ ဖြစ်လတ္တံ့ " နားနား ကပ်ပြောပြီး ချက်ချင်း ထွက်ပြေးသွားတယ်။
အဂ္ဂိရတ်ရူးက ထထိုင်တယ်။ အနီးမှာ ဘယ်သူမှ မရှိဘူး။ ဒီလိုဆိုရင် ညောင်ပင်စောင့် ရုက္ခစိုးက စောင်မ
တာဘဲလို့ တွေးပြီး ဝမ်းသာအားရနှင့် အိမ်ပြန်လာတယ်။ အိပ်မက်ထဲမှာ သူကြားခဲ့ရတဲ့ ဆေးနည်းကလဲ ခက်ခဲရှားပါးတာမ
ဟုတ်တဲ့အတွက် ဖော်စပ်လို့လွယ်တယ်။ အိပ်မက်ထဲကအတိုင်း သုံးလုံးလဲ စားပြီးရော သူ့ကိုယ်သူ ဝိဇ္ဇာဖြစ်ပြီအထင်နှင့်
တောထဲကို ထွက်လာပါလေရော။
တောနက်ကြီးထဲ ရောက်လာတဲ့အခါ သစ်ပင်တစ်ပင်မှာ လှပတဲ့ မိန်းမပျိုတစ်ဦးကို ကြိုးတန်းလန်းနှင့်မြင်
ရတာ အဂ္ဂိရတ်ရူးကတော့ ဒါဟာ ဇော်ဂျီတို့နှင့် သက်ဆိုင်တဲ့ သူယောင်မယ်လို့ ထင်တဲ့ အတွက် အနားကပ်သွားတယ်။
အမှန်က သူယောင်မယ် မဟုတ်ဘူး။ လူအစစ်၊ ခပ်လှမ်းလှမ်းရွာ တစ်ရွာက အဆင်မပြေ စိတ်ညစ်ပြီး အိမ်ကထွက်ပြေးလာ
တဲ့ မိန်းမပျိုလေးပါ။
မိန်းမပျိုလေး ပျောက်ဆုံးသွားတဲ့ အတွက် ဆွေမျိုးသားချင်းတွေနှင့် တစ်ရွာလုံးပါ အရပ်လေးမျက်နှာကို
လူဖြန့်ပြီးရှာကြတယ်။ အဂ္ဂိရတ်ရူးရှိနေတဲ့ နေရာကို ရောက်လာကြတော့ မိန်းကလေးနှင့် အဂ္ဂိရတ်ရူးကို ပူးတွဲမြင်ကြတယ်။
သို့ပေမဲ့ မိန်းကလေး အသက်မရှိတော့ဘူး။
ဒါကြောင့် ဒီမိန်းကလေးကို ဒီကောင်သတ်တာပဲဆိုပြီး ဝိုင်းရိုက်ကြတော့ ...........
" အိုး ပြဒါး ဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ နှင့် အင်းဝိဇ္ဇာတို့ ကျွန်ုပ်အား ရန်မပြုကြပါလင့်။ ကျွန်ုပ်မှာ သပွတ်ခါးသီး
တစ်လုံးနှင့် ဝိဇ္ဇာ ဖြစ်လာရတာသောကြောင့် တန်ခိုးအရာတွင် သင်တို့မှာ မယှဉ်သာပါ။ ဤသူယောင်မယ်ကို အလိုရှိပါက
ဂူချောင်သို့ သင်တို့အလိုကျ ယူဆောင်သွားပါလော့........"
အဂ္ဂိရတ်ရူးကို ရိုက်နှက်တဲ့လူစုထဲမှာ ဗဟုသုတရှိတဲ့ လူပါတဲ့အတွက် ဒီစကားတွေအပေါ်မှာ စဉ်းစားဆင်
ခြင်တဲ့အခါ ဝိဇ္ဇာဖြစ်ပြီလို့ ထင်နေတဲ့ အဂ္ဂိရတ်ရူးပါကလားလို့ သဘောပေါက်သွားပြီး သူ့လူတွေကို ဆက်မရိုက်နှက်အောင်
တားဆီးပြီး အလောင်းကို ထမ်းလို့ပြန်သွားကြသတဲ့။
" ဒါဖြင့် ရှင်က ရှင့်တူကို အရူးလို့ ဆိုလိုချင်တာပေါ့ "
အပျိုကြီးက မေးလိုက်တဲ့အခါ ဦးသာအေးက ဘာမှ မပြောဘဲ ရယ်မောနေတဲ့ အတွက် ဘေးကလူတွေက
တဟားဟား ဖြစ်သွားကြတော့တာပေါ့။
********
(ဦးလှအောင်၏ ဦးပေါ်ဦးနှင့် ရွှေမန်းသား စာအုပ်မှ ကောက်နှုတ်တင်ပြထားတာပါ)
အားလုံးသော ချစ်မိတ်ဆွေများကို လေးစားလျက် ရောရောသမမွှေ
No comments:
Post a Comment